ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တွင် အဓိကအမာခံဖြစ်သည့်
ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ နှုတ်ထွက်ကြောင်း သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ရာ
အဆိုပါသတင်း အတည်ပြုရန် တာဝန်ရှိသူများထံ မြန်မာတိုင်း(မ်)က ဆက်သွယ်မေးမြန်းခဲ့သော်လည်း
အတည်ပြုနိုင်ခြင်း မရှိပေ။
ကေအိုင်အိုအဖွဲ့နှုတ်ထွက်သည့် သတင်းကို မှန်၊ မမှန် လက်ရှိအချိန်တွင် မပြောနိုင်ကြောင်း UNFC
အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးက ဆိုသည်။
"ဒီကိစ္စမှန်၊ မမှန်က UNFC က ဆုံးဖြတ်ချက်ကျပြီးမှ ပြောလို့ရမယ်။ ကျွန်တော် အဲဒီကိစ္စ အတိအကျ
ပြောဖို့ခက်တယ်" ဟု ၎င်းက ဆိုသည်။
ဖေဖော်ဝါရီလကုန်က '၀'ပြည်သွေးစည်းညီညွှတ်ရေးပါတီဌာနချုပ် ပန်ခမ်း၌ ကျင်းပခဲ့သည့်
တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီးအစည်းအဝေး အပြီးတွင် အစိုးရနှင့် ငြိမ်းချမ်း ရေးဆွေးနွေးရန်
ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှုကော်မတီကို ဖွဲ့စည်းခဲ့ရာ အဆိုပါကော်မတီတွင် UNFC
အဖွဲ့ဝင်များ ဖြစ်သည့် ကေအိုင်အိုနှင့် ရှမ်းပြည်တိုးတက်ရေးပါတီ နှစ်ဖွဲ့စလုံး ပါ၀င်ခဲ့သည်။
တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်သည် ကချင်နှင့် ရှမ်းပြည်နယ်များတွင် ဖြစ်ပွားနေသည့်
စစ်ရေးပဋိပက္ခများကို ဖြေရှင်းနိုင်စွမ်း မရှိသည့်အတွက် အစိုးရနှင့် လမ်းကြောင်းသစ်ရှာမည်ဟု
ယင်းကော်မတီသစ်က ကြေညာခဲ့သည်။
အဆိုပါ ကော်မတီက အပစ်အခတ် တိုက်ခိုက်မှု ရပ်စဲရေးနှင့် နိုင်ငံရေးဆွေးနွေးရေးအတွက်
စာမျက်နှာ ၁၆ မျက်နှာခန့်ရှိသည့် "နိုင်ငံရေးစာတမ်း" ကို အစိုးရနှင့် တပ်မတော်ထံ ပေးပို့ထားကြောင်း၊
မကြာမီ တွေ့ဆုံနိုင်ရန် အစိုးရနှင့် ညှိနှိုင်းနေသည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်၏
အထွေထွေအတွင်းရေးမှူး တာဖုန်းကျော်က ပြောသည်။
UNFC အဖွဲ့ဝင်အဖြစ် ဆက်လက်ကျန်ရှိနေသည့် မွန်ပြည်သစ်ပါတီ၊ ကရင်နီ အမျိုးသားတိုးတက်ရေး
ပါတီတို့ ဦးဆောင်သည့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးအဖွဲ့ကမူ တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်ကို
အခြေပြုသည့် ဆွေးနွေးမှုလမ်းကြောင်းအတိုင်း သွားမည်ဟု ဆိုသည်။
UNFC အဖွဲ့ဝင်များအနက် မြန်မာနိုင်ငံ တောင်ပိုင်းတွင် မွန်ပြည်သစ်ပါတီနှင့် ကရင်နီတိုးတက်ရေးပါတီ
ရှိပြီး ကေအိုင်အိုနှင့် ရှမ်းပြည်တိုးတက်ရေးပါတီမှာ မြန်မာပြည် မြောက်ပိုင်းဖြစ်သည့် ကချင်နှင့်
ရှမ်းပြည်နယ်တွင် လှုပ်ရှားသည့် အဖွဲ့အစည်းများ ဖြစ်သည်။
ရှမ်းပြည်တိုးတက်ရေးပါတီကမူ UNFC မှ နှုတ်ထွက်ခြင်း မရှိပေ။
မြန်မာပြည်တောင်ပိုင်းဒေသတွင် အခြေစိုက်သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့်
တပ်မတော်တို့အကြား တိုက်ပွဲ ဖြစ်ပွားမှု နည်းပါးသော်လည်း မြောက်ပိုင်းတွင် အခြေစိုက်သည့်
အဖွဲ့အစည်းများ ပါ၀င်သည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် တပ်မတော်အကြား ပစ်ခတ်
တိုက်ခိုက်မှုများ ဖြစ်ပွားနေဆဲဖြစ်သည်။
လက်ရှိစစ်ရေး အခြေအနေများအရ ကေအိုင်အိုအဖွဲ့နှုတ်ထွက်ခြင်း ဖြစ်နိုင်ကြောင်း နိုင်ငံရေး
လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ပြောသည်။
နိုင်ငံရေး ရည်မှန်းချက်အတွက် တပ်ပေါင်းစုအသွင် ဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သော်လည်း
စစ်ရေး တင်းမာလာသည့် အခြေအနေ ဖြစ်ပေါ်လာပါက ပူးပေါင်းဆောင်ရွက်မှုပုံစံ
ပြောင်းလဲနိုင်ကြောင်း ၎င်းက ဆိုသည်။
ကေအိုင်အိုအဖွဲ့ မရှိတော့သည့်အတွက် အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးရာတွင် UNFC အဖွဲ့ဝင်များ
ဘက်က အားနည်းသွားနိုင် ကြောင်း အစိုးရနှင့် တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုး
ထားသည့် ပအိုးဝ် အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက
ပြောသည်။
အစိုးရနှင့် တစ်ဖွဲ့ချင်းသာ တွေ့ဆုံလိုသည့်အတွက် UNFC အဖွဲ့ဝင်အဖြစ်သာမက '၀'ခေါင်းဆောင်သည့် ကော်မတီကပါ ကေအိုင်အိုအဖွဲ့ နှုတ်ထွက်ထားကြောင်း
သတင်းရင်းမြစ်တစ်ခုက မြန်မာတိုင်း(မ်)ကို ပြောဆိုသော်လည်း အတည်ပြုနိုင်ခြင်း မရှိပေ။
'၀'အမျိုးသားအဖွဲ့ချုပ် (WNO) အဖွဲ့ကလည်း UNFC မှ နှုတ်ထွက်ခွင့်ပြုရန် တောင်းဆိုသည့်
စာတစ်စောင်ကို လွန်ခဲ့သည့် ရက်သတ္တပတ်က ပေးပို့ခဲ့သည်။
'၀'အဖွဲ့အစည်းများ ကွဲပြားနေသည်ထက် အဖွဲ့အစည်းတစ်ခုတည်းအဖြစ်စုစည်းကြရန်
"၀ပြည်သူလူထု"နှင့် "၀အဖွဲ့အစည်း" တို့က တင်ပြတောင်းဆိုလာမှုကြောင့် UNFC ဆက်လက်
ပူးပေါင်းဆောင်ရွက်တော့မည် မဟုတ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။















