ဒေါ်အောင်ဆန်းစုကြည်ကို အရေးယူရန် တိုင်ကြားမှု စွပ်စွဲချက်သာဖြစ်ဟု အင်န်အယ်လ်ဒီ တုံ့ပြန်

ဒေါ်အောင်ဆန်းစုကြည်ကို အရေးယူရန် တိုင်ကြားမှု စွပ်စွဲချက်သာဖြစ်ဟု အင်န်အယ်လ်ဒီ တုံ့ပြန်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ
ဥပဒေနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဖောက်ဖျက်မှုဖြင့် အရေးယူပေးရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီ အပါအဝင် နိုင်ငံရေးပါတီ ၁၃ ပါတီက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ
တိုင်ကြားမှုသည် သက်သေတိကျမှု မရှိသည့် စွပ်စွဲချက် သက်သက်သာဖြစ်ကြောင်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက မြန်မာတိုင်း(မ်)ကို ပြောသည်။

မတ် ၉ ရက်က ပြည်ခိုင်ဖြိုးပါတီ တာဝန်ရှိသူများ ကိုယ်တိုင်သွားရောက်ပေးပို့ခဲ့သည့်
ထိုတိုင်ကြားစာတွင် နိုင်ငံပိုင်ရုပ်သံနှင့် ရေဒီယိုမှတစ်ဆင့် မတ် ၃၀ ရက်က ထုတ်လွှင့်ခဲ့သော
အတိုင်ပင်ခံပုဂ္ဂိုလ်၏ အစိုးရအဖွဲ့ တစ်နှစ်ပြည့် မိန့်ခွန်းသည် အင်န်အယ်လ်ဒီ၏ နိုင်ငံရေး
ရည်မှန်းချက်များပါ၀င်သော စည်းရုံးလှုံ့ဆော် ဟောပြောချက် မိန့်ခွန်းဖြစ်ကြောင်း ဖော်ပြသည်။

"သူတို့တိုင်ကြားစာအပေါ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဘက်က ဘာမှအကြောင်း
မပြန်ကြားသေးပါဘူး။ ဘယ်လိုဆုံးဖြတ်မယ်ဆိုတာ မသိသေးဘူးပေါ့နော်။ ဒါပေမဲ့ ကျွန်တော်
ပြောနိုင်တာကတော့ ဒီတိုင်ကြားစာက စွပ်စွဲတာမျိုးဖြစ်တဲ့အတွက် ဘာမှ မခိုင်လုံပါဘူး" ဟု
ဦးဉာဏ်ဝင်းက ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ပေးပို့ခဲ့သည့် တိုင်ကြားစာတွင် နိုင်ငံရေး ရည်မှန်းချက်များ
ပါ၀င်သည်ဟု ယူဆထားကြသည့် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သည့် တစ်နှစ်ပြည့်မိန့်ခွန်းပါ
အချက်အလက် အချို့ကို ကောက်နုတ်ဖော်ပြခဲ့ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၃၂ (ဋ)ကိုလည်း
ဖောက်ဖျက် ကျူးလွန်ရာရောက်ကြောင်း နိုင်ငံရေးပါတီ ၁၃ ပါတီက ဆိုသည်။

တိုင်ကြားစာ၌ 'ကျွန်မတို့ အရင်နှစ်တုန်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ နိုင်ငံရဲ့ တာဝန်ကို
စပြီးတော့ယူစဉ် အခါတုန်းကဆိုလို့ရှိရင် ကျွန်မတို့ ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ဆောင်ပုဒ်နဲ့
ယူခဲ့ပါတယ်။ အခုတစ်နှစ်ကြာပြီဆိုတော့ ဆောင်ပုဒ်ကိုလည်း ကျွန်မတို့ နည်းနည်းပြောင်းပြီးတော့
သွားရရင် ကောင်းမလဲဆိုတော့ တိုတိုတုတ်တုတ်နဲ့ အဓိပ္ပာယ်ပေါ်လွင်အောင် ပြည်သူနဲ့အတူလို့
ကျွန်မတို့ ဆက်ပြီးတော့ ဒီခရီးလမ်းကို ပြည်သူနဲ့အတူ လျှောက်သွားချင်ပါတယ်' ဟု
ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်ကို ကောက်နုတ်ဖော်ပြထားပြီး ထိုပြောကြားချက်သည်
ပြည်ထောင်စု ၀န်ကြီးဖြစ်သူက ပါတီလုပ်ငန်းများတွင် ပါ၀င်ဆောင်ရွက်ခြင်းဖြစ်သည်ဟု ဆိုသည်။

နိုင်ငံရေးပါတီ ၁၃ ပါတီ၏ တိုင်ကြားစာနှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က
ကိုင်တွယ်စိစစ်ရာတွင် ဘက်လိုက်မှုမရှိဘဲ မှန်ကန်တိကျသည့် ဆုံးဖြတ်ချက်မျိုး ချမှတ်ပေးရန်
မျှော်လင့်ထားကြောင်း ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောသည်။

"ဒါက ရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်ပါ။ မှန်မှန်ကန်ကန် မျှမျှတတ ဆောင်ရွက်ပေးဖို့
မျှော်လင့်ပါတယ်။ မဟုတ်ရင်လည်း ဘာမှမတတ်နိုင်ပါဘူး" ၎င်းက ဆိုသည်။

ပြည်ခိုင်ဖြိုးပါတီနှင့် မိတ်ဖက်ပါတီ ၁၂ ပါတီသည် ဒေါ်အောင်ဆန်းစုကြည်ကို တိုင်ကြားရုံသာမက
အင်န်အယ်လ်ဒီ၏ နာယကဖြစ်သူ ဦးတင်ဦးနှင့် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တစ်ဦးဖြစ်သူ
ဦးဝင်းထိန်ကိုလည်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေနှင့် ပြည်ထောင်စုရွေးကောက်ပွဲ
ကော်မရှင်က ကန့်သတ်ထားသည့် တားမြစ်ချက်များကို ဖောက်ဖျက်ကျူးလွန်သည်ဟုဆိုကာ
ထည့်သွင်းတိုင်ကြားခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး