ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးဥပဒေကို ဒေသခံများလက်ခံနိုင်သည့်
ဥပဒေကြမ်းအဖြစ် ပြန်လည်ရေးဆွဲမည်ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ယခုလ ရ ရက်က ပုဂံတွင် ကျင်းပသည့်
အစည်းအဝေးတွင် ပြောသည်။
ရှေးဟောင်းသုတေသနဌာနက ငါးကြိမ်မြောက် ပြင်ဆင်ရေးဆွဲထားသည့် ၁၉၉၈
ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးဥပဒေကို အဆိုပါအစည်းအဝေးတွင်
ချပြခဲ့ရာ ပုဂံဒေသများက မူကြမ်းပါ တားမြစ်ချက်များနှင့် ပြစ်ဒဏ်များကို လက်ခံနိုင်ခြင်း
မရှိသောကြောင့် ကော်မတီအသစ်ဖွဲ့စည်းပြီး ပြန်လည်ပြင်ဆင်ဆောင်ရွက်ရန်
သူရဦးအောင်ကိုက ပြောကြားခဲ့သည်ဟု အစည်းအဝေးတက်ရောက်ခဲ့သည့် ပုဂံဒေသခံ
ဒေါ်ခင်မို့မို့အောင်က မြန်မာတိုင်း(မ်)ကို ပြောသည်။
''သူတို့တင်ပြတဲ့ ဥပဒေမူကြမ်းပါ အချက်တော်တော်များများကို ဒေသခံတွေက
လက်မခံတော့ ဝန်ကြီးက ၁၉၉၈ ယဉ်ကျေးမှုဥပဒေတစ်ခုလုံးကို အသစ်ရေးဆွဲဖို့
ပြောတယ်။ အဲဒီလို အသစ်ပြန်လည်ရေးဆွဲရင် အချိန်ကြာပြီး ရေးနေတဲ့အချိန်
ဥပဒေမဲ့ဖြစ်သွားမှာစိုးလို့ ဒီဥပဒေမူကြမ်းကိုပဲ ကော်မတီအသစ်ထပ်ဖွဲ့ပြီး ပြင်ဆင်
ရေးဆွဲဖို့ ဆုံးဖြတ်လိုက်တယ်'' ဟု ၄င်းက ပြောသည်။
ဒေသခံများလက်မခံနိုင်သည့် ဥပဒေမူကြမ်းပါအချက်များတွင် ဘိုးဘွားပိုင်မြေနေရာကို
တစ်ဆင့်ပြန်လည် ခွဲခြမ်းရောင်းချခွင့် မရှိခြင်း၊ မြေအောက်အနက် မတူးရခြင်း၊
ရှေးဟောင်းအထင်ကရနေရာများတွင် ခြောက်ပေထက်မြင့်သော အပင်စိုက်ခွင့်
မရှိခြင်း စသည့်အချက်များ အဓိကပါဝင်သည်ဟု ဒေါ်ခင်မို့မို့အောင်က ပြောသည်။
''တားမြစ်ထားတဲ့ အပင်စိုက်ရင် ဒဏ်ငွေသုံးသိန်းကနေ ၁ဝ သိန်းအထိပါသလို
ထောင်ဒဏ်တွေလည်း ပါတယ်။ လက်ရှိ ထုတ်ထားတဲ့မူကြမ်းက လုံးဝ
အဆင်မပြေတဲ့အတွက် ပြင်ဆင်ရေးဆွဲမယ်။ ဒေသခံတွေအတွက် ဘဝအာမခံချက်
ပါတဲ့ မူကြမ်းကို အဓိကထည့်သွင်းရေးဆွဲစေချင်တယ်။ ကျွန်မတို့ဒေသခံတွေက
ကိုယ်ကျိုးစီးပွား မထိခိုက်ရေး၊ ကိုယ်ပိုင်တဲ့နေရာလေးကနေ မရွှေ့ပေးရရေးနဲ့
မိသားစုနဲ့အတူတကွ နေထိုင်နိုင်ရေးကို အဓိကကာကွယ်ပြောဆိုနေရခြင်း
ဖြစ်ပါတယ်'' ဟု ၄င်းက ပြောသည်။
ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးဥပဒေကို ၂ဝ၁၅ နှစ်ကုန်ပိုင်း
ကစပြီး ရှေးဟောင်းသုတေသနဌာနက ခေတ်နှင့်အညီ ပြန်လည်ရေးဆွဲပြင်ဆင်
ဆောင်ရွက်နေခြင်းဖြစ်ပြီး ဌာနက ပြင်ဆင် ရေးဆွဲထားသည့် အချက်များကို
ဒေသခံများဘက်မှ နားလည်မှုလွဲမှားခြင်းဖြစ်သည်ဟု ရှေးဟောင်းသုတေသန
ပုဂံဌာနခွဲ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောသည်။
''ခြောက်ပေအထက်မြင့်တဲ့ သစ်ပင်စိုက်လို့ မရဘူးဆိုတာ စီးပွားဖြစ်စိုက်ပျိုး
တာကိုပြောတာ။ ရှေးဟောင်းယဉ်ကျေးမှု မြင်ကွင်းတွေကို ပိတ်သွားနိုင်တဲ့
အပင်တွေ ဥပမာ သီဟိုပင်၊ သရက်ပင်၊ ငှက်ပျောပင်။ အဲဒါတွေကို စီးပွားဖြစ်စိုက်လို့
မရဘူးဆိုလိုတာ။ အဲဒါကို နားလည်မှုလွဲတာဖြစ်တယ်'' ဟု ၄င်းက ပြောသည်။
ယူနက်စကိုအကြံပြုချက်အရ ပုဂံဒေသရှေးဟောင်းနယ်မြေအတွင်း ဒေသခံများ၏
တစ်နိုင်တစ်ပိုင် ဟိုတယ်၊ မိုတယ်နှင့် (home stay)အသေးစားလုပ်ငန်းများကို
ခွင့်ပြုပေးရန် သက်ဆိုင်ရာဌာနများနှင့် ဆွေးနွေးညှိနှိုင်းနေသည်ဟု အသစ်ပြန်လည်
ဖွဲ့စည်းမည့် ဥပဒေမူကြမ်းကော်မတီတွင် ပါဝင်မည့် ဒေသခံ နိုင်ငံခြားသားဧည့်လမ်းညွှန်
ဦးကျော်ဆွေက ပြောသည်။
''ဒေသခံတွေကို ဟိုတယ်၊ မိုတယ်နဲ့ (home stay) ဆောက်လုပ်ခွင့် လုံးဝပေးလိုက်တာမျိုး
မဟုတ်ဘဲ ကန့်သတ်ချက်နဲ့ ခွင့်ပြုပေးမှာဖြစ်တယ်။ ဆောက်နေရင်းနဲ့ မြေအောက်မှာ
ကျန်ခဲ့တဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေ၊ ရှေးဟောင်းနဲ့ ပတ်သက်တာတွေ့ရင် သက်
ဆိုင်ရာကို အကြောင်းကြားရမှာ ဖြစ်ပါတယ်'' ဟု ၄င်းက ပြောသည်။
















