မလေးရှားနိုင်ငံသို့ မြန်မာလုပ်သားစေလွှတ်ခြင်းကို ယမန်နှစ် ဒီဇင်ဘာလဆန်းပိုင်းက
စတင်ပြီး ရပ်ဆိုင်းထားခဲ့ရာ မလေးရှားသို့ အလုပ်သမားပြန်လည် စေလွှတ်သည့်အခါ
ပြဿနာများ ဖြစ်ပွားမှု မရှိစေရန် စိစစ်ဆောင်ရွက်နေရဆဲဖြစ်သည့်အတွက် လက်ရှိအချိန်ထိ
စေလွှတ်နိုင်ခြင်းမရှိသေးကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား
ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦးမျိုးအောင်က ပြောသည်။
''ကျွန်တော်တို့ ပိုသေချာအောင် လုပ်နေတာပါ'' ဟု ၄င်းက ပြောသည်။
မလေးရှားနိုင်ငံသို့ မြန်မာလုပ်သားစေလွှတ်မှု ပြန်လည်ဆောင်ရွက်ရန် သင့်၊မသင့်
သဘောထားမှတ်ချက်ပေးရန် မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံအမတ်ကြီးထံ
အကြောင်းကြားထားသော်လည်း အကြောင်းပြန်ကြားမှုမရရှိသေးကြောင်း၊ မြန်မာနိုင်ငံ
ဆိုင်ရာမလေးရှားသံအမတ်ကြီးသည် မလေးရှားနိုင်ငံ၏ အလုပ်သမားရေးရာနှင့်
ပတ်သက်သည့် အခြေအနေများကို သုံးသပ်နေဆဲပင်ရှိသည်ဟု ဦးမျိုးအောင်က
ပြောသည်။
''ပြန်လွှတ်ဖို့က သူတို့ (သံရုံး) အပေါ်မှာ မူတည်တယ်။ အဓိကကတော့ လွှတ်ပြီးမှ
ပြဿနာတက်မှာကို စိုးလို့ပါ။ လွှတ်ပြီးမှ မဖြစ်စေချင်ဘူး'' ဟု ၄င်းက ပြောသည်။
ယာယီရပ်ဆိုင်းထားခြင်းကို ရုတ်သိမ်းပြီး မလေးရှားသို့ မြန်မာလုပ်သား ပြန်လည်စေလွှတ်
ခွင့်ပြုရန် မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်က အကြိမ်ကြိမ်
တောင်းဆိုမှုများ ပြုလုပ်ထား သည်။ ''လက်ရှိအခြေအနေကတော့ အေဂျင်စီတွေ
အကုန်လုံးဒုက္ခရောက်ကုန်တယ်။ ပိတ်ထားတာ ငါးလလောက်ရှိသွားတော့ အလုပ်သမား
ခေါ်စာတွေက သက်တမ်းသေကုန်တယ်။သက်တမ်းတိုးလို့ရသေးတဲ့ ခေါ်စာ တွေကတော့
သက်တမ်းတိုးပြီး စေလွှတ်ပေးရမှာ။ သက်တမ်းတိုးလို့မရတဲ့ ခေါ်စာတွေကတော့
အလုပ်သမားတွေသွားလို့ မရတော့ဘူး'' ဟု မြန်မာပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှု
လုပ်ငန်းရှင်များအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကျော်ထင်ကျော်က ပြောသည်။
အလုပ်သမားစေလွှတ်မှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် မလေးရှားနိုင်ငံသို့
သွားရောက်အလုပ်လုပ်ကိုင်ရန် စောင့်ဆိုင်းနေသည့် မြန်မာလုပ်သားများစွာရှိနေပြီး၊
တရားဝင်သွားရောက်ခွင့် မရခြင်းကြောင့် တရားမဝင် နည်းလမ်းဖြင့် သွားရောက်မှု
ပိုမိုများပြားလာကြောင်း ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီလုပ်ငန်းရှင်များက
ပြောသည်။
''အလုပ်ခေါ်စာက လေးလသက်တမ်းပဲရှိတယ်။ စောင့်နိုင်တဲ့ သူဌေးတွေကြတော့လည်း
သက်တမ်းတိုးပေးပြီးစောင့်ပေးတယ်။ တချို့ကြတော့လည်း ပြန်ရုပ်သိမ်းပြီး အခြားနိုင်ငံတွေ
ဘက်က အလုပ်သမားတွေကို လှည့်ခေါ်နေကြတယ်။ ဒီကသွားမယ့်သူတွေကလည်း
မစောင့်နိုင်တော့ စာအုပ်တွေ ပြန်တောင်းပြီး အခြားနိုင်ငံသွားကြတယ်။ တချို့ကြတော့
လည်း အလည်ပတ်ဗီဇာနဲ့ သွားပြီး၊ ဟိုမှာတရားမဝင်ဖြစ်ကုန်တာတွေရှိနေတယ်''ဟု
မလေးရှားနိုင်ငံသို့ အလုပ်သမားစေလွှတ်သည့် အေဂျင်စီတာဝန်ရှိသူတစ်ဦးက
ပြောသည်။
အလုပ်အကိုင်အခွင့်အလမ်းရှားပါးခြင်းကြောင့် ရန်ကုန်မြို့သို့ တက်ရောက် အလုပ်
လုပ်ကိုင်ခဲ့သော်လည်း လစာနည်းပါးခြင်းနှင့် နေထိုင်စားသောက်မှု စရိတ်ကြီးမြင့်ခြင်းကြောင့်
အပိုဝင်ငွေမရှိသည့်အတွက် မလေးရှားနိုင်ငံသို့ ထွက်ခွာအလုပ်လုပ်ရန် ပြင်ဆင်ဆောင်ရွက်
ခဲ့သော်လည်း အလုပ်သမားစေလွှတ်ခွင့် ပိတ်ပင်ခံရခြင်းကြောင့် ရန်ကုန်မြို့ပေါ်တွင်
အလုပ်လက်မဲ့ဖြင့် သောင်တင်နေသည့် မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့နယ်မှ
ကိုဝင်းကိုကိုက ပြောသည်။
''စက်မှုကျောင်းဆင်းပြီး ကျွမ်းကျင်ဝန်ထမ်းအဖြစ်နဲ့ ရန်ကုန်က ကားစက်ရုံမှာ အလုပ်
လာလုပ်တော့ လစာက တစ်သိန်းရှစ်ထောင်ပဲ ရတယ်။ သုံးလကုန်လည်းမတိုး၊
ငါးလကုန်လည်းမတိုးဆိုတော့၊ သင်တန်းတက်ပြီး မလေးရှား အလုပ်သွားလုပ်ဖို့ လုပ်ခဲ့တာ။
အခုက အလုပ်က လုပ်ချင်။ မလေးရှားက တိုင်ပတ်နေတော့ ဘာလုပ်လို့ လုပ်ရမှန်း
မသိဘူး'' ဟု ၄င်းက ပြောသည်။
အလုပ်သမားစေလွှတ်မှု ယာယီရပ်ဆိုင်းခြင်းမတိုင်မီ မလေးရှားနိုင်ငံသို့ လစဉ်သွား
ရောက်သည့် မြန်မာရွှေ့ပြောင်းလုပ်သား ဦးရေမှာ တစ်လလျှင် ၃,ဝဝဝ ကျော်မှ
၄,ဝဝဝ ဝန်းကျင်အထိ ရှိသည်ဟု အလုပ်အကိုင် ရှာဖွေရေးအေဂျင်စီများက ဆိုသည်။















