ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမား ၄၀၀ ကျော်အလုပ်မှ ရပ်နားခံရ

ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမား ၄၀၀ ကျော်အလုပ်မှ ရပ်နားခံရ

ထိုင်းနိုင်ငံ၊ ပထုန်ဌာနီမြို့နယ်ရှိ Taokaenoi အမည်ရှိ ရေညှိမုန့်စက်ရုံ တွင်
အလုပ်လုပ်ကိုင်နေသည့် ရွှေ့ပြောင်းမြန်မာနိုင်ငံသား ၄၀၀ ကျော်ကို ထိုက်သင့်သည့်
နစ်နာကြေးများမပေးဘဲ အလုပ်မှ ရပ်နားခဲ့သဖြင့် အလုပ်သမားများ ထိုင်းနိုင်ငံ အလုပ်သမား
ကာကွယ်စောင့်ရှောက်ရေးဌာနကို တိုင်တန်းထားသည်ဟု အလုပ်သမားများနှင့်
ထိုုင်းနိုင်ငံအခြေစိုက် မြန်မာအလုပ်သမားများအရေး ကူညီဆောင်ရွက်ပေးနေသည့်
အေအေစီအဖွဲ့ထံမှ သိရသည်။

"အလုပ်သမားတွေကို အလုပ်မရှိဘူးဆိုပြီး အလုပ်ကနေ ရပ်နားပစ်ခဲ့တယ်။ ဒါပေမယ့်
ထိုက်သင့်တဲ့ ဘာနစ်နာကြေးမှ မပေးခဲ့ဘူး" ဟု အေအေစီအဖွဲ့ဝင် ကိုရဲမင်းကိုက
မေလ ၁၀ရက်တွင် မြန်မာတိုင်း(မ်) ကို ပြောခဲ့သည်။

အဆိုပါ အလုပ်သမားများမှာ စက်ရုံသို့ အလုပ်ဝင်ကြေးအဖြစ် ထိုင်းဘတ် ၂၅၀၀
(မြန်မာငွေ ၉၀၀၀၀ ၀န်းကျင်)နှင့် အလုပ်ပါမစ်ကြေးအဖြစ် ထိုင်းဘတ် ၈၅၀၀ မှ ၁၁၀၀၀
(မြန်မာငွေ ၃သိန်းမှ ၄ သိန်းဝန်းကျင်) ခန့်အထိ ဖြတ်တောက်ခံထားရသော်လည်း
စက်ရုံဘက်က အလုပ်လုပ်ကိုင်ခွင့်လက်မှတ်များ လုပ်ဆောင်ပေးထားခြင်း မရှိဟု
အေအေစီအဖွဲ့ဝင် ကိုရဲမင်းက ပြောခဲ့သည်။

"အလုပ်က ရပ်စဲခံရခြင်းအတွက် ထိုက်သင့်တဲ့ နစ်နာကြေးနဲ့ ဖြတ်တောက်ခံထားရတဲ့
ပိုက်ဆံတွေပြန်ရဖို့ ကျွန်တော်တို့ အလုပ်သမားကာကွယ်ရေးဌာနမှ တိုင်တန်းထားတယ်" ဟု
၄င်းက ပြောသည်။

အဆိုပါ တိုင်းတန်းမှုပြုလုပ်ပြီးနောက် မေလ ၁၀ ရက်နေ့တွင် စက်ရုံတာဝန်ရှိသူများက
အလုပ်သမားများအား အလုပ်ပြန်ဝင်ရန်နှင့် ဝေါ့ပါမစ် အလုပ်လုပ်ကိုင်ခွင့်ကဒ်များ
ပြုလုပ်ပေး မည် ဟုဆိုကာ အလုပ်သမားများကို လက်မှတ်ရေးထိုးစေမှုများ ပြုလုပ်ခဲ့
သည်ဟုလည်း စက်ရုံတွင် အလုပ်လုပ်ကိုင်ခဲ့သည့် ကိုဇော်ဟိန်းက မြန်မာတိုင်း(မ်)ကို
မေလ ၁၀ ရက်နေ့က ပြောခဲ့သည်။

"သူတို့က အလုပ်ပြန်ဝင်မယ်ဆို လက်မှတ်ထိုးပါဆိုပြီး လက်မှတ်တွေ ထိုးခိုင်းတယ်။
ဒါပေမယ့် ဘယ်နေ့ အလုပ်ပြန်လုပ် ရမှာလဲ မေးတော့ သေချာမပြောနိုင်ဘူး။ အလုပ်သမား
အများစုကတော့ လက်မှတ်မထိုးကြတော့ဘူး။ ပါမစ်လုပ်ပေးမယ်ဆိုပြီး ပိုက်ဆံတွေ
ဖြတ်ယူထားပြီး အချိန်အကြာကြီးတောင် လုပ်မပေးတော့ ကျွန်တော်တို့က
အယုံအကြည်မရှိတော့ဘူး" ဟုလည်း ကိုဇော်ဟိန်းက ဆိုသည်။

၄င်းမှာ အဆိုပါ စက်ရုံကို လွန်ခဲ့သည့် ၄ လကတည်းက အလုပ်စတင်ဝင်ရောက်ခဲ့ပြီး
အလုပ်ဝင်ကြေး ဘတ် (၂၅၀၀)နှင့် အလုပ်ပါမစ်ကြေး ဘတ် ၈၅၀၀ ကျပ်ထိ ပေးသွင်း
ထားရသော်လည်း ယနေ့တိုင် အလုပ်လုပ်ကိုင်ခွင့်ပြုလက်မှတ်များကို စက်ရုံဘက်က
လုပ်ဆောင်ပေးထားခြင်း မရှိသေးဟုလည်း ၄င်းက ပြောခဲ့သည်။

အလုပ်မှ ရပ်နားခံထားရသည့် အလုပ်သမားအများစုမှာ ထိုင်းနိုင်ငံအစိုးရက
ထုတ်ပေးထားသည့် ယာယီနေထိုင်အလုပ်လုပ် ကိုင်ခွင့် ပန်းရောင်ကဒ်ကိုင်ဆောင်ထား
သူများဖြစ်ပြီး နှစ်နိုင်ငံ နားသဘောတူညီမှုစာချုပ် အမ်အိုယူစံနစ်ဖြင့် လာရောက်
အလုပ်လုပ်ကိုင်နေကြသူများဖြစ်သည်ဟု အေအေစီအဖွဲ့ထံမှ သိရသည်။

စက်ရုံတွင် ရွှေ့ပြောင်းမြန်မာအလုပ်သမားစုစုပေါင်း ၅၀၀ ကျော်ဝန်းကျင်ခန့်ထိရှိနေပြီး
အလုပ်ရပ်နားခံရသူများတွင် လုပ်သက် ၄ လမှ ၂ နှစ်အထိ ရှိသူ အများအပြားပါ၀င်
သည်ဟုလည်း အလုပ်သမားဖြစ်သူ ကိုဇော်ဟိန်းက ပြောသည်။

ထို့အပြင် စက်ရုံတာဝန်ရှိသူများနှင့် ၄င်းတို့၏ပွဲစားများမှာ အလုပ်ဝင်ကြေးနှင့်
အလုပ်သမားပါမစ်ဖိုးများမှတဆင့် ၀င်ငွေရှာနေခြင်းဖြစ်သဖြင့် မြန်မာအလုပ်
သမားများအား အလုပ်ရပ်နားခြင်းများနှင့် အလုပ်သမားအသစ်ခန့်အပ်ခြင်းများကို
မကြာခဏပြုလုပ်လေ့ရှိသည်ဟုလည်း အလုပ်သမားများက ပြောဆိုထားသည်။

အဆိုပါ အလုပ်ရပ်နားခံရမှုနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံအခြေစိုက် မြန်မာသံရုံး
တာဝန်ရှိသူများထံ ဆက်သွယ်ခဲ့သော်လည်း ဖုန်းကိုင်ဖြေကြားခြင်း မရှိခဲ့ပေ။

နောက်ဆုံးရသတင်းများအရ အဆိုပါ အလုပ်သမားအငြင်းပွားမှုကို အလုပ်ရှင်၊
အလုပ်သမားများက ထိုင်းအလုပ်သမား ကာကွယ်စောင့်ရှောက်ရေးဌာနတွင်
မေလ ၁၁ ရက်၌ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပြီး အလုပ်ပြန်လည်
၀င်ရောက်လိုခြင်း မရှိတော့သည့် အလုပ်သမား ၂၀၀ကို လုပ်အားခ
လက်ကျန်ငွေများ၊ အလုပ်ရပ်နားထားစဉ် နေ့စားခများနှင့် အလုပ်ပါမစ်
အတွက်ဖြတ်တောက်ထားသည့် ငွေများကို မေလ ၂၅ ရက်တွင် ပြန်လည်ပေးချေ
ပေးမည်ဟု ညှိနှိုင်း သဘောတူညီမှု ရရှိခဲ့သည်ဟု အမှုကို လိုက်ပါကူညီဆောင်
ရွက်ခဲ့သည့်အေအေစီအဖွဲ့ထံမှ သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး