နိုင်ငံခြားသား ၃ ဦးသတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး မလေးရောက် မြန်မာ ၂ ဦး စွပ်စွဲဖမ်းဆီးခံထားရ

နိုင်ငံခြားသား ၃ ဦးသတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး မလေးရောက် မြန်မာ ၂ ဦး စွပ်စွဲဖမ်းဆီးခံထားရ

မလေးရှားနိုင်ငံ၊ ဂျိုဟိုဘာရူးမြို့တွင်ဖြစ်ပွားခဲ့သည့် ဘင်္ဂလားဒေ့ရှ်လူမျိုး (၃)ဦး သတ်ဖြတ်ခံရမှုနှင့်
ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ် လူမျိုး (၇)ဦးအပါအဝင် မြန်မာရွှေ့ပြောင်းအလုပ်သမား (၂)ဦးကို
လူသတ်မှု၊ တရားမဝင်နေထိုင်မှုများဖြင့် မလေးရှားရဲတပ်ဖွဲ့က စွပ်စွဲဖမ်းဆီးထား သည်ဟု
မလေးရှားနိုင်ငံအခြေစိုက်မြန်မာလူမှုကူညီရေး အသင်းတာဝန်ရှိသူများက မြန်မာတိုင်း(မ်)ကို
မေလ ၁၁ ရက်ကပြောသည်။

"ကျွန်တော်တို့ ပရဟိတအသင်းဝင် မြန်မာနှစ်ယောက်ကို လူသတ်မှု၊ တရားမဝင်နေထိုင်မှုနဲ့
စွဲချက်တင်ထားတယ်။ ဒီမှာက လူသတ်မှုနဲ့ပတ်သက်ပြီး ဖမ်းဆီးခံထားရတဲ့သူတွေကို ရှေ့နေ
ကလွဲပြီး သွားတွေ့ခွင့်မရှိဘူး"ဟု မလေးရှားနိုင်ငံ၊ ဂျိုဟိုးဘာရူးမြို့အခြေစိုက် စမ်းမြအောင်မြေ
မြန်မာလူမှုကူညီရေးအသင်းဥက္ကဌဖြစ်သူ ကိုအောင်မျိုးဦးက မြန်မာတိုင်း(မ်)ကို မေလ ၁၁ ရက်က
ပြောသည်။

လူသတ်မှုဖြင့် စွပ်စွဲဖမ်းဆီးခံထားရသူ ၂ ဦးမှာ ကိုအောင်သီဟနှင့် ကိုအောင်ကျော်ဌေး
ဆိုသူတို့နှစ်ဦးဖြစ်ပြီး၊ မလေးရှားနိုင်ငံ တွင် လွန်ခဲ့သည့် ၈ နှစ်ကတည်းက တရားဝင်နေထိုင်ပြီး
အလုပ်လုပ်ကိုင်နေသူများဖြစ်သည်ဟု ကိုအောင်မျိုးဦးက ပြောသည်။

၄င်းတို့ နှစ်ဦးသည် ဂျိုဟိုးဘာရူးမြို့အခြေစိုက် စမ်းမြအောင်မြေနှင့် ရတနာ့စက္ကအမည်ရှိ
မြန်မာလူမှုကူညီရေးပရိဟိတအသင်း (၂)ခု၏ အဖွဲ့ဝင်များဖြစ်ပြီးပရိဟိတလုပ်ငန်းများကို
ရှေ့ဆုံးမှပါ၀င်ဆောင်ရွက်နေသူများဖြစ်သည်ဟုလည်း သိရသည်။

၄င်းတို့နှစ်ဦးနှင့် အဆောင်တူနေထိုင်သည့် ဘင်္ဂလားဒေ့ရှ်လူမျိုးများထံသို့ လာရောက်လည်ပတ်သည့်
ဘင်္ဂလားဒေ့ရှ် ၃ ဦး သက်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး မသင်္ကာမှုဖြင့် မေလ ၈ ရက်နေ့တွင်
အလုပ်လုပ်ကိုင်နေသည့် စက်ရုံတွင် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဘင်္ဂလားဒေ့ရှ်လူမျိုး သုံးဦးမှာ တစ်ဦးမှာ သေဆုံးလျက်ရှိပြီး၊ နှစ်ဦးမှာလည်း
ပြင်းထန်သည့် ဓါးဒဏ်ရာများဖြင့် တောစပ်တစ်နေရာတွင် စွန့်ပစ်ထားခြင်း ခံထားရပြီး
ဒေသခံများ၏ သတင်းပေးပို့မှုကြောင့် မလေးရဲတပ်ဖွဲ့က စစ်ဆေးတွေ့ရှိထားခဲ့ခြင်းဖြစ်သည်။

မလေးရှားရဲတပ်ဖွဲ့က လူသတ်မှုများနှင့် ပတ်သက်ရာတွင် ၄င်းတို့ဖမ်းဆီးထားသူများ၊
အမှုနှင့်စပ်ဆိုင်သူများနှင့် တွေ့ဆုံခြင်း၊ ဖုန်းဆက်သွယ်ခြင်းပြုသူများကိုပါ ဖမ်းဆီးလေ့ရှိသဖြင့်
စွပ်စွဲဖမ်းဆီးခံထားရသူနှစ်ဦးကို ဆက်သွယ်တွေ့ဆုံနိုင်ခြင်း မပြုနိုင်သေးဟုလည်း
ကိုအောင်မျိုးဦးက ပြောသည်။

"စွပ်စွဲခံထားရတဲ့ သူတို့နှစ်ဦး ကျွန်တော့်ဆိုင်မှာ ည ၈ နာရီကတည်းကရှိနေတဲ့ စီစီတီဗွီနဲ့
ဗီဒီယိုမှတ်တမ်းတွေလည်း ရှိတယ်။ နောက် မနက် ၅ နာရီအထိ လူမှုကူညီရေးအသင်း
ဥက္ကဌတစ်ဦးရဲ့ နေအိမ်မှာအတူရှိနေခဲ့တယ်။ အဲဒီအိမ်က စီစီတီဗွီမှတ်တမ်းတွေလည်း
ရှိပါတယ်"ဟု စမ်းမြအောင်မြေမြန်မာလူမှုကူညီရေးအသင်းဥက္ကဌဖြစ်သူ ကိုအောင်မျိုးဦးက
မြန်မာတိုင်း(မ်)ကို ပြောသည်။

စွပ်စွဲခံထားရသူနှစ်ဦးအနက် တစ်ဦးမှာ လုပ်ငန်းခွင်မှ ဖမ်းဆီးခေါ်ဆောင်သွားခံခဲ့ရပြီး၊
အဆိုပါ အချိန်တွင် နိုင်ငံကူး လက်မှတ်နှင့် တရားဝင်သက်သေခံအထောက်အထားများကို
အတူဆောင်ယူထားခြင်းမရှိသဖြင့် တရားမဝင် နေထိုင်မှုဖြင့်ပါ အမှုဖွင့်ခံရခြင်း
ဖြစ်သည်ဟုလည်း ကိုအောင်မျိုးဦးက ပြောခဲ့သည်။

လူသတ်မှုဖြင့် စွပ်စွဲဖမ်းဆီးခံထားရသည့် မြန်မာ (၂)ဦးနှင့် ဘင်္ဂလားဒေ့ရှ်လူမျိုး
(၇)ဦးတို့ကို ရဲတပ်ဖွဲ့က လူသတ်မှု၊ တရားမဝင်နေထိုင်မှုတို့ဖြင့် စွဲချက်တင်ထားပြီး
မေလ ၁၃ ရက်နေ့တွင် တရားရုံးသို့ တင်ပို့စစ်ဆေးမည်ဖြစ်သည်။

မြန်မာ (၂)ဦးစွပ်စွဲဖမ်းဆီးခံထားရသူနှစ်ဦးအတွက် မလေးရှားရောက် လူမှုကူညီရေး
အသင်းများက ရှေ့နေငှားရမ်းပြီး ရင်ဆိုင်ရပ်တည်သွားရန် ဆောင်ရွက်နေပြီး၊ မလေးရှား
အခြေစိုက် ရွှေ့ပြောင်းမြန်မာနိုင်ငံသားများကူညီမှုညွှန့်ပေါင်းအသင်း ကလည်း အမှုရင်
ဆိုင်ရန်အတွက် ကူညီလုပ်ဆောင်ပေးလျက်ရှိသည်။

"သူတို့နှစ်ဦး မကြာခင်လွတ်လာမှာပါ။ ကျွန်တော်တို့မှာလည်း ခိုင်မာတဲ့ ဓါတ်ပုံ၊
ဗီဒီယိုသက်သေတွေရှိတယ်။ အခုကတော့ သံသယရှိခံထားရတဲ့အတွက် စစ်ဆေး
မေးမြန်းနေကြတုန်းပဲ။ ကျွန်တော်တို့မှာ တရားဝင်အထောက်အထားတွေလည်း
ရှိနေတဲ့အတွက် ရဲတပ်ဖွဲ့ကတော့ သူတို့လုပ်ချင်သလို လုပ်ခွင့်မရှိပါဘူး"ဟု အမှုကို
ရှေ့နေဖြင့် လိုက်ပါကူညီဆောင်ရွက်ပေးမည့် ရွှေ့ပြောင်းအလုပ်သမားကူညီရေး
အဖွဲ့အစည်းမှ ဥက္ကဌဖြစ်သူ ဦးချစ်ကောင်းက မြန်မာတိုင်း(မ်)ကို မေလ ၁၁ ရက်က
ပြောသည်။

လူသတ်မှုဖြင့် စွပ်စွဲဖမ်းဆီးခံထားရသည့် မြန်မာနှစ်ဦးနှင့် ပတ်သက်ပြီး မြန်မာ
သံရုံးသို့မလေးရှားအခြေစိုက် မြန်မာလူမှုကူညီရေးအသင်းများက ဆက်သွယ်
အကြောင်းကြားထားသည်။

အဆိုပါအရေးကိစ္စနှင့်ပတ်သက်ပြီး မြန်မာသံရုံးတာဝန်ရှိသူတစ်ဦးကို မြန်မာတိုင်း(မ်)က
မေလ ၁၁ ရက်က ဆက်သွယ်မေးမြန်းရာ ဖြေဆိုခွင့်ရှိသူမဟုတ်ဟုဆိုကာ ငြင်းဆိုခဲ့သည်။
ထို့နောက် ၄င်းလမ်းညွှန်ပေးခဲ့သည့် ဖြေဆိုခွင့်ရှိသူ၏ တယ်လီဖုန်းနံပတ်သို့ ဆက်လက်
ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး