ပြည်တွင်း ငြိမ်းချမ်းရေးဖြစ်စဉ် အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းသည် ဆန္ဒနှင့်သာသက်ဆိုင်ကြောင်း
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကမေလ ၁၂ရက်နေ့က ပြောကြား
လိုက်သည်။
“ဒီလိုငြိမ်းချမ်းရေးဖြစ်စဉ်တွေကအောင်မြင်ခြင်းမအောင်မြင်ခြင်းဆိုတာက ဆန္ဒနဲ့ပဲဆိုင်ပါတယ်၊
ဆန္ဒကလွဲလို့ အခြားဖြစ်နိုင်တာ ဘာတစ်ခုမှမရှိပါဘူး၊ ကျွန်မခဏခဏပြောပါတယ်၊ အောင်မြင်ခြင်း
တရားလေးပါးဆိုတာ ဆန္ဒနဲ့ စတာပါ ” ဟု ၄င်းက အဆိုပါနေ့ကကျင်းပသည့် ပြည်ထောင်စု
ငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲဲကော်မတီ( UPDJC )အစည်းအဝေးတွင် ပြောသည်။
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်သည် အခြားသော ပဋိပက္ခဖြစ်ပွားနေသည့် နိုင်ငံများအတွက်
အရေးကြီးသော သင်ခန်းစာများရနိုင်သည့်အပြင် ကမ္ဘာ့ငြိမ်းချမ်းရေးဖြစ်စဉ် များအောင်မြင်ရန်
သတ်မှတ်ထားသောပုဂ္ဂိုလ်များရှိနေခြင်းကြောင့် တစ်ကမ္ဘာလုံးက စိတ်ဝင်စားလျက်ရှိကြောင်း
UPDJCဥက္ကဋ္ဌလည်းဖြစ် သူဒေါ်အောင်ဆန်းစုကြည်ကဆိုသည်။
“ ငြိမ်းချမ်းရေးလိုချင်ရင် ဘယ်လိုနည်းနဲ့မဆိုရယူလို့ ရပါတယ်၊ ငြိမ်းချမ်းရေးမလိုချင်ရင်တော့
နည်းအမျိုးမျိုးနဲ့ ငြိမ်းချမ်းရေးကြန့်ကြာအောင်လုပ်ဖို့ဖြစ်နိုင်ပါတယ်၊ ကျွန်မတို့ဟာတကယ်ပဲ
ဆန္ဒရှိတယ်လား၊ တကယ်ဆန္ဒရှိမှ တစ်ခြားဝီရိယ၊ စိတ္တပညာနဲ့ ပံ့ပိုးပြီးတော့
နည်းကိုရနိုင်မှာပါ ” ဟု ၄င်းက ပြောသည်။
ယခုလအတွင်းကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံညီလာခံကို
အောင်မြင်စွာလုပ်ဆောင်နိုင်ရေးသည် အားလုံးတွင် တာဝန်ရှိသည်ဟု ယူဆကြောင်းလည်း
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကထည့်သွင်းပြောကြားသည်။
“ အခု ကျွန်မတို့ စည်းဝေးမှာရောက်ရှိနေတဲ့ ပုဂ္ဂိုလ်များအားလုံးဟာ ငြိမ်းချမ်းရေးထက်
စစ်မှန်တဲ့ ဆန္ဒရှ်ိတယ်လို့ ကျွန်မအနေနဲ့ ကမျှော်လင့်ပါတယ်၊ ဒါရှိတာ၊ မရှိတာဆိုတာ
ကတော့ နောက်ဆုံးမှာ ဘယ်သူကဆုံးဖြတ်မလည်းဆိုတာတော့ ပြည်သူလူထုနဲ့
သမိုင်းကဆုံးဖြတ်မှာပါ၊ ပြည်သူလူထုဆိုတာ ကျွန်မတို့ အခုပစ္စုပန်ကာလအပြီး
မဟုတ်ဘူး၊ နောင်လာမယ့် နောင်လာနောင်သား ကမျိုးဆက်များ ကဆုံးဖြတ်မယ်ဆိုက
သမိုင်းရဲ့ ဆုံးဖြတ်ချက်ပဲဖြစ် ပါတယ်၊ ကျွန်မတို့အားလုံးဟာ အောင်မြင်ဖို့ အတွက်ကို
ဝိုင်းဝန်းပြီးတော့ တစ်အားတစ်မစေတနာမှန်မှန်နဲ့ ကြိုးစားပြီးတော့ ကြိုးစားသွားမယ်လို
ကျွန်မအနေနဲ့မျှော်လင့်ပါတယ် ” ဟု ၄င်းက ပြောသည်။
ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူတွဲကော်မတီဒုတိယဥက္ကဋ္ဌပဒိုစောကွယ်ထူးဝင်း
ကလည်း ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီသည် နိုင်ငံရေးဆွေးနွေးပွဲကို
အောင်မြင်စွာ ကျင်းပရန် တာဝန်အရှိဆုံး ဖြစ်ပြီးတစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး
သဘောတူညီစာချုပ်( NCA )အခြေခံမူ၊ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုမူဘောင်အခြေခံကာ
နိုင်ငံရေးဆွေးနွေးပွဲကို တစ်ဆင့်ချင်းဆောင်ရွက်ရမည်ဖြစ်ကြောင်းဆိုသည်။
“ ငြိမ်းချမ်းရေးတည်ဆောက်တဲ့နေရာမှာ ပါ၀င်တဲ့ အစုအဖွဲ့အားလုံးတွေကလည်း
ဆန္ဒရှိရှိ၊ စေတနာရှိရှိနဲ့ တစ်နိုင်ငံလုံးရဲ့ အကျိုးအတွက် မျှော်မှန်းပြီးတော့ ဆွေးနွေး
ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်၊ဒီလိုဆောင်ရွက်တဲ့နေရာမှာအမြင်သဘောထားတွေ
တူညီချင်မှ တူညီချင်ပေမဲ့လည်း ကျွန်တော်တို့ရဲ့ NCAမှာသဘောတူညီထားတဲ့အတိုင်း
ဆွေးနွေးအဖြေရှာမယ်ဆိုလို့ရှိရင်တော့ ငြိမ်းချမ်းရေးကိုရရှိသွားမှာ ဖြစ်ပါတယ်၊
နိုင်ငံရေးအဖြေရရှိသွားမှာ ဖြစ်ပါတယ် ” ဟု ၄င်းက ပြောသည်။
ငြိမ်းချမ်းရေးဖြစ်စဉ်ကိုတည်ဆောက်ရာတွင်လည်းအားလုံးအတူတကွ တည်ဆောက်၊
ကာကွယ်၊ ထိန်းသိမ်းရမည်ဖြစ်ပြီးရှိထားသည့် အမြင်သဘောထားမတူညီမှုများကိုညှိနှိုင်း
ဆောင်ရွက်သွားရ မည်ဟု ပဒိုစောကွယ်ထူးဝင်းက ဆိုသည်။
“ အထူးသဖြင့် နိုင်ငံရေးဆွေးနွေးပွဲမှာဆွေးနွေးတဲ့ အချက်အလက်တွေ ကိုတန်းတူညီတူနဲ့
အမြင်သဘောထားတွေကိုပွင့်ပွင့်လင်း လင်းဆွေးနွေးပြီးတော့ အဖြေရှာသွားရမှာ
ဖြစ်တယ်၊ အဖြေဆိုတဲ့နေရာမှာလည်းတစ်နိုင်ငံလုံးအကျိုးအတွက်၊ အစုအဖွဲ့တွေရဲ့
အကျိုးအတွက်ကိုမဆန့်ကျင်တဲ့ တစ်နိုင်ငံလုံးအကျိုးအတွက်ရှိတဲ့ အဖြေရလဒ်ဖြစ်ဖို့
လိုအပ်ပါတယ်၊ အကောင်အထည်ဖော်နိုင်တဲ့ အဖြေရလဒ်မျိုးရဖို့လည်းလိုအပ်ပါတယ် ” ဟု
၄င်းက ပြောသည်။ယခုပြုလုပ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ
အစည်းအဝေးသည် လာမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံညီလာခံ
အတွက် ပြင်ဆင်ဆုံးဖြတ်ရမည့် အစည်းအဝေးဖြစ်သည်။
















