မဘသကိုယ်တိုင် ဝေဖန်ဆန်းစစ်ရမည့် အချက်

မဘသကိုယ်တိုင် ဝေဖန်ဆန်းစစ်ရမည့် အချက်

မေ ၂၇ ရက်တွင် အမျိုး၊ ဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး (မဘသ)
အဖွဲ့သက်တမ်း
လေးနှစ် ပြည့်မြောက်မည်ဖြစ်သည်။ လေးနှစ်တာကာလအတွင်း
မဘသအဖွဲ့၏ လှုပ်ရှားမှုများနှင့်
ပတ်သက်၍ ထောက်ခံမှုများရှိခဲ့သလို ဆန့်ကျင်
ကန့်ကွက်မှုများလည်း ရှိခဲ့သည်။

 

မဘသအဖွဲ့ကို ၂ဝ၁၃ ခုနှစ်၊ မေ ၂၇ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်
အောင်ဆန်းတောရ တပ်ဦးကျောင်းတွင်စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ မဘသအဖွဲ့
မပေါ်ခင်က အမျိုး၊ ဘာသာ၊သာသနာထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများ
ဆောင်ရွက်ရန် မှော်ဘီမြို့နယ် ဓမ္မဒူတ တောရကျောင်းတိုက်တွင် ထေရ်ကြီးဝါကြီး
ဆရာတော်ကြီးများဖြစ်သည့် အင်းစိန်ရွာမဆရာတော်နှင့် သီတဂူဆရာတော်တို့
ဦးဆောင်ကာ စုဝေးတိုင်ပင် ခဲ့ကြသည်။ အမျိုး၊ ဘာသာ၊ သာသနာထိန်းသိမ်းစောင့်
ရှောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် အမျိုးသားရေးခေါင်းစဉ်ဖြင့် မဘသအဖွဲ့
ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

ဘာသာရေး ပဋိပက္ခများကို ကြိုတင်ကာကွယ်ရန်နှင့် အမျိုးသားရေးကိုအခြေခံလျက်
ဘာသာတစ်ခုနှင့်တစ်ခု၊ လူမျိုးတစ်စုနှင့်တစ်စုကြား အမုန်းမပွားစေရန် ရည်ရွယ်၍
မဘသကို ဖွဲ့စည်းခဲ့ခြင်းလည်း ဖြစ်သည်။

 ပြီးခဲ့သည့်နှစ်တွင် တတိယအကြိမ်မြောက် နှစ်ပတ်လည်ညီလာခံကျင်းပခဲ့စဉ်။ နိုင်ဝင်းထွန်း/ မြန်မာတိုင်း(မ်)

မဘသအဖွဲ့၏ အခြေခံမူ

မဘသဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းတွင် 'မဘသအဖွဲ့နှင့်စည်းမျဉ်းသည်ဓမ္မဝိနယနှင့်အညီ
ဖြစ်စေရမည်' ဟု သတ်မှတ်ထားသည်။ အမျိုး၊ ဘာသာ၊ သာသနာလုပ်ငန်းများတွင်
နိုင်ငံတော်အစိုးရနှင့် သံဃမဟာနာယကအဖွဲ့လက်တွဲလျက် ကူညီဆောင်ရွက်ရန်
သီးခြားလွတ်လပ်သည့် ရဟန်းရှင်လူပြည်သူပါဝင်သော အဖွဲ့အစည်းဟု
ဖော်ပြထားသည်။

လူမျိုးရေး၊ ဘာသာရေးများတွင် အကြမ်းဖက် ပဋိပက္ခများ မဖြစ်ပေါ်နိုင်စေရန် အသိ
ပညာပေး တားဆီးကာကွယ်ရေး၊ နိုင်ငံသူ နိုင်ငံသား အားလုံး စည်းကမ်းတကျ ငြိမ်းချမ်းစွာ
နေထိုင်နိုင်ရေးအတွက် အခြေခံမူများ၊ ရည်ရွယ်ချက်များနှင့် ကိုက်ညီဆောင်ရွက်ကြရမည်ဟု
မဘသအဖွဲ့ အခြေခံစည်းမျဉ်းအပိုဒ်၁ဝ တွင် ဖော်ပြထားသည်။

မဘသအဖွဲ့တွင် ဦးဆောင်သူ အလုပ်အမှုဆောင်များသည် ရဟန်းရှင်လူများ၏
ကြည်ညိုလေးစာထိုက်သူအဖြစ် အဂတိတရား လိုက်စားခြင်း ကင်းရှင်းရမည်ဟု
သတ်မှတ်ထားပြီး မဘသလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဂိုဏ်းပေါင်းစုံသံဃာ့
အဖွဲ့အစည်း လုပ်ငန်းများကို ဝင်ရောက်စွက်ဖက်မှု မရှိစေဘဲ ပဋိပက္ခနှင့်
အဓိကရုဏ်းများ မဖြစ်ပေါ်အောင် ဆောင်ရွက်ကြရမည်ဟုလည်း
ဖော်ပြထားသည်။

မဘသလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်ကြသူများသည် လစာရိက္ခာ သတ်မှတ်ချက်
မရှိဘဲ စေတနာ့ဝန်ထမ်းများ ဖြစ်ကြသည့်အတွက် ရန်ပုံငွေကို ရှာဖွေသုံးစွဲခွင့်ရှိသော်လည်း
အလွဲသုံးစားပြုခြင်းနှင့် ကိုယ်ကျိုးရှာခြင်းများ၊ အဖွဲ့၏လုပ်ငန်းများကို အကြောင်းပြုကာ
နိုင်ငံရေးကိုယ်ကျိုးစီးပွားဆောင်ရွက်မှု မဖြစ်စေရန်လည်း ပြဋ္ဌာန်းသတ်မှတ်ထားသည်။

 

အဖွဲ့ဝင်များ၏ တာဝန်ယူမှု၊ တာဝန်ခံမှု

မဘသအဖွဲ့ကို ဖွဲ့စည်းပုံစည်းမျဉ်းများနှင့် ဖွဲ့စည်းထားသော်လည်း
လက်တွေ့အကောင်အထည်ဖော်ရာတွင် စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီမှု မရှိဘဲ
အဖွဲ့ဝင်အချို့၏ ဆောင်ရွက်ချက်များသည် တာဝန်ယူမှု၊ တာဝန်ခံမှုအားနည်းလျက်ရှိကြောင်း၊
အများအကျိုးအတွက် ဆောင်ရွက်သော အဖွဲ့အစည်း၏ ရည်ရွယ်ချက်ကို ထိခိုက်စေနိုင်ပြီး
မရိုးသားသူ အဖွဲ့ဝင်အချို့နှင့် ပါတီအဖွဲ့အစည်းအချို့၏ အသုံးချခြင်းကို ခံရနိုင်ကြောင်း
ဝေဖန်ထောက်ပြမှုများလည်း ရှိသည်။

အဖွဲ့အစည်းဟူသည် ခိုင်မာသည့် ရည်ရွယ်ချက်၊ စည်းမျဉ်းစည်းကမ်းများနှင့်အတူ မိမိ၏
အဖွဲ့ဝင်များအတွက် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရန်လိုအပ်ကြောင်း၊ အဖွဲ့အစည်းကို အမှီပြုကာ
အဖွဲ့ဝင်များ၏ ကိုယ်ကျိုးရှာ အသုံးချမှုနှင့် အဖွဲ့အစည်းဂုဏ်သိက္ခာ ကျဆင်းစေသည့်
အဖွဲ့ဝင်များ၏ ဆောင်ရွက်ချက်များကို လိုအပ်ပါက စည်းမျဉ်းစည်းကမ်းများနှင့်အညီ
ထိရောက်သည့် အရေးယူမှုများကို ပြုလုပ်ရန် လိုအပ်ကြောင်း Generation Wave 
အဖွဲ့မှ ကိုမိုးဃ်သွေးက ပြောသည်။

''ဥပမာ အခုဆိုရင် စစ်တပ်တောင် သူ့အဖွဲ့ဝင်တွေ စည်းကမ်းချိုးဖောက်ရင်၊ မလိုက်နာရင်
အရေးယူတာတွေ ရှိလာပြီ။ ကိုယ့်ဘာသာ၊ သာသနာကို ကာကွယ်စောင့်ရှောက်တယ်ဆိုတဲ့နေရာ
အခြားဘာသာ၊ သာသနာကို ထိခိုက်စေတာမျိုးမဖြစ်အောင် ထိန်းသိမ်းဖို့ လိုတယ်။ အကယ်၍
အခြားဘာသာကို စော်ကားတဲ့ အကြမ်းဖက်တဲ့ အဖွဲ့ဝင်တွေ ရှိလာရင် ကိုယ့်ရဲ့အဖွဲ့အစည်း
စည်းမျဉ်းနဲ့ အရေးယူပေးဖို့ လိုတယ်''ဟု ၄င်းက ပြောသည်။

မဘသအဖွဲ့ အခြေခံစည်းမျဉ်း အခန်း ၁၃ တွင် အဖွဲ့ဝင်အဖြစ် နုတ်ထွက်ခြင်းနှင့်
ရပ်စဲခြင်းတွင် ပြစ်မှုအရ ပြစ်ဒဏ်စီရင်ခံရခြင်း၊ အဖွဲ့၏ စည်းကမ်းဖောက်ဖျက်ခြင်းနှင့်
အဖွဲ့ပိုင်ငွေကြေးပစ္စည်းကို ကိုယ်ကျိုးသုံးစွဲမှုနှင့် အလွဲသုံးစားမှု ထင်ရှားပါက
အဖွဲ့ဝင်အဖြစ်မှ ရပ်စဲနိုင်ကြောင်း၊ အလားတူ အရေးယူခြင်းတွင် မဘသအဆင့်ဆင့်တွင်
ပါဝင်သူအမှုဆောင်များသည် ဂုဏ်အရည်အချင်း ပျက်ယွင်းခြင်း၊ လုပ်ငန်းတာဝန်များကို
ကျေပွန်စွာ မထမ်းဆောင်နိုင်ခြင်း၊ အဖွဲ့နှင့် မသင့်လျော်သည့် လုပ်ငန်းများကို
လုပ်ဆောင်လျှင် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူခံရမည်ဟု သတ်မှတ်ထားသည်။

မဘသအဖွဲ့၏ ဖွဲ့စည်းပုံ ရည်ရွယ်ချက်နှင့် ဦးဆောင်ဆရာတော်ကြီးများ၏
ပါဝင်ဆောင်ရွက်မှုသည် သံသယဖြစ်စရာ မရှိသော်လည်း အကောင်အထည်ဖော်ဆောင်မှု
အပိုင်းတွင် မဘသအဖွဲ့ဝင် အချို့၏ ပြောဆို ဆောင်ရွက်မှုများသည် အမျိုးသားရေး
လုပ်ငန်းစဉ်ကို ထိခိုက်စေရုံသာမက ကမ္ဘာ့နိုင်ငံများနှင့် နိုင်ငံတကာ သတင်းမီဒီယာများတွင်
ဗုဒ္ဓဘာသာပုံရိပ်နှင့် နိုင်ငံတော်၏ ဂုဏ်သိက္ခာကိုပါ ထိခိုက်ကျဆင်းစေကြောင်း
နဆကေူငအပ ပြညောမေ အဖွဲ့အုပ်ချုပ်မှုဒါရိုက်တာ ဦးအောင်မျိုးမင်းက
ပြောသည်။

၂ဝ၁၅ အထွေထွေရွေးကောက်ပွဲ မတိုင်မီတွင် မဘသအဖွဲ့သည် ပါတီနိုင်ငံရေးတွင်
ဘက်လိုက်ပြောဆိုမှု ပြုလုပ်မည် မဟုတ်ကြောင်း နိုင်ငံလုံးဆိုင်ရာ မဘသဗဟို
ညီလာခံအပြီး သဘောထားကြေညာချက်နှင့် နောက်ဆက်တွဲကြေညာချက်များ
ထုတ်ပြန်ခဲ့သည်။ မဘသဦးဆောင် ဆရာတော်အချို့နှင့် အဖွဲ့ဝင်အချို့၏ ပါတီနိုင်ငံရေး
ဆိုင်ရာ ဘက်လိုက်ပြောဆိုမှုများသည် ပြည်သူလူထုကြား ဒွိဟဖြစ်စေခဲ့သည်။

မဘသအဖွဲ့ဝင်အချို့၏ ပြောဆိုချက်များသည် ၄င်းတို့၏ ပုဂ္ဂိုလ်ရေးဆိုင်ရာထင်မြင်
ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုနေကြခြင်းဖြစ်ပြီး မဘသဗဟို၏
သဘောထားမဟုတ်ကြောင်း ထုတ်ပြန်ခဲ့သော်လည်း မဘသအဖွဲ့ဝင်များ၏
ထုတ်ဖော်ပြောဆိုမှုများသည် မဘသဗဟို၏ သဘောထားများအဖြစ် ထင်မြင်
ယူဆစေကြောင်း ဝေဖန်သုံးသပ်သူများက ပြောသည်။

မဘသအဖွဲ့သည် အမျိုးသားရေးတက်ကြွသော တိုင်းရင်းသားလူမျိုးပေါင်းစုံ ပါဝင်သည့်
အတွက် ၄င်းတို့၏ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောထား ပြောဆိုမှုများအပေါ် 'ဆန်စင်ရာ
ကျည်ပွေ့မလိုက်နိုင်' ကြောင်း မဘသဗဟို တာဝန်ရှိသူများက အတိအလင်း
ထုတ်ဖော်ပြောကြားထားသည်။

၂ဝ၁၅ အထွေထွေရွှေးကောက်ပွဲတွင်ပါတီနိုင်ငံရေးဆိုင်ရာ ဘက်လိုက်ပြောဆို
မှုများကြောင့် အရေးယူခံခဲ့ရသည့် ရဟန်းတော်များ မရှိခဲ့ကြောင်း၊ အသင်းအဖွဲ့ဆိုင်ရာ
စည်းမျဉ်းစည်းကမ်းများနှင့် မူဝါဒများ ခိုင်မာအားကောင်းသော်လည်း အဖွဲ့ဝင်များ၏
ဆောင်ရွက်ချက်များအပေါ် အပြစ်ပေး အရေးယူမှုအပိုင်း အားနည်းလျက်ရှိကြောင်း
မကွေးကျောင်းဆရာတော် ဦးပါမောက္ခက မိန့်သည်။

''မဘသ အဖွဲ့အစည်းအနေနဲ့ အပြစ်ပေးတာ၊ ဒဏ်ပေးတာမျိုးလုပ်ရင် ဝင်မယ့်သူ
နည်းသွားမယ်။ စည်းမျဉ်းစည်းကမ်းနဲ့ ချထားတဲ့မူဘောင်တွေ ကောင်းတယ်။
ဒီဟာတွေကို မလိုက်နာတာတွေက အခြေခံ အဆင့်တင် မဟုတ်ဘူး။ ဒီစည်းမျဉ်းတွေ
ရေးဆွဲထားတဲ့ ဗဟိုကိုယ်တိုင်က မလိုက်နာတာတွေ ရှိတယ်''ဟု ဆရာတော်က မိန့်သည်။

မဘသအဖွဲ့သည် အမျိုးသားရေး ဘုံရည်ရွယ်ချက် တူညီသော်လည်း တိကျသော
မူဝါဒနှင့် စည်းကမ်းပိုင်းဆိုင်ရာတွင် အားနည်းနေလျက်ရှိကြောင်း၊ဘုံရည်ရွယ်ချက်အရ
ဗုဒ္ဓဘာသာအဖွဲ့အစည်းကို ကာကွယ်သော်လည်း လက်တွေ့ကောင်အထည်ဖော်ဆောင်မှု
အပိုင်းတွင် အဖွဲ့ဝင်အချို့က လူမျိုးခြား၊ ဘာသာခြားများအပေါ် ဝေဖန်ပုတ်ခတ်ကာ
ကိုယ်ကျိုးစီးပွားနှင့် နိုင်ငံရေး အသုံးချမှုများ တွေ့ရှိရကြောင်း ကိုမိုးဃ်သွေးက ပြောသည်။

''ဖြစ်ခဲ့တာတွေကို ကြည့်ရင် မဘသ အဖွဲ့ထဲမှာကိုပဲ နိုင်ငံရေးအယူအဆနဲ့
အခြားဘာသာရေးအယူအဆတွေမှာ အပျော့အမာလိုင်းတွေ၊ ဂိုဏ်းတွေ ကွဲနေပုံရတယ်။
သူ့အထဲမှာ လူဝတ်ကြောင်တွေ ပါပေမဲ့ ရဟန်းတော်တွေက လူတွေနဲ့တောင်
မတူဘူးလို့ မြင်ရတယ်။ အဲဒီလောက်ထိ စနစ်တကျ ရှိရဲ့လား ထင်ရတယ်''ဟု
ကိုမိုးဃ်သွေးက ပြောသည်။

မဘသအဖွဲ့သည် အမျိုးသားရေးဆိုင်ရာ ဘာသာရေးအဖွဲ့အစည်းတစ်ဖွဲ့ဖြစ်သော်လည်း
အသင်းအဖွဲ့ပါတီများကဲ့သို့ မူဝါဒနှင့်စည်းမျဉ်းများအတိုင်း လိုက်နာမှု မရှိသည့်
အဖွဲ့ဝင်များကို သတိပေးခြင်းနှင့် အရေးယူမှုများ ပြုလုပ်ပါက အောင်မြင်သည့်
အဖွဲ့အစည်းတစ်ခု ဖြစ်လာနိုင်ကြောင်း ၄င်းက ဆိုသည်။

မဘသအဖွဲ့တွင် ပါဝင်သူများသည် အမျိုးသားရေးစိတ်ဓာတ် ယုံကြည်ချက်ဖြင့်ဆောင်
ရွက်နေကြခြင်းဖြစ်ပြီး မဘသအဖွဲ့၏ စည်းလုံးညီညွတ်မှုသည် ပထမဦးစားပေးဖြစ်ကြောင်း
မဘသဗဟို ဦးဆောင်အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဓမ္မစက္က ဦးမောင်မောင်က ပြောသည်။

မဘသအဖွဲ့တွင် ပါဝင်သော အမျိုးသားရေးသမားများသည် မိမိတို့ကိုယ်ပိုင်ငွေဖြင့်
အိတ်စိုက်ဆောင်ရွက်ခြင်းဖြစ်ပြီး အဖွဲ့ဝင်တစ်ယောက် ကောင်းခြင်း၊ မကောင်းခြင်း
ဆိုသည်မှာ ပြုလုပ်ဆောင်ရွက်သူနှင့်သာ တိုက်ရိုက်သက်ဆိုင်ကြောင်း၊ ကောင်းခြင်း၊
မကောင်းခြင်းဆိုရာတွင် မည်သည့်အကြောင်းကြောင့် မကောင်းသည်ကို တိုက်ရိုက်
ထုတ်ဖော်ပြောဆိုနိုင်ရန် လိုအပ်ပြီး စွပ်စွဲချက်မဖြစ်ရန် လိုအပ်ကြောင်း ၄င်းက
ပြောသည်။

၂ဝ၁၅ ရွေးကောက်ပွဲကာလတွင် မဘသအဖွဲ့သည် ပြည်သူလူထုကြား ပြောကြား
ဝေဖန်နေသကဲ့သို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံံ့ဖြိုးရေးပါတီနှင့် တပ်မတော်အပေါ်
ဘက်လိုက်မှုမရှိဘဲ အလွန်အကျွံ သရုပ်ဖော်ခံခဲ့သည်များ ရှိကြောင်း၊ နိုင်ငံတော်သံဃာ
အဖွဲ့အစည်းရှိနေသည့်အတွက် 'မဘသ မလို'ဟူသော ရန်ကုန်တိုင်းဝန်ကြီးချုပ်
ဦးဖြိုးမင်းသိန်း၏ပြောစကားသည် နိုင်ငံရေးပုံစံအဖြစ် ကူးပြောင်းသွားခြင်း ဖြစ်ကြောင်း၊
မဘသအဖွဲ့တွင် ဝေဖန်ထောက်ပြစရာ အဖွဲ့ဝင်ဆရာတော်အဖြစ် ဦးဝီရသူ ကဲ့သို့သော
အဖွဲ့ဝင်အနည်းငယ်သာရှိပြီး မဘသအဖွဲ့နှင့်ပတ်သက်ပြီး နိုင်ငံတကာက အဓိကအာရုံထား
ဂရုစိုက်လာခြင်းသည် ဦးဝီရသူကြောင့်သာ ဖြစ်ကြောင်း ၄င်းက ဆိုသည်။

အမျိုး၊ ဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့သည် ဖွဲ့စည်းခဲ့သော
လေးနှစ်တာကာလအတွင်း မျိုးစောင့်ဥပဒေလေးရပ်နှင့် ယဉ်ကျေးလိမ္မာသင်တန်းများ
ဆောင်ရွက်လျက်ရှိသကဲ့သို့ ကွန်ပျူတာသင်တန်းများနှင့် ဘာသာစကားသင်တန်းများ
စသည့် လက်မှုပညာနှင့်အသက်မွေးဝမ်းကြောင်းပညာများ၊ သဘာဝဘေးအန္တရာယ်ကျ
ရောက်လာသည့် ဒေသများသို့ မဘသဗဟိုက နိုင်ငံလုံးဆိုင်ရာ အကူအညီ အထောက်အပံ့များ
ဆောင်ရွက်ပေးခြင်း၊လက်ရှိ အကောင်အထည်ဖော်ရှိသော မဟော်သဓာ
ပညာရေးကျောင်းများကို အဓိက လုပ်ဆောင်လျက်ရှိသည်။

 ၂ဝ၁၅ ခုနှစ်အတွင်း ရန်ကုန်မြို့တွင် ကျင်းပခဲ့သည့် မျိုးစောင့်ဥပဒေလေးရပ် အောင်ပွဲ အခမ်းအနားကို တွေ့မြင်ရစဉ်။  ဇာနည်ဖြိုး/ မြန်မာတိုင်း(မ်)

စတုတ္တုအကြိမ် နိုင်ငံလုံးဆိုင်ရာ မဘသညီလာခံတွင် စဉ်းစားဆုံးဖြတ်ရမည့် အချက်

မဘသအဖွဲ့လုပ်ငန်းစဉ်များနှင့် ရည်ရွယ်ချက်များသည် မှန်ကန်ကောင်းမွန်သော်လည်း
အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အဖွဲ့၏ ဘာသာရေးပဋိပက္ခချုပ်ငြိမ်းစေသော
ရည်ရွယ်ချက်များနှင့် ကွာဟလျက်ရှိကြောင်း ရွှေဝါတော်သံဃာတော်များကွန်ရက်
အဖွဲ့ဝင်ဆရာတော်အရှင်အာစာရ (မြတောင်ကျောင်းတိုက်)က မိန့်သည်။

''ရည်ရွယ်ချက်တွေ အားလုံးက ကောင်းတယ်ဗျ။ ကောင်းလို့လည်း ဦးဇင်းတို့ကိုယ်တိုင်
အထက်ဗမာပြည် မဘသညီလာခံမှာ ကူညီခဲ့တယ်။ တကယ်အကောင်ထည်ဖော်
လုပ်ဆောင်ချက်တွေက ရည်ရွယ်ချက်တွေနဲ့ ဆန့်ကျင်သလို ဖြစ်နေတယ်၊ လွဲနေတယ်'' ဟု
ဆရာတော်က မိန့်သည်။

၂ဝ၁၅ ခုနှစ်တွင် ကျင်းပခဲ့သည့် မျိုးစောင့်ဥပဒေလေးရပ်အောင်ပွဲတွင် သီတဂူဆရာတော်
ဒေါက်တာအရှင်ဉာဏိဿ ရ က ဘာသာရေးနှင့် အမျိုးသားရေးအဖွဲ့အစည်းသည် မိမိနယ်မြေမှ
ကျော်လွန်ကာ နိုင်ငံရေး နယ်ပယ်သို့ ဝင်ရောက်ခြင်းမပြုရန် သတိပေးမိန့်ကြားခဲ့သည်။

မကွေးကျောင်းဆရာတော် ဦးပါမောက္ခသည် ၂ဝ၁၆ ခုနှစ် မဘသညီလာခံမတိုင်မီ
မဘသအဖွဲ့သည် ပါတီနိုင်ငံရေးဘက်လိုက်မှုများ ရှိသည်ဟုဆိုကာ မဘသအဖွဲ့မှ တရားဝင်
နုတ်ထွက်ခဲ့ပြီး အဖြူရောင် မဘသ လုပ်ငန်းများကို လုပ်ကိုင်မည်ဟု ပြောဆိုခဲ့သည်။

၂ဝ၁၅ ခုနှစ် အထွေထွေ ရွှေးကောက်ပွဲတွင် မဘသအဖွဲ့ဝင်အချို့၏ ပါတီနိုင်ငံရေးဆိုင်ရာ
ဘက်လိုက်မဲဆွယ်ပြောဆိုမှုများအပေါ် ဖွဲ့စည်းပုံစည်းမျဉ်းအရ အရေးယူရန် ပျက်ကွက်မှု၊
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့နှင့် မဘသအဖွဲ့ကြား ပေါ်ပေါက်ခဲ့သည် ဥပဒေရေးရာ
စည်းမျဉ်းစည်းကမ်းပိုင်းနှင့် တာဝန်ယူမှုဆိုင်ရာ ပြဿနာနှင့် မေးခွန်းများ၊ မဘသဗဟိုဦးဆောင်
ဆရာတော်တစ်ပါးဖြစ်သူ ဆရာတော် ဦးဝီရသူ၏ တရားဟောခွင့် ပိတ်ပင်ခံရသည့်အထိ
ဗုဒ္ဓဓမ္မတရားတော်များနှင့် ဆန့်ကျင်ကာ ပုဂ္ဂိုလ်ရေးခံစားချက်ထင်မြင်ချက်များကို
ဟောကြားချက်များသည် မဘသဟူသော အဖွဲ့အစည်းတစ်ရပ်အတွက် မည့်သို့သော
စည်းမျဉ်းမူဝါဒများဖြင့် ရှေ့ဆက်ဆောင်ရွက်မည်ဆိုသည်မှာ မဘသဗဟိုညီလာခံတွင်
ပြန်လည်စဉ်းစားသုံးသပ်ရမည့် အချက်ဖြစ်သည်။

''အခုဆိုရင် နိုင်ငံတကာက အထင်အမြင်တွေ လွှဲမှားလာကြတယ်။ ဒါကို မဘသအနေနဲ့
သတိပြု ဆောင်ရွက်သင့်တယ်။ မဘသ အမည်ခံပြီးတော့ တိုင်းပြည်ရော အဖွဲ့အစည်းရော
ဘာသာ၊ သာသနာရော ဂုဏ်သိက္ခာ ကျစေတဲ့ အဖွဲ့ဝင်အချို့ကို ဆန့်ကျင် ရှုတ်ချသင့်တယ်။
အထူးသဖြင့် ကိုယ့်ဘာသာကို ထိန်းသိမ်းကာကွယ်ရင်း ကိုယ့်ကိုယ်တိုင် ဖျက်ဆီးမိစေတာမျိုး
မဖြစ်ပါစေနဲ့'' ဟု ကိုမိုးဃ်သွေးက ပြောသည်။

ဒီမိုကရေစနစ်သို့ ကူးပြောင်းစပြုသည့် နိုင်ငံများတွင် အမျိုးသားရေးစိတ်နှင့်အတူ
ဘာသာရေးစိုးရိမ်မှုနှင့်လွှမ်းမိုးမှု ပေါ်ပေါက်လေ့ရှိသည့်အတွက် အမျိုးသားရေး
အဖွဲ့အစည်းများ၏ လှုပ်ရှားမှုသည် အချိန်တစ်ခုအတွင်း လျော့ကျသွားမည်ဖြစ်ကြောင်း၊
အမျိုးသားရေးလှုပ်ရှားမှုသည် နိုင်ငံတော်အစိုးအတွက် အကောင်းအဆိုး ဒွန်တွဲနေသည့်အတွက်
လိမ္မာပါးနပ်စွာ ကိုင်တွယ်နိုင်ရန်လိုအပ်ကြောင်း ပြည်ပနိုင်ငံရောက် သာသနာပြု
ဆရာတော်တစ်ပါးဖြစ်သည့် ဦးစိတ္တရ (ဘာသာပြန် စာရေးဆရာ ဇင်ဝေသော်) က မိန့်သည်။

''အမျိုးသားရေးထက် နိုင်ငံရေးအသုံးချနေတယ်လို့တော့ မထင်ဘူး။ ရှိလည်း ၂၅ ရာခိုင်နူန်းထက်
မပိုဘူး။ နိုင်ငံရေးသမားတွေကတော့ နိုင်ကွက်နဲ့ ကစားမှာပဲ။ အရေးကြီးလှတယ်လို့ မထင်ဘူး''
ဟု ဆရာတော်က မိန့်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး