သီးနှံအားလုံးတွင် မျိုးစေ့ထုတ်လုပ်ငန်းကို တွန်းအားပေးဆောင်ရွက်မည်

သီးနှံအားလုံးတွင် မျိုးစေ့ထုတ်လုပ်ငန်းကို တွန်းအားပေးဆောင်ရွက်မည်

လယ်ယာကဏ္ဍဖွံ့ဖြိုးရေးအတွက် အရည်အသွေးပြည့်မီသော မျိုးစေ့များ ထုတ်လုပ်ပေးနိုင်ရန်
လိုအပ်လျက်ရှိနေရာ စပါးတစ်သီးတည်းကိုသာ ဦးစားပေးသွားမည် မဟုတ်ဘဲ သီးနှံအားလုံးအတွက်ပါ
မျိုးစေ့ထုတ်လုပ်ငန်းများ ပေါ်ပေါက်လာရေး တွန်းအားပေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများက
ပြောကြားသည်။

နိုင်ငံတွင် မျိုးစေ့ထုတ်လုပ်ငန်းကို နိုင်ငံ ပိုင်ကဏ္ဍမှ တတ်နိုင်သမျှ ထုတ်လုပ်လျက် ရှိသော်လည်း
လိုအပ်ချက်ကြီးမားနေသောကြောင့် ပုဂ္ဂလိကမှ ၀င်ရောက်လုပ်ကိုင်နိုင်ရေးကို ပြီးခဲ့သည့်
အစိုးရလက်ထက်ကတည်းက တွန်းအားပေး ဆောင်ရွက်ခဲ့ရာ ယခင်ကကဲ့သို့ စပါးသီးနှံတစ်မျိုးတည်း
ကိုသာ ဦးစားပေးတော့မည် မဟုတ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ
ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမျိုးတင့်ထွန်းက ယခုလ ၁၅ ရက်တွင် ပြောသည်။

"စပါးကိုဦးစားပေးတော့ ကျန်တဲ့သီးနှံတွေမှာ အားလျော့တာပေါ့။ အခုတော့ တစ်ပြိုင်တည်း
(သီးနှံအားလုံးကို)တွန်းအားပေးမယ့် သဘောပါ။ ပုဂ္ဂလိကကိုလည်း နည်းနည်းတွန်းအားပေးမယ့်
သဘောပါပဲ။ ပုဂ္ဂလိကမှာ အချို့ကလုပ်ချင်ပေမဲ့ အရင်း အနှီးမရှိတဲ့သူလည်း ရှိတယ်လေ။ အဲဒီအပိုင်းမှာ
တတ်နိုင်သမျှ ဖြည့်ဆည်းပေးရင် အလုပ်ဖြစ်မှာပေါ့" ဟု ၎င်းက ပြောသည်။

လက်ရှိတွင် စိုက်ပျိုးရေးဦးစီးဌာနပိုင် သုတေသနခြံများမှ စပါးအပါအဝင် အရည်အသွေးပြည့် မျိုးစေ့များ
ထုတ်လုပ်ပေးလျက်ရှိသော်လည်း တောင်သူများ၏ လိုအပ်ချက်နှင့် ယှဉ်လျင် အလွန်နည်းသော
ပမာဏကိုသာ ထုတ်လုပ်နိုင်သေးသည်။

အဆိုပါခြံများမှ နှစ်စဉ်ထုတ်လုပ်ပေးနိုင်သော စပါးမျိုးစေ့ပမာဏမှာ တင်းပေါင်း
တစ်သိန်းနှစ်သောင်းခန့်သာ ရှိသောကြောင့် မိုးစပါး၊ နွေစပါးစိုက်ဧက ၁၈ သန်းခန့်အတွက်
အလွန်နည်းသော ပမာဏသာရှိသေးကြောင်း ယခုလ ၁၂ ရက်က ပြုလုပ်ခဲ့သော မျိုးစေ့ထုတ်လုပ်ခြင်း
ကွင်းသရုပ်ပြပွဲတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကိုက ပြောသည်။

သိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ်ဖြင့် စိုက်ပျိုးလျှင်ပင် စပါးတစ်ဧကလျင် မျိုးစေ့တစ်တင်းနှုန်း အနည်းဆုံး
သုံးစွဲရသောကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အနည်းဆုံးမျိုးစေ့တင်း ၁၈ သန်း လိုအပ်နေခြင်း
ဖြစ်သည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးရှစ်ခုတွင် ပုဂ္ဂလိကလုပ်ငန်းရှင် ၄၈ ဦးက ဧကပေါင်း ၁၂,၀၀၀ ကျော်၊
တောင်သူအစုအဖွဲ့ ၂၄၀ က ဧကပေါင်း ၁၄,၀၀၀ ကျော်တွင် မျိုးစေ့ထုတ်လုပ်ငန်း လုပ်ကိုင်ရန်
တင်ပြထားသည်ဟု ဦးအေးကိုကိုက ပြောသည်။

"မျိုးစေ့ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဟာ အလွန်အရေးကြီးပါတယ်။ လိုက်နာရမယ့်
လုပ်ငန်းစဉ်တွေဟာလည်း နည်းပညာအရ ကျွမ်းကျင်တဲ့သူတွေ၊ လုပ်ငန်းရှင်တွေ အပိုင်းကလည်း
စိတ်ဝင်တစားဆောင်ရွက်ပေးဖို့ အထူးလိုအပ်ပါတယ်"ဟု ၎င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး