ရခိုင်ပြည်နယ်တွင်းရှိ မြို့နယ်နှစ်ခုတွင် တစ်ရက်တည်းမီးလောင်မှုဖြစ်ပွား

ရခိုင်ပြည်နယ်တွင်းရှိ မြို့နယ်နှစ်ခုတွင် တစ်ရက်တည်းမီးလောင်မှုဖြစ်ပွား

ရခိုင်ပြည်နယ်အတွင်းရှိဘူးသီးတောင်မြို့နှင့် ပေါက်တောမြို့တို့တွင် မေလ ၁၇ ရက်နေ့
နံနက်ပိုင်း၌ မီးလောင်မှုများဖြစ်ပွားခဲ့ရာ ကာလတန်ဖိုး ငွေကျပ် သိန်း ၂၀၀ ခန့်ဆုံးရှုံးခဲ့ကြောင်း
မီးသတ်ဦးစီးဌာန၏ ကြေးနန်းများအရ သိရသည်။

ဘူးသီးတောင်မြို့တွင် ဆိုင်ကယ်အရောင်းဆိုင်အပါအဝင် ဆိုင်ခန်း ၆ ခန်းမီးလောင်ခဲ့ပြီး
ဆိုင်ကယ်များတွင် ဓါတ်ဆီထည့်ပြီး တစ်နေ့လုံးအပူခံထားရာမှ ညအချိန်တွင် အပူလွန်ကဲ၍
လောင်ကျွမ်းခြင်း ဖြစ်ကြောင်း၊ နံနက် ၃ နာရီခွဲခန့်တွင် စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး
ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅ သိန်းခန့် ဆုံးရှုံးခဲ့ကြောင်း၊ လူနှင့် တိရစ္ဆာန်များ
ထိခိုက်မှုမရှိကြောင်းကြေးနန်းတွင် ဖော်ပြထားသည်။

ထို့အတူ ပေါက်တောမြို့နယ်၊ ဘုတ်ဆိပ်အနီး ဓါတ်ဆီဆိုင်တွင် ထမင်းချက်ရာမှတစ်ဆင့်
မီးစွဲလောင်ခဲ့ရာ လူနေအိမ်နှင့် ဆိုင်ခန်းတွဲ ၁၅ အိမ်လောင်ကျွမ်းခဲ့ကြောင်း၊ မီးလောင်
ကျွမ်းမှုကြောင့် ကျား ၁၄ ဦးနှင့် မ ၁ ဦး ထိခိုက်ဒါဏ်ရာရရှိခဲ့ကြောင်း ပေါက်တောမြို့နယ်
မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းထွန်းက ပြောသည်။

“သွပ်မိုး ထရံကာအိမ်တွေကလုံးဝပျက်စီးသွားတယ်၊ တိုက်အိမ်တွေထဲမှာ နှစ်အိမ်ကတော့
လုံးဝပျက်စီး တယ်၊ စုစုပေါင်း တန်ဖိုးကတော့ သိန်း ၁၅၀ လောက်ဆုံးရှုံးပါတယ်။မီးသတ်၊
ရဲတပ်ဖွဲ့၊ ဌာဆိုင်ရာဝန်ထမ်းတွေနဲ့ ပြည်သူတွေဝိုင်းငြှိမ်းလို့၁၀ နာရီလောက်မှာ
အပြီးငြှိမ်းသတ်နိုင်ခဲ့တာပါ”ဟု ဦးမျိုးမင်းထွန်းက ဆိုသည်။

ဦးနိုင်နိုင်ထွန်းအိမ်မှ နံနက် ၈ နာရီခွဲခန့်တွင် စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီးမီးလောင်ရာ
တွင် ဒဏ်ရာရရှိသူ ထဲမှ အိမ်ရှင် နိုင်နိုင်ထွန်း အပါအဝင် ကျားလူနာ ၄ ဦးကို စစ်တွေ
ဆေးရုံသို့ ပို့ဆောင်ထားရပြီး နှစ်ဦးမှာ ဒါဏ်ရာပြင်းထန်ကြောင်း ၎င်းက ဆိုသည်။

မီးလောင်ကျွမ်းခြင်းပတ်သက်၍ ဦးနိုင်နိုင်ထွန်းကို ပေါက်တောမြို့မ ရဲစခန်းတွင်
မီးပေါ့့ဆမှု ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း
မြို့နယ်မီးသတ်ဦးစီးဌာနမှသိရသည်။

ပေါက်တောမြို့နယ်မီးလောင်မှုမှ မီးဘေးသင့်အိမ်ထောင်စုများအား နီးစပ်ရာဆွေမျိုးများ
အိမ်တွင် နေရာချထားပေးပြီး မီးဘေးသင့်သူများအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ
ငွေကျပ် ၉၈ သိန်း ထောက်ပံ့ပေးခဲ့ကြောင်း ပြည်နယ်အစိုးအရအဖွဲ့မှ
သတင်းထုတ်ပြန်ထားသည်။

ထို့ပြင် မီးလောင်မှုကြောင့် စစ်တွေဆေးရုံကြီးတွင် ဆေးရုံကြီးတွင်ဆေးကုသမှုခံယူနေသော
လူနာများအား ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ သွားရောက်တွေ့ဆုံခဲ့ပြီး မီးဘေးကြောင့်
ဒါဏ်ရာရရှိသူအားလုံး အတွက် ပြည်နယ် လွှတ်တော်မှ တစ်ဦးလျှင် ငွေကျပ် တစ်သိန်းစီ
ထောက်ပံ့ပေးခဲ့ကြောင်းလည်း ပေါက်တောမြို့နယ်မှပြည်နယ်လွှတ်တော်ကိုယ်စားလှယ်
ဦးအောင်ကျော်ထွေးကပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး