အသက် ၉၀ နှစ်ပြည့်ပြီးသူ နိုင်ငံသားတိုင်းအား လူမှုရေးပင်စင်ပေးမည်

အသက် ၉၀ နှစ်ပြည့်ပြီးသူ နိုင်ငံသားတိုင်းအား လူမှုရေးပင်စင်ပေးမည်

အသက် ၉၀ နှစ်ပြည့်ပြီး ဘိုးဘွားများအား လစဉ်ထောက်ပံ့ကြေးအဖြစ် တစ်လလျှင်
တစ်သောင်းနှုန်းဖြင့် သုံးလတစ်ကြိမ် ပေးအပ်သွားမည့်လူမှုရေးပင်စင်ကို
နိုင်ငံသားဖြစ်ပြီးသူတိုင်းခံစားခွင့်ရှိမည်ဖြစ်ကြောင်းရခိုင်ပြည်နယ်လူမှုဝန်ထမ်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး
ဦးသက်လှိုင်ထွန်းက မေလ ၁၇ ရက်နေ့တွင်ပြောသည်။

“နိုင်ငံ့ဘဏ္ဍာနဲ့ ဆောင်ရွက်တာဖြစ်တဲ့အတွက် နိုင်ငံသားဖြစ်ပြီးသူတိုင်းကို
ပေးအပ်သွားမှာဖြစ်ပါတယ်။ လူမျိုးဘာသာ ခွဲခြားထားခြင်းမရှိပါ ဘူး။အခုနှစ်က
စပေးမှာဆိုတော့ ၂၀၁၇ ခု၊ မတ်လ ၃၁ ရက်မှာ အသက် ၉၀ ပြည့်ပြီးသူ
အားလုံးပါမှာဖြစ်ပါတယ်” ဟု ဦးသက်လှိုင်ထွန်းက ဆိုသည်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏
ရန်ပုံငွေမှ ထောက်ပံ့ပေးခြင်းဖြစ်ပြီး ဧပြီ၊ မေ၊ ဇွန်သုံးလစာကို ဇွန်လ ၁၅ ရက်နေ့တွင်
လူမှုရေးပင်စင်ပေးအပ်သောနေ့ သတ်မှတ်ပြီး စတင်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊
လူမှုရေးပင်စင်တွင် လက်ရှိပင်စင်ခံစားနေသော အသက် ၉၀ နှစ်ပြည့်ပြီးသူတိုင်းလည်း
ထပ်ဆင့်ခံစားခွင့်ရှိမည် ဖြစ်ကြောင်း ဦးသက်လှိုင်ထွန်းက ပြောသည်။

လူမှုရေးပင်စင်အတွက်စာရင်းပေးသွင်းသူများမှာမှတ်ပုံတင် သို့မဟုတ် အိမ်ထောင်စု
စာရင်း ရှိရမည်ဖြစ်ပြီး၊ မရှိပါကရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အုပ်ချုပ်
ရေးမှူးတို့၏ ထောက်ခံစာနှင့်အတည်ပြုပေးပြီး လူမှုရေးပင်စင် ရရှိထိုက်သူအဖြစ်
သတ်မှတ်ပေးသွားမည်ဖြစ်ကြောင်း၊ ဘိုးဘွားများလက်ဝယ်အရောက် ပေးအပ်နိုင်ရေး
အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ဖြင့် ပူးပေါင်းဆောင်ရွက်
သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

“ကျွန်တော်တို့က သုံးလတစ်ကြိမ်ပေးမှာဆိုတော့ စာရင်းကောက်တဲ့လမှာ ပါဝင်ပြီးသား
ဘိုးဘွားတွေဟာ ကြားကာလမှာ သေဆုံးသွားခဲ့ရင်တောင် ပင်စင်သုံးလစာအပြည့်
ခံစားခွင့်ရှိမှာဖြစ်ပါတယ်။ ပင်စင်ငွေကို မိသားစုထံ လက်ရောက်ပေးအပ်သွားမှာပါ”ဟု
ဦးသက်လှိုင်ထွန်းက ဆိုသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ပထမအဖြတ်ပေးမည့် ခန့်မှန်း အရေအတွက်မှာ
လူဦးရေ ၁၅၀၀ ကျော်ရှိပြီး ယင်းအထဲတွင် ထပ်တိုးလာမည့်သူနှင့်သေဆုံးသူများ
ရှိနိုင်သည့်အတွက်စာရင်း ကတော့ တည်ငြိမ်မှုရှိမည်မဟုတ် ကြောင်း ၎င်းကပြောသည်။

တချို့နေရာများတွင်သတ်မှတ်စည်းကမ်းကိုက်ညီသော်လည်း မသိလိုက်၍ကျန်ခဲ့သူများ၊
အသက်ပြည့်၍ပါဝင်လာမယ့်ဘိုးဘွားများနှင့်သေဆုံးသွားသူများ အတွက်လည်း
စာရင်းကွာဟမှုမရှိဘဲ စနစ်တကျဖြစ်စေရန်လစဉ်စာရင်းကောက်ယူမှုများ ပြုလုပ်သွား
မည်ဖြစ်သည်။

လူမှုရေးပင်စင်၏ထူးခြားချက်မှာထည့်ဝင်ကြေးမရှိသောပင်စင်ဖြစ်ပြီးနိုင်ငံသား
တစ်ယောက်ဖြစ်သဖြင့်ရသင့်ရထိုက်သော လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းစဉ်
အရပေးသည့်ပင်စင်ဖြစ်သည်။

လူမှုဖူလုံရေးပင်စင် နှင့်နိုင်ငံ့ဝန်ထမ်း ပင်စင်များမှာ ထည့်ဝင်ကြေးရှိသောပင်စင်များဖြစ်သည်။
လူမှုဝန်ထမ်းဦးစီးဌာနမှ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် အသက်၉၀နှစ်အထက် ဘိုးဘွားများကို
ထောက်ပံ့ကြေး အနေနှင့်တစ်လတစ်သောင်းနှုန်းဖြင့်ထောက်ပံ့ပေးခဲ့ကြောင်း၊
၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင်နိုင်ငံတော်၏ဂုဏ်ပြုခံဘိုးဘွားများအဖြစ် တစ်ဦးလျှင် ငွေကျပ်
နှစ်သိန်းစီထောက်ပံ့ပေးခဲ့ကြောင်း ရခိုင်ပြည်နယ် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေးဦးစီးဌာနမှ သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး