ဖားကန့်ရှိ ကျောက်စိမ်းမှော်အချို့တွင် လုပ်ကွက်သက်တမ်းကျန်နေသည့် ကုမ္ပဏီနေရာတွင်
သက်တမ်းကုန် လုပ်ကွက်များ၏ စက်ယန္တာရားများက ပူးပေါင်းတူးဖော်မှုများ ရှိနေကြောင်း
Global Witness နှင့် ကချင်လူမျိုးဖွံ့ဖြိုးတိုးတက်ရေးကွန်ယက်က မေလ ၁၇ ရက်နေ့တွင်
ပြောဆိုလိုက်သည်။
ဖားကန့်၊လုံးခင်းရှိ ကထန်မှော် မရောင်မှော်၊ကရင်ချောင်မှော် စသည့်နေရာများတွင် တောက်ပကြယ်၊
တစ်သုံးလုံးကုမ္ပဏီနှင့် ကျန်သော ကုမ္ပဏီများအားလုံးက နာမည်မဖော်သော ကုမ္ပဏီများနှင့်
စက်ယန္တရားများအားလုံး ပူးပေါင်း၍ တူးဖော်ဆောင်ရွက်မှုများကိုယ်တိုင် တွေ့ရှိခဲ့ရကြောင်း
ကချင်လူမျိုးတိုးတက်ရေးကွန်ယက်အဖွဲ့ဝင် ဦးစာဂျီက ပြောသည်။
"သက်တမ်းကုန်သွားတဲ့ ကုမ္ပဏီတွေက သက်တမ်းရှိတဲ့ ကုမ္ပဏီလုပ်ကွက်တွေမှာ စက်ယန္တရား
ပူးပေါင်းပြီး ပိုပြီးကျယ်ကျယ်ပြန့်ပြန် ့ပူးပေါင်းနေတာကို တွေ့ရှိရတယ်။ ကျွန်တော်ကိုယ်တိုင်လည်း
တွေ့တယ်။ စောင့်ကြည့်နေတဲ့ သူတွေလည်း ရှိတယ်။ နောက်တစ်ခုက သက်တမ်းရှိတဲ့ ဟာတွေက
တချို့က ငါးဧကလို့ ပြောပေမယ့် စည်းစနစ်မကျပဲ တိုးချဲ့ပြီးမှ ဧက ၃၀ လောက်ထပ်ချဲ့တိုးပြီး
သတ်မှတ်ချက်ထက်ကျော်လွန်တာတွေ အထဲမှာ အမြောက်အများဖြစ်နေတယ်။ ဒေသခံလူထုလည်း
မသိဘူး။ အရင်အစိုးရခေတ်က အကျင့်က ပါလာတော့ လူတွေကလည်း ကြောက်တာပေါ့"ဟု
ယခုနှစ် မေလ ၁၇ ရက်နေ့၊ Park Royal Hotel တွင် ပြုလုပ်သည့် Global Witness ၏
ကျောက်စိမ်းနှင့် စစ်ဗိုလ်ချုပ်များ" မှတ်တမ်းရုပ်ရှင်သတင်းစာရှင်းလင်းပွဲတွင် ဦးစာဂျီက
ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
အလားတူ ယင်းကိစ္စနှင့်ပတ်သက်၍ Global Witness ၏ Senior Campaigner,
Ms Juman Kubba ကလည်း "ကျောက်စိမ်းနှင့် စစ်ဗိုလ်ချုပ်များ" မှတ်တမ်းရုပ်ရှင်အတွက်
ဖားကန့်ဒေသသို့ သွားရောက်စဉ်က သိရှိခြဲု့ခင်းဖြစ်သည်ဟု ပြောသည်။
"ဖားကန့်ကျောက်စိမ်းဒေသမှာ လုပ်ငန်းလုပ်တဲ့ အလုပ်သမားတွေဆီက ရရှိခဲ့တာဖြစ်ပါတယ်။
အလုပ်သမားတွေဆီက ဘာရသလဲဆိုတော့ အရင်လုပ်ကွက်မှာလုပ်နေတဲ့ လိုင်စင်ရပ်ဆိုင်းခဲ့တဲ့
စက်ယန္တရားတွေက လက်ရှိလုပ်ကိုင်နေတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ တနင်္လာနေ့က
၀န်ကြီးဌာနနဲ့ တွေ့ဆုံရာမှာ ကျွန်မတို့ တင်ပြခဲ့ပါတယ်"ဟု ၎င်းက ပြောသည်။
၂၀၁၆ ခုနှစ် ဇူလိုင်လမှစတင်၍ ၂၀၁၇ ခုနှစ် ဧပြီလအထိ လစဉ်သက်တမ်းကုန်လျှက်ရှိသော
မြန်မာနိုင်ငံအတွင်း ရတနာနယ်မြေအသီးသီးရှိ သက်တမ်းကုန်လုပ်ကွက်များ ၃၉၀၀ ကျော်
ရှိသည့်အနက် ဖားကန့်၊ လုံးခင်းရှိ သက်တမ်းကုန် ကျောက်စိမ်းလုပ်ကွက် ၁၀၀၀ ကျော် ပါ၀င်သည်။
အဆိုပါသက်တမ်းကုန်လုပ်ကွက်များသည် သက်တမ်းကုန်ပါက ကုမ္ပဏီများက
ဆက်လက်တူးဖော်ခွင့် မရှိပေ။
ယခုအခါသက်တမ်းကုန်ကုမ္ပဏီများထဲမှ ကုမ္ပဏီအချို့၏ စက်ယန္တရားများသည် တူးဖော်မှုများ
ရှိနေနေပြီး ကထန်မှော်ရှိ တောက်ပကြယ်ကုမ္ပဏီဝန်းအတွင်း၌လည်း သက်တမ်းကုန်ကုမ္ပဏီများ၏
စက်ယန္တရားများက အကွက်ချ၍ အပိုင်းလိုက်ခွဲခြားသတ်မှတ်ကာ တူးဖော်မှုများ ပြုလုပ်နေသည်ဟု
ကိုယ်တိုင်တွေ့ရှိခဲ့သူ လောပန်းလောင်းတစ်ဦးက ပြောသည်။















