ရခိုင်ပြည်နယ်သို့ ပထမဦးဆုံးအကြိမ်အဖြစ်သွားရောက်ခဲ့သည့် ဥရောပသမဂ္ဂ
လူသားချင်းစာနာထောက်ထားမှုပ့ံပိုးရေးနှင့် ပဋိပက္ခစီမံခန့်ခွဲရေး မဟာမင်းကြီး
မစ္စတာ ခရစ်စတိုစတန်လီယန်နီဒီစ်ကရခိုင်ပြည်နယ် မြောက်ပိုင်းဒေသလို့
လူသားချင်း စာနာထောက်ထားမှု အကူအညီများ ဝင်ရောက်ခွင့်ပြုရန် အစိုးရကို
ယခုလ ၁၅ ရက်က တိုက်တွန်းပြောကြားခဲ့သည်။
''ကျွန်တော်တို့ လိုချင်နေတဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ
ဝင်ရောက်ခွင့်ပြုဖို့အတွက် ပြဿနာတွေအများကြီး ကျန်နေသေးတယ်'' ဟု မစ္စတာ
ခရစ်စတိုစတန်လီယန်နီဒီစ်က အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြားခဲ့သည်။
ဥရောပသမဂ္ဂက ယခုလ ၁၆ ရက်တွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင်
ရခိုင်ပြည်နယ်သို့ လူသားချင်းစာနာထောက်ထားမှုအကူအညီများဝင်ရောက်ရန်
မြန်မာအစိုးရနှင့် ပိုမိုကောင်းမွန်သော ချိတ်ဆက်ဆောင်ရွက်မှု လိုအပ်နေဆဲဖြစ်ကြောင်း
ဖော်ပြခဲ့သည်။
''လတ်တလောမှာဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသ အကြမ်းဖက်မှုက
လူသားချင်းစာနာထောက်ထားမှုအကူအညီ အပူတပြင်းလိုအပ်မှုကိုဖြစ်စေတယ်။
ကျွန်တော့် ခရီးစဉ်အတွင်းမှာ လတ်တလောပဋိပက္ခပြီးနောက်မှာ အာဟာရချို့တဲ့မှု
နှုန်းထားတွေ ပိုပြီး ဆိုးရွားလာတာကို တွေ့ခဲ့ရတယ်'' ဟု မစ္စတာ လီယန်နီဒီစ်က
ပြောသည်။
မြန်မာနိုင်ငံသို့ ယခုလ ၉၁၂ ရက်များက ဒုတိယအကြိမ်မြောက်လာရောက်ခဲ့သည့်
နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ ဥက္ကဋ္ဌ မစ္စတာ ပီတာမတ်အာရာက ရခိုင်ပြည်နယ်အပါအဝင်
ပဋိပက္ခဖြစ်ပွားနေသော ဒေသများ၏ အခြေအနေကို နိုင်ငံတကာ ကြက်ခြေနီအဖွဲ့နှင့်
အခြားအဖွဲ့များ ပူးပေါင်း၍ ကူညီနိုင်ရန် ကိစ္စရပ်များကို နိုင်ငံတော် သမ္မတ၊ တပ်မတော်
ကာကွယ်ရေးဦးစီးချုပ်တို့နှင့် တွေ့ဆုံပြီး ဆွေးနွေးခဲ့ကြောင်း နိုင်ငံတကာကြက်ခြေနီအဖွဲ့က
ယခုလ ၁၆ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားသည့် အကူအညီပေးရေးလုပ်ငန်းများ
ကိုဆောင်ရွက်လျက်ရှိရာ အစိုးရနှင့် လက်မှတ်ရေးထိုးထားသည့် အဖွဲ့အစည်း ၁၉ ဖွဲ့ရှိပြီး
ယင်းအနက် ၁၂ ဖွဲ့သည် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးလုပ်ငန်းများ
လုပ်ကိုင်လျက်ရှိကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး
ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောသည်။















