ဧပြီလ ၂၈ ရက်တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ အစိုးရနှင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး
သဘောတူစာချုပ်(အင်န်စီအေ)တွင် လက်မှတ်မရေးထိုးရသေးသည့် လက်နက်ကိုင်အဖွဲ့ငါးဖွဲ့
တွေ့ဆုံဆွေးနွေးခဲ့ကြသော်လည်း အဆိုပါအဖွဲ့များ အင်န်စီအေတွင် လက်မှတ်ရေးထိုးရေး
ကြိုးပမ်းမှုမှာ မအောင်မမြင်ဖြစ်ခဲ့ရသည်။
ဆွေးနွေးပွဲ မအောင်မြင်ခဲ့ခြင်းမှာ စိတ်ပျက်စရာကောင်းသည်ဟူသော စကားလုံးမှလွဲ၍
အခြားသင့်တော်သည့် စကားလုံးမရှိချေ။ သို့ရာတွင် ယင်းသို့ မသေချာမရေရာမှုများမှာ
မြန်မာ့ငြိမ်းချမ်းရေး ဆွေးနွေးမှုများတွင် တွေ့ကြံုနေကျဖြစ်၏။
အဓိကနားလည်သင့်သည်မှာ အဆိုပါမအောင်မြင်မှုသည် လုံးဝဥဿံုအရေးနိမ့်ခြင်းမဟုတ်ဟူသည့်
အချက် ဖြစ်သည်။ အချိန် ရှိသေးသည်။ မေ ၂၄ ရက်၊ ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေး ညီလာခံ မတိုင်မီ
ပြုလုပ်မည့် ရန်ကုန်အစည်းအဝေး၌ နှစ်ဖက်အဖွဲ့များအကြား မိမိတို့၏ ကွဲပြားခြားနားမှုများကို
အဖြေရှာရန် အချိန်အလုံအလောက် ရှိသေး၏။
ရန်ကုန်အစည်းအဝေး၏ အဓိက အစီအစဉ်မှာ မွန်ပြည်သစ်ပါတီ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၊
ရခိုင်အမျိုးသားကွန်ဂရက်၊ လားဟူဒီမိုကရက်တစ်သမဂ္ဂနှင့် '၀' အမျိုးသားအဖွဲ့တို့ အင်န်စီအေတွင်
လက်မှတ်ရေးထိုးလာရေးပင် ဖြစ်သည်။ အဆိုပါ အဖွဲ့ငါးဖွဲ့၊ အင်န်စီအေတွင် အမြန်ဆုံး
လက်မှတ်ရေးထိုးနိုင်လေ၊ နိုင်ငံရေး ဆွေးနွေး အဖြေရှာမှု လမ်းကြောင်း ပိုမိုကောင်းမွန်လာလေ
ဖြစ်သည်။ လက်မှတ် ရေးထိုးရန် နှောင့်နှေးကြန့်ကြာနေခြင်းမှာ မည်သူတစ်ဦးတစ်ယောက်အတွက်မျှ
အကျိုး မရှိနိုင်ချေ။
အဆိုပါ လက်နက်ကိုင်အဖွဲ့ငါးဖွဲ့သည် ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို)၊ ရှမ်းပြည်နယ်
တိုးတက်ရေးပါတီ (အက်စ်အက်စ်ပီပီ) တို့နှင့်အတူ ညီညွတ်သောတိုင်းရင်း သားလူမျိုးများ
ဖက်ဒရယ်ကောင်စီ (ယူအင်န်အက်ဖ်စီ) ၏ အဖွဲ့ဝင်များ ဖြစ်ကြသည်။ ငါးဖွဲ့စလုံးက အင်န်စီအေတွင်
လက်မှတ်ရေးထိုးရန် ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြားထားပြီး ဖြစ်သော်လည်း ကေအိုင်အိုနှင့်
အက်စ်အက်စ် ပီပီကမူ လက်မှတ်ရေးထိုးရေးကိစ္စကို အတိအကျ သဘောထားထုတ်ပြန်ခြင်း
မရှိသေးပေ။
၎င်းတို့အနေဖြင့် အင်န်စီအေတွင် ကေအိုင်အိုနှင့် အက်စ်အက်စ်ပီပီ နှစ်ဖွဲ့စလုံး ပါ၀င်လာရန်
လိုလားကြသည်။ သို့မှသာ ယူအင်န်အက်ဖ်စီ အဖွဲ့တစ်ဖွဲ့လုံး အင်န်စီအေတွင် ပါ၀င်လာကာ အဖွဲ့၏
ညီညွတ်မှုကို ရရှိမည်ဖြစ်ပြီး အုပ်စုတစ်ခုချင်းထက် အဖွဲ့၏ အကျိုးကို ဆောင်နိုင်မည် ဖြစ်သည်။
သို့ရာတွင် ယင်းအချက်ကပင်လျှင် လက်နက်ကိုင်အဖွဲ့ငါးဖွဲ့နှင့် အစိုးရ၊ နှစ်ဖက်စလုံးကို ကျဉ်းထဲကျပ်ထဲ
အခြေအနေကို ရောက်ရှိစေခဲ့၏။ လက်တွေ့အခြေအနေ အရ၊ အထူးသဖြင့် ကေအိုင်အိုနှင့်
အက်စ်အက်စ်ပီပီတို့မှာ '၀' တပ်ဖွဲ့ ဦးဆောင်သော မြောက်ပိုင်းမဟာမိတ်အဖွဲ့မှတစ်ဆင့် အခြားသော
ငြိမ်းချမ်းရေး လမ်းကြောင်းတစ်ခု သို့ ဦးတည်သွားနေသည့် ယခုအချိန်မျိုးတွင် အစိုးရအနေဖြင့်
ယူအင်န်အက်ဖ်စီအဖွဲ့ တစ်ခုလုံးထက် အဆိုပါ လက်နက်ကိုင်အဖွဲ့ ငါးဖွဲ့ကိုသာ အာရုံစိုက်ရန်မှာ
ပို၍ သဘာဝကျမည် ဖြစ်သည်။
လက်နက်ကိုင် အဖွဲ့ငါးဖွဲ့အနေဖြင့် အင်န်စီအေတွင် လက်မှတ်ထိုးခြင်းအားဖြင့် မည်သည့်
အကျိုးကျေးဇူးများရရှိမည်နည်းဟု မေးခွန်းထုတ်စရာ ရှိသည်။
အဖွဲ့ ငါးဖွဲ့အနက် အင်အားအကြီးဆုံး နှစ်ဖွဲ့မှာ မွန်ပြည်သစ်ပါတီနှင့် ကရင်နီအမျိုးသားတိုးတက်ရေး
ပါတီဖြစ်သည်။ ထိုအဖွဲ့နှစ်ဖွဲ့အကြားတွင် အပြန်အလှန် အပစ်အခတ်ရပ်စဲရန် သဘောတူညီပြီးဖြစ်၏။
နှစ်ဖက်အဖွဲ့များ၏ အထူးကြိုးပမ်းအားထုတ်မှုကြောင့် အဆိုပါစာချုပ် ချုပ်ဆိုပြီးကတည်းက
သေနတ်တစ်ချက်မျှပင် ပစ်ဖောက်ခဲ့ကြခြင်း မရှိသလို နှစ်ဖက်စလုံးကလည်း လက်ရှိ
အပစ်အခတ်ရပ်စဲထားမှု အခြေအနေ ထိခိုက်ပျက်စီး မည်ကို လိုလားခြင်း မရှိကြချေ။
အဖွဲ့အတွင်းရှိ ကျန်လက်နက်ကိုင် အုပ်စု သုံးခုမှာမူ စစ်ရေးအရ လှုပ်ရှားမှုမရှိကြောင်း တွေ့ရသည်။
သို့ဖြစ်၍ အစိုးရတပ်ဖွဲ့များ၏ စစ်ရေးဖိအားလည်း မရှိကြချေ။ လက်ရှိဖြစ်ပေါ်နေသည့်
အခြေအနေများအရ စစ်ရေးနည်းလမ်းမှာ ဖြစ်နိုင်ခြေနည်းပြီး၊ အဖွဲ့ငါးဖွဲ့စလုံးအနေဖြင့် ဆွေးနွေးပွဲကို
တတ်နိုင်သမျှ အချိန်ဆွဲနိုင်သမျှ ဆွဲနေနိုင် သည့် အနေအထားမျိုးဖြစ်သည်။ သို့ရာတွင် နိုင်ငံရေး
ဖိအားမှာမူ ရှိနိုင်၏။
အင်န်စီအေတွင် လက်မှတ်မထိုးသဖြင့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတွင် ပါ၀င်ခွင့် မရရှိပါက
အဆိုပါ အဖွဲ့ငါးဖွဲ့၏ သဘောထားမှာ အရေးပါတော့မည်မဟုတ်။ ၎င်းတို့အတွက် ကြီးမားသော
အခွင့်အရေး ဆုံးရှုံးမှုကြီးတစ်ရပ်ပင် ဖြစ်မည်။
သို့ရာတွင် အစိုးရကိုယ်တိုင်မှာလည်း ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတွင် တိကျရေရာသော
အဖြေတစ်ခု ထုတ်နိုင်ရေးဆိုသည့် ဖိအားအောက်တွင် ရှိနေသည်။ မအောင်မြင်မှုများ ရှိလင့်ကစား
အစိုးရမှာ ကြီးမားသည့် လူထုထောက်ခံမှု ရှိနေဆဲဖြစ်သည်။ ယူအင်န်အက်ဖ်စီ ပါ၀င်လာရန် အစိုးရက
အချိန်အကြာကြီး စောင့်စားခဲ့ရသည်။ ယခုအခါ အစိုးရမှာ မည်သူ့ကိုမျှ စောင့်ဆိုင်းနေတော့မည်
မဟုတ်။ ယင်းသို့ မစောင့်ဆိုင်းမည့် အဖွဲ့များတွင် လက်မှတ်မရေးထိုးသည့် အဖွဲ့ငါးဖွဲ့သော်
လည်းကောင်း၊ ယူအင်န်အက်ဖ်စီသော်လည်းကောင်း ပါ၀င်နေသည်။ ၎င်းတို့ ပါ၀င်သည်ဖြစ်စေ၊
မပါ၀င်သည်ဖြစ်စေ၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံမှာ ဆက်လက် ခရီးဆက်မည်ဖြစ်သည်။
အခြေခံအကျဆုံးအချက်မှာ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတွင် ယူအင်န်အက်ဖ်စီ သို့မဟုတ်
အဖွဲ့ငါးဖွဲ့ မပါ၀င်ခြင်းမှာ အစိုးရ၏ ငြိမ်းချမ်းရေးခရီးစဉ်ကို အပြောင်းအလဲတစ်ခုခု
ဖြစ်စေနိုင်လောက်အောင် အရေးပါခြင်း မရှိဟူသော အချက်ဖြစ်သည်။
မူလ တိုင်းရင်းသားအဖွဲ့ ၁၅ ဖွဲ့စလုံး ပါ၀င်ရေးအတွက် ကြိုးပမ်းမှုမှာ ၂၀၁၅ မတ်လမှ
စတင်ရေတွက်လျှင် အချိန်နှစ်နှစ် ကြာမြင့်ခဲ့ပြီဖြစ်၏။ လက်ရှိအစိုးရ၏ မချင့်မရဲဖြစ်နေမှုကို
အားလုံးသတိပြုမိနိုင်မည် ဖြစ်သည်။
လက်ရှိအချိန်တွင် မြန်မာအစိုးရနှင့် တပ်မတော်သည် အင်န်စီအေကို ပြန်လည်ဆွေးနွေးညှိနှိုင်းမည်
မဟုတ်ကြောင်း ထပ်ခါတလဲလဲ ပြောဆိုနေခဲ့သည်။
လက်မှတ်ရေးထိုးမထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အမြင်အရ အင်န်စီအေကို
လက်မှတ် ရေးထိုးခြင်းသည် နောက်ပြန်လှည့်မရသည့် အခြေအနေဖြစ် ပေါ်စေပြီး အစိုးရက
လက်ခံရန် မပြင်ဆင်ထားသည့် အင်န်စီအေ အဝန်းအဝိုင်းအပြင်ဘက်ရှိ တောင်းဆိုမှုများကိုသာ
တောင်းဆို နေခဲ့ကြသည်။
အင်န်စီအေကို လက်မှတ်ရေးထိုးခြင်းသည် လက်နက်စွန့်ခြင်း မဟုတ်ချေ။ လက်မှတ်ရေးထိုးပါက
လက်မှတ်ရေးထိုးသည့်အဖွဲ့ကို မတရားအသင်းအက်ဥပဒေမှ ကင်းလွတ်ခွင့် ရရှိစေမည်ဖြစ်ပြီး
ပြည်ထောင်စု ငြိမ်းချမ်း ရေးညီလာခံ တက်ရောက်ခွင့်အတွက် အာမခံချက်လည်း ရရှိမည်ဖြစ်သည်။
အမှန်တကယ်တွင်မူ အင်န်စီအေ ဆိုသည်မှာ သဘောတူညီမှု တစ်ခုသာဖြစ်ပြီး အလုပ်မဖြစ်ပါက
မည်သူမဆို နုတ်ထွက်ခွင့် ရှိနေသည်သာ ဖြစ်သည်။ လက်ရှိအချိန် အထိတွင်မူ အင်န်စီအေ
လက်မှတ်ရေးထိုးထားသည့် အဖွဲ့များက အဆိုပါအချက်ကို နုတ်ဆိတ်နေကြပြီး ရှေ့သို့
ဆက်လက်ဆောင်ရွက်နိုင်ရေးကိုသာ အလေးပေးနေခဲ့ကြသည်။
လက်ရှိအချိန်တွင် ချောင်ပိတ်မိနေသည့် အခြေအနေမှ ရုန်းထွက်နိုင်ရေးအတွက်
လာမည့်အစည်းအဝေး၌ နှစ်ဖက်စလုံးက အဖြေရှာကြမည် ဖြစ်သည်။ ယူအင်န်အက်ဖ်စီ၏
တောင်းဆိုမှု တစ်စိတ်တဒေသအတွက် ချည်နှောင်မှုမရှိသော ကတိကဝတ်စာချုပ် ချုပ်ဆိုခြင်းမျိုး
ဖြစ်ကောင်းဖြစ်နိုင်မည်။
ယခင်ကလည်း "ငြိမ်းချမ်းရေးနှင့် အမျိုးသားရင်ကြားစေ့ရေးအတွက် ကတိကဝတ်စာချုပ်" ဆိုသည့်
စာချုပ်မျိုးကို အင်န်စီအေချုပ်ဆိုရေး ကျပ်ကျပ်တည်းတည်း ရောက်ခဲ့စဉ် ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလက
လက်မှတ်ထိုးခဲ့ဖူးသည့် အစဉ်အလာ ရှိသည်။
၂၀၁၅ ကတိကဝတ်စာချုပ်၏ အဓိကအချက်မှာ "၂၀၁၅ အထွေထွေရွေးကောက်ပွဲ မတိုင်မီ၊
အင်န်စီအေကို မပျက်မကွက် အပြီးသတ် ချုပ်ဆိုပြီး နိုင်ငံရေးဆွေးနွေးပွဲများ စတင်ရန်" ဟူ၍ ဖြစ်ကာ
အင်န်စီအေကို အမြန်ဆုံး ချုပ်ဆို၍ နိုင်ငံရေးဆွေးနွေးပွဲအတွက် အချိန်ဇယားသတ်မှတ်နိုင်ရေး
အလေးပေး ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်၍ လက်ရှိအနေအထားတွင် ၂၀၁၅ ခုနှစ်က
ကတိကဝတ်စာချုပ် ချုပ်ဆိုခဲ့မှုကို နမူနာယူ၍ အလားတူ စာချုပ်မျိုး ချုပ်ဆိုရေး စဉ်းစားကောင်း
စဉ်းစားနိုင်မည်ဖြစ်သည်။
အင်န်စီအေတွင် လက်မှတ်ထိုးရန် ကျန်ရှိနေသည့် လက်နက်ကိုင်အဖွဲ့ငါးဖွဲ့က ပါ၀င်လက်မှတ်
ရေးထိုးပါက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ကြီးစွာ အထောက်အကူပြုမည်ဖြစ်သည်။ အစိုးရ၊
လက်နက်ကိုင် အဖွဲ့ငါးဖွဲ့နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ တရားဝင်မှုကို ပိုမိုအားကောင်းစေမည်လည်း
ဖြစ်၏။ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီမှုအောက်တွင် တိုင်းပြည်၏
ဒေသအနှံ့အပြား ပိုမိုပါ၀င်လာခြင်းကြောင့် လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားလျက်ရှိသော ဒေသများရှိ
လူ့အဖွဲ့အစည်းများအတွက် ပိုမိုကောင်းမွန်သည့် အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်လည်း
ဖြစ်သည်။
တပ်မတော်သည် ကေအိုင်အိုနှင့် တွေ့ဆုံသွားမည်ဟူသော သတင်းများပေါ်ထွက်နေသဖြင့်
လက်မှတ်ရေးထိုးရာတွင် ကေအိုင်အိုကို ချန်လှပ်ထားခြင်းက မြောက်ပိုင်းဒေသလက်နက်ကိုင်
ပဋိပက္ခများ ပိုမိုကြီး ထွားလာမည်ဟု စိုးရိမ်ပူပန်မှုများမှာလည်း လျော့နည်း သက်သာဖွယ် ကောင်းပြီ
ဖြစ်သည်။
အချုပ်အားဖြင့် လက်ရှိအပြုသဘောအခြေအနေများကို ထည့်သွင်းစဉ်းစားလျက် တိုင်းရင်းသား
လက်နက်ကိုင်အဖွဲ့ ငါးဖွဲ့သည် တိကျရေရာသည့် အဖြေနှင့်အတူ၊ သို့မဟုတ် အင်န်စီအေကို
လက်မှတ်ရေးထိုးမည့် အချိန်ဇယားနှင့်တကွ ယခုလာမည့် ဆွေးနွေးပွဲသို့
တက်ရောက်သင့်ကြပေသည်။
ဇော်ညွန့် ဘာသာပြန်သည်။
(ဦးအောင်နိုင်ဦးသည် 'ငြိမ်းချမ်းရေးခရီး- မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါ၀င်ဆောင်ရွက်ခဲ့သူ
တစ်ဦး၏ မှတ်တမ်း' စာအုပ်ကို ရေးသားခဲ့သူ ဖြစ်သည်။)
















