၂ဝ၁၇ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့တွင် ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍
နိုင်ငံရေးပါတီ(၁၃) ပါတီနှင့်လူပုဂ္ဂိုလ် (၁၄)ဦးမှကန့်ကွက်စာတင်ပြထားမှုကိုအရေးယူ
ဆောင်ရွက်ရန်မရှိကြောင်းပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ မေလ ၁၈ ရက်နေ့က
ထုတ်ပြန်သည်။
၂ဝ၁၇ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့တွင် ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ နာယက ဦးတင်ဦးနှင့်
ဗဟိုအလုပ်အမှုဆောင်အဖွဲ့၊အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်တို့၏ ဆောင်ရွက်ချက်
များသည် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့် ပြည်ထောင်စု
ရွေးကောက်ပွဲကော်မရှင် ဥပဒေများပါ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်ရာရောက်သဖြင့်
ဥပဒေနှင့်အညီအရေးယူပေးပါရန် နိုင်ငံရေးပါတီ(၁၃) ပါတီမှလည်းကောင်း၊ လူပုဂ္ဂိုလ် (၁၄)ဦးမှ
လည်းကောင်း ကန့်ကွက်တင်ပြသည့်စာများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ
လက်ခံရရှိခဲ့ကြောင်းကော်မရှင်၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
"ကော်မရှင်ရဲ့အဆုံးအဖြတ်ဟာအတည်ဖြစ်တဲ့အတွက် ကော်မရှင်လမ်းကြောင်းကတော့
ပြီးသွားပြီပေါ့ ဒါနဲ့့ပတ်သက်ပြီးဘယ်လိုဆက်လက်ဆောင်ရွက်မယ်ဆိုတာကတော့
ဆယ့်သုံးပါတီအစည်းအဝေးထိုင်ပြီးနောက်ထပ်ခြေလှမ်းတစ်ခုကိုချမှတ်မယ်"ဟု
အမျိုးသားဒီမိုကရေစီပါတီသစ်ဥက္ကဌ ဦးသိန်းညွန့်က မြန်မာတိုင်းမ်သို့
မေလ ၁၉ ရက်နေ့တွင်ပြောသည်၊
အစိုးရအဖွဲ့အကြီးအကဲများကဖြစ်စေ၊ အနိုင်ရပါတီ၏ တာဝန်ရှိပုဂ္ဂိုလ်များကဖြစ်စေ
ပြည်သူလူထုသို့ တစ်နှစ်တာဆောင်ရွက်ချက်များနှင့်ရှေ့လုပ်ငန်းစဉ်များကို
ရှင်းလင်းတင်ပြအသိပေးမှုများသည် ထုံးတမ်းစဉ်လာလုပ်ရိုးလုပ်စဉ်မျှသာဖြစ်ကြောင်း
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတ်မှတ်သည့် ၂ဝ၁၇ခုနှစ် ကြားဖြတ်
ရွေးကောက်ပွဲကျင်းပသည့်ကာလနှင့် အစိုးရအဖွဲ့တာဝန်ယူသည့် တစ်နှစ်ပြည့်
ကာလတို့ တိုက်ဆိုင်မှုကြောင့်သာ ယခုကဲ့သို့ ကန့်ကွက်မှုများ ပေါ်ပေါက်လာခြင်း
ဖြစ်ကြောင်း သုံးသပ်တွေ့ရှိရကြောင်းထို့ပြင်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်
အနိုင်ရပါတီ၏ တာဝန်ရှိပုဂ္ဂိုလ်များကပြည်သူလူထုသို့ ရှင်းလင်းတင်ပြအသိပေးမှုများသည်
မဲဆွယ်စည်းရုံးသည့်သဘောမပါရှိဟုသုံးသပ်တွေ့ရှိရကြောင်းလည်းကော်မရှင်က
ထုတ်ပြန်သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ကန့်ကွက်စာတွင်ဖော်ပြထားသည့်
ဥပဒေပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်ရာရောက်သည်ဟုဆိုသည့်
ဆောင်ရွက်ချက်များအပေါ် ဥပဒေ၊ နည်းဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ အသေးစိတ်
လေ့လာစိစစ် ဆွေးနွေးသုံးသပ်ခြင်းများကို အချိန်ယူ၍ ဆောင်ရွက်ခဲ့ကြောင်း၊
ဆွေးနွေးချက်များအရ ၂ဝ၁၇ ခုနှစ်၊ ကြားဖြတ်ရွေးကောက်ပွဲကျင်းပရန် ပြည်ထောင်စု
ရွေးကောက်ပွဲကော်မရှင်က ရွေးချယ်သတ်မှတ်သည့်ဧပြီလ(၁)ရက်နေ့အပေါ်အကြောင်းပြု၍
ဖြစ်ပေါ်လာကြောင်းသုံးသပ်တွေ့ရှိရကြောင်းလည်း ထုတ်ပြန်ချက်တွင်
ဖော်ပြထားသည်။
၂ဝ၁၇ ခုနှစ်၊ကြားဖြတ်ရွေးကောက်ပွဲကျင်းပရန် ဧပြီလ ၁ ရက်နေ့ (စနေနေ့)ကို
သတ်မှတ်ရွေးချယ်ခဲ့ခြင်းသည် ၂ဝ၁၂ ခုနှစ်၊ ကြားဖြတ်ရွေးကောက်ပွဲကျင်းပခဲ့သည့်
ရက်ဖြစ်ခြင်းနှင့် တနင်္ဂနွေနေ့တွင် ရွေးကောက်ပွဲကျင်းပခြင်းမပြုလုပ်သင့်ကြောင်း
တိုင်းရင်းသားပြည်သူအချို့၏ အကြံပြုတင်ပြခြင်းတို့အရဖြစ်ကြောင်း၊ယင်းသို့
သတ်မှတ်ခဲ့ခြင်းသည် နိုင်ငံတော်အစိုးရအဖွဲ့ကသော်လည်းကောင်း၊ နိုင်ငံရေးပါတီ
တစ်ခုခုက သော်လည်းကောင်း၊ လူပုဂ္ဂိုလ်တစ်ဦးဦးက သော်လည်းကောင်း အကြံပြုခြင်း၊
လမ်းညွှန်ခြင်းတို့ကြောင့်မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အဆိုပါ အချက်များကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည်
အဆိုပါကန့်ကွက်စာများနှင့်စပ်လျဉ်း၍ အရေးယူဆောင်ရွက်ရန်မရှိပါကြောင်း
သတင်းထုတ်ပြန်ခဲ့သည်။















