ဒဏ်ရာပြင်း သံဃာလေးပါး ထိုင်း၌ သွားရောက်ကုသလို

ဒဏ်ရာပြင်း သံဃာလေးပါး ထိုင်း၌ သွားရောက်ကုသလို

လက်ပံတောင်းတောင်အရေးတွင် ဒဏ်ရာရရှိခဲ့သော သံဃာများအနက် သံဃာလေးပါးမှာ ပြင်းထန်
စွာ ဒဏ်ရာရရှိခဲ့ရာ ထိုင်းနိုင်ငံသို့ သွားရောက်ကုသရန်အတွက် ဆန္ဒများရှိနေကြောင်း သံဃာစောင့်
ရှောက်ရေးအဖွဲ့နှင့် ကာယကံရှင် သံဃာများထံမှ သိရသည်။

"ဒဏ်ရာပြင်းတဲ့ သံဃာတွေရဲ့ ဆန္ဒ တွေကတော့ ထိုင်းနိုင်ငံကိုသွားပြီးဆေး ကုသချင်တဲ့ ဆန္ဒတွေ
ရှိနေကြတယ်။ မန္တလေးမှာလည်း ဆေးတွေက အဆင့်မီတယ်လို့ ဆေးရုံအုပ်ကြီးကတော့ ပြောပါ
တယ်။ ကူညီပံ့ပိုးပေးမယ့်သူတွေလည်း ရှိနေတယ်။ ဦးဇင်းတို့ကလည်း ဒဏ်ရာ တွေကို အမြန်
ပျောက်စေချင်တယ်။ မြင်ရတာ စိတ်မကောင်းဘူး"ဟု သံဃာ စောင့်ရှောက်ရေးအဖွဲ့မှ ဥူးသု (ခေါ်)
ဥူးဝိမလက မိန့်ကြားသည်။

ထိုင်းနိုင်ငံသို့ သွားရောက်ကုသမည်ဆိုပါက ကူညီဆောင်ရွက်ပေးမည့်သူများလည်း အဆင့်သင့်ရှိ
ကြောင်းနှင့် ထိုင်းနိုင်ငံဘက်တွင် ရွှေညဝါဆရာတော်ကြီးက လိုအပ်သည့် အကူအညီများပေးသွား
မည် ဖြစ်သည်။

ထိုင်းနိုင်ငံသို့ သွားရောက်ကုသနိုင်ရန်အတွက် မန္တလေးဆေးရုံအုပ်ကြီးနှင့် ကျန်းမာရေးဝန်ကြီးတို့နှင့်
ညှိနှိုင်းတိုင်ပင် နေကြောင်းသိရသည်။

ထိုင်းနိုင်ငံသို့သွားရောက်ကုသမည်ဆိုပါက ဆေးရုံအပြောင်းအရွှေ့အနေနှင့် ဆောင်ရွက်ပေးခြင်းမျိုး
မဟုတ်ပဲ လူနာသဘောဆန္ဒအရ ဆင်းခွင့်ပြုပြီး ထိုင်းသို့ သွားရောက်ကုသနိုင်ရန်အတွက်ကိုပင်
တာဝန်ရှိသူများမှ ဆောင်ရွက်ပေးနိုင်ခြင်းမျိုးမရှိသေးကြောင်း သံဃာကူညီ စောင့်ရှောက်ရေးအဖွဲ့မှ
သံဃာများထံမှ သိရသည်။

"ဒီမှာလည်း ကုသမှုပိုင်းမှာတော့ အဆင်ပြေနေပါတယ်။ ကော်မရှင်တွေလည်း ဒီကိုလာသွားတာ
ကျန်းမာရေး အခြေအနေအရ အားရတယ်လို့ ပြောပါတယ်။ ထိုင်းကို သွားကုသခွင့်ပေးတယ်။ မပေး
ဘူးဆိုတာကတော့ ကျွန်တော်ဆုံး ဖြတ်လို့မရပါဘူး။ ကော်မရှင်ရဲ့ ဆုံးဖြတ်မှုက အဓိကပါ။
ကျွန်တော်တို့က ကော်မရှင်ကို ၀င်ရောက်စွက်ဖက် ပိုင်ခွင့် မရှိပါဘူး"ဟု ဆေးရုံတက်သံဃာများ၊
ပြည်သူများနှင့် ဆေးရုံကြားတွင် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသော မန္တလေးတိုင်းဒေသ
ကြီးလူမှုရေးဝန်ကြီး ဒေါက်တာဝင်းလှိုင်က ပြောသည်။

လက်ပံတောင်း တောင်သပိတ်စခန်း ဖြိုခွဲမှုကြောင့် ခန္ဓာကိုယ်အောက်ပိုင်း တစ်ခုလုံး ဒဏ်ရာရရှိခဲ့
သော မန္တလေးဘုရားကြီးတိုက်မှ ဥူးဝိသုဒ္ဓက "ဆရာတော်ဥူးတိက္ခကတော့ ထိုင်းကိုသွားကုဖို့
ရန်ကုန်ရောက်နေပြီ။ အဲဒါကို အရင်ကြည့်ရအုံးမှာပဲ အဆင်ပြေပြေနဲ့ ထိုင်း ကိုရောက်မရောက်နဲ့
ကုသမှုအခြေအနေ ကောင်းမကောင်းကို ကူညီပံ့ပိုးပေးမယ့် သူတွေလည်းရှိနေတော့ ဒဏ်ရာမြန်မြန်
ပျောက်ဖို့ ထိုင်းကိုသွားပြီး ကုချင်တယ်" ဟု မိန့်ကြားသည်။

ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သော မုံရွာ မြို့မရွှေကူကျောင်းတိုက်မှ
ကိုရင်ရှင်သဇ္ဇနက "အောက်ပိုင်းတစ်ခုက အနာက ခံရခက်တယ်။ ဒီမှာ ကုတာထက်စာရင် ထိုင်းမှာ
ကုမယ်ဆိုရင်တော့ ဒဏ်ရာတွေပျောက်မှာ ပိုမြန်မှာပါ။ ဒီလိုပုံစံနဲ့ အကြာကြီးမနေချင်တော့ဘူး"ဟု
မိန့်ကြားသည်။

မန္တလေးဆေးရုံကြီးတွင် ဒဏ်ရာပြင်း ဖြင့်ကုသနေသော သံဃာလေးပါးအား ထိုင်းနိုင်ငံသွားရောက်
ကုသရန်အတွက် လိုအပ်သည့် သံဃာမှတ်ပုံတင်များကိုလည်း ဆောင်ရွက်လျက်ရှိသည်။

ဒီဇင်ဘာ ၁၂ နေ့အချိန်ထိ မန္တလေးဆေးရုံကြီးတွင် တက်ရောက်ကုသနေသော သံဃာ ၁၈ ပါးနှင့်
လူပုဂ္ဂိုလ် လေးဦး၊ ကန်တော်နဒီဆေးရုံတွင် တက်ရောက်ကုသနေသော သံဃာ ၁၀ ပါးသာ ကျန်ရှိ
တော့ကြောင်း သံဃာကူညီစောင့်ရှောက်ရေးအဖွဲ့စာရင်းများအရ သိရသည်။

သပိတ်စခန်းတွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သော ဆရာတော် ဥူးတိက္ခဉာဏ သည်ဒီဇင်ဘာ ၁၃
ရက်နေ့တွင် ထိုင်း နိုင်ငံသို့ သွားရောက်ကုသရန်အတွက် အဆင့်သင့်ရှိနေပြီ ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး