ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လားရှိုး မူဆယ်လမ်းပိုင်းနှင့် မူဆယ် နမ့်ခမ်းလမ်းပိုင်းများကို
ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းရောက်ဖြစ်ခဲ့သည်။ မကြာခင်က တိုက်ပွဲများ အပြင်းအထန်
ဖြစ်ပွားခဲ့ရာ ဒေသများ ဖြစ်သောကြောင့် လုံခြုံရေးအရ စိုးရိမ်မှုများရှိသော်လည်း အဆိုပါ
လမ်းမကြီးများတွင် မြောက်မြားလှသော မော်တော်ယာဉ်များ နေ့စဉ်အဆက်မပြတ်
ဖြတ်သန်းသွားလာလျက်ရှိသည်။


ပြည်ထောင်စုလမ်းမကြီးဟု ခေါ်တွင်သည့် မန္တလေး မူဆယ်အဝေးပြေးလမ်းမကြီးသည်
တရုတ် မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အဓိကအရေးပါပြီး၊ တစ်နိုင်ငံလုံး နယ်စပ်
ကုန်သွယ်ရေး၏ ၆ဝ ရာခိုင်နှုန်းခန့်ရှိသည်။ ဒေသခံများ၏အဆိုအရ အဆိုပါလမ်းမကြီးတွင်
နေ့စဉ်မော်တော်ယာဉ်စီးရေ ၄,ဝဝဝ ခန့်ဖြတ်သန်းသွားလာနေပြီး၊ လမ်းမကြီးကိုအမှီပြု၍
တရုတ်နိုင်ငံသို့ တရားမဝင်သစ်၊ တောရိုင်းတိရစ္ဆာန်နှင့် အခြားသယံဇာတ ခိုးထုတ်မှုများ
ရှိနေပြီး၊ တရုတ်နိုင်ငံမှ တရားမဝင်ကုန်ပစ္စည်းတင်သွင်းများလည်း ရှိနေဆဲဖြစ်သည်။


လားရှိုး မူဆယ်လမ်းမကြီးကို Asia World ၏ ကုမ္ပဏီခွဲတစ်ခုဖြစ်သော Oriental Highway
က လုပ်ကိုင်ခွင့် ရရှိထားပြီး၊ လမ်းမကြီးချဲ့ထွင်ခြင်းနှင့် ပြုပြင်ခြင်းလုပ်ငန်းများ
ဆောင်ရွက်နေသည်ကိုလည်း တွေ့ရသည်။မူဆယ် နမ့်ခမ်းလမ်းတွင် ချိုင့်ခွက်ပေါများ
သည့်အတွက် မော်တော်ယာဉ်များ ဖြည်းညင်းစွာသွားလာနေရသည်။

လမ်းဧရိယာ ကျဉ်းမြောင်းခြင်းနှင့် ဖြတ်သန်းသွားလာသည့် မော်တော်ယာဉ်နှင့်
မော်တော်ဆိုင်ကယ်ပေါများသည့်အတွက် လမ်းအရှည် မိုင် ၂ဝ ကျော်သာ ရှိသော
လမ်းကို ၁ နာရီခွဲခန့်ကြာအောင် သွားလာနေရသည်။


* ပြည်ထောင်စုလမ်းမကြီး (မန္တလေးမှ မူဆယ်အထိ) လမ်းအရှည် ၂၈၈ မိုင်ခန့် နေ့စဉ်ဖြတ်သန်း
ယာဉ်စီးရေ ၄,ဝဝဝ ခန့် လုပ်ကိုင်ခွင့်ရကုမ္ပဏီ Oriental Highway
















