တရုတ် ပိုးလမ်းမသစ်စီမံကိန်း၊ မြန်မာ-အိန္ဒိယ ဆက်ဆံရေး

တရုတ် ပိုးလမ်းမသစ်စီမံကိန်း၊ မြန်မာ-အိန္ဒိယ ဆက်ဆံရေး

 

တရုတ်နိုင်ငံ၊ ပေကျင်းမြို့တွင် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ကျင်းပခဲ့သည့် ၂၁
ရာစု ပိုးလမ်းမဆိုင်ရာနိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဖိုရမ်သို့ တက်ရောက်ခဲ့ပြီး
တရုတ်နိုင်ငံနှင့် နားလည်မှု စာချွန်လွှာများ လက်မှတ်ရေးထိုးခဲ့သည်။ အိမ်နီးချင်း
အိန္ဒိယနိုင်ငံနှင့် အခြားနိုင်ငံများက တရုတ်နိုင်ငံ၏ပိုးလမ်းမစီမံကိန်းနှင့် ပတ်သက်၍
စိုးရိမ်ပူပန်မှုများကို ထုတ်ဖော်ပြောကြားခဲ့ကြသည်။

တရုတ်ပိုးလမ်းမစီမံကိန်း၊ မြန်မာ-အိန္ဒိယ ဆက်ဆံရေးအပေါ်အမြင်နှင့်ပတ်သက်ပြီး
ယခုလ ၁၉ ရက်က မန္တလေးမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ဟောပြောပွဲတစ်ခုတွင်
တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး မစ္စတာဗီခရမ်မီဆရီကို
မြန်မာတိုင်း(မ်) မန္တလေးသတင်းစာတည်းခင်ဆုဝေက တွေ့ဆုံမေးမြန်းထားသည်။

 

တရုတ်ပိုးလမ်းမစီမံကိန်းဟာ လူစိတ်ဝင်စားခံရဆုံးခေါင်းစဉ်တစ်ခု ဖြစ်နေတယ်။
ဘယ်လိုတွေကြောင့်လဲ။

လူတော်တော်များများ တရုတ်ပိုးလမ်းမစီမံကိန်းအကြောင်း ထုတ်ဖော်မေးကြတယ်။
နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဒီဖိုရမ်ကိုတက်တာလည်း
ပါတယ်။ ပြီးတော့ အခြားခြားသော အကြောင်းအရာတွေဟာလည်း ဒီပိုးလမ်းမစီမံကိန်း
အပေါ် စိတ်ဝင်စားမှုပိုစေပါတယ်။

 

တရုတ်ပိုးလမ်းမစီမံကိန်းအပေါ် အိန္ဒိယက ဘယ်လိုသုံးသပ်ယူဆပါသလဲ။
ဒီစီမံကိန်းရဲ့နောက်မှာ ဘယ်လိုအကြောင်းအရာတွေ ပါဝင်ပါသလဲ။

အိန္ဒိယနိုင်ငံအနေနဲ့ ဒီပိုးလမ်းမစီမံကိန်းအပေါ် သီးခြားချဉ်းကပ်မှုတစ်ခုရှိပါတယ်။
ကျွန်တော်တို့ယုံကြည်တာက ဒီဆက်သွယ်မှုလမ်းကြောင်းတွေဟာ နိုင်ငံတကာ
စံချိန်စံညွှန်းတွေ၊ တရားဥပဒေစိုးမိုးမှုတွေ၊ပွင့်လင်းမြင်သာမှုတွေအပေါ် အခြေခံ
ရမယ်လို့ယုံကြည်ပါတယ်။ နောက်ထပ် နိုင်ငံတစ်နိုင်ငံရဲ့ ဦးစားပေးအကြောင်း
အရာတွေကိုလည်း ထည့်သွင်းစဉ်းစားရမယ်လို့ ထင်မြင်ပါတယ်။ ကျွန်တော်တို့
အနေနဲ့ တရုတ်ကို အဲဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ရာ ဖိတ်ခေါ်
ထားပါတယ်။ ဆက်သွယ်မှုလမ်းကြောင်း စီမံကိန်းတွေကို ကျွန်တော်တို့
ကိုယ်တိုင်လည်း မြန်မာနိုင်ငံမှာ ဆောင်ရွက်နေပါတယ်။ စောစောက ပြောသလိုပဲ
ကျွန်တော်တို့ဟာ ပွင့်လင်းမြင်သာမှု၊ တိုင်ပင်ဆွေးနွေးမှု၊ သဘာဝပတ်ဝန်းကျင်
ဆိုင်ရာ တာဝန်ဝတ္တရားတွေအပေါ်အရေးထားသလို ဒေသခံတွေရဲ့ ပါဝင်ပတ်
သက်မှုတွေကိုလည်း အရေးထားပါတယ်။ ပြီးတော့ အဲဒီမှာ ငွေရေးကြေးရေးဆိုင်ရာ
ဝန်ထုပ်ဝန်ပိုး ပြဿနာတွေကိုလည်း ထည့်သွင်းစဉ်းစား ဆောင်ရွက်ပါတယ်။
နိုင်ငံတော်တော်များများဟာလည်း ဒီလိုဆက်သွယ်မှု လမ်းကြောင်း တွေအပေါ်
အဲဒီလိုမျိုး ထည့်သွင်းစဉ်းစားသင့်ပါတယ်။ ကျွန်တော်တို့အနေနဲ့ တရုတ်ပိုးလမ်းမစီမံကိန်း
အပေါ် စိတ်ပူမိတာက တရုတ်- ပါကစ္စတန် စင်္ကြံလမ်းနဲ့ ပတ်သက်ပါတယ်။
နယ်နိမိတ်ဆိုင်ရာကိစ္စရပ်တွေ ရှိတာကြောင့်ဖြစ်ပါတယ်။ ဘယ်နိုင်ငံမှလည်း
အဲဒီလိုမျိုး နယ်နိမိတ်ဆိုင်ရာကိစ္စရပ်တွေ၊ အချုပ်အခြာအာဏာဆိုင်ရာ ကိစ္စရပ်တွေ
ထိပါးလာမယ့်အကြောင်းအရာရှိရင် လက်ခံနိုင်မှာ မဟုတ်ပါဘူး။

 

ဒီပိုးလမ်းမသစ် စီမံကိန်းနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံကြား
ဆက်နွှယ်ဆောင်ရွက်မှုအနေအထား အပြောင်းအလဲဖြစ်သွားနိုင်ပါသလား။

ပြောရမယ်ဆိုရင် မြန်မာနိုင်ငံအတွင်းမှာ တရုတ်ဆောင်ရွက်မယ့်စီမံကိန်းတွေနဲ့
ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ကျွန်တော့်အနေနဲ့မြန်မာနိုင်ငံမှာ
ဘယ်လိုတွေ ဆောင်ရွက်မယ်၊ ဘယ်လိုစီစဉ်ထားတယ်ဆိုတာလေ့လာပြီးမှပဲ
ဒီမေးခွန်းဖြေလိုပါတယ်။ ပြောရမယ်ဆိုရင် ဒါဟာ နိုင်ငံတစ်နိုင်ငံအတွက် သူတို့ရဲ့
နိုင်ငံဦးစားပေးအချက်တွေအပေါ် ဘယ်လောက်ထိ အကျိုးကျေးဇူးရှိမလဲ၊
ဘယ်လောက်အတိုင်းအတာထိ ပွင့်လင်းမြင်သာမှုရှိမလဲ၊ ဘယ်လောက်
ပတ်ဝန်းကျင်ဆိုင်ရာထိခိုက်မှုမရှိမှာလဲ စတာတွေအပေါ် ထည့်သွင်းစဉ်းစားကြရမှာပါ။
ဒီမေးခွန်းက မြန်မာနိုင်ငံက သူတွေပဲဖြေရမယ့် မေးခွန်းပါ။ ဒါက စကားရည်လုပွဲဖြစ်နေတာ
မဟုတ်ပါဘူး။ အိန္ဒိယနိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးဟာ ရှေ့ဆက်သွားမှာ
ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ စီမံကိန်းတွေလုပ်နေပါတယ်။ ဒီနိုင်ငံရဲ့
အရေးကြီးတဲ့ ဦးစားပေးတွေအပေါ် ဆောင်ရွက်ပေးနေပါတယ်။

 

အိန္ဒိယ မြန်မာဆက်ဆံရေးက ဘယ်လောက်ထိ အရေးကြီးပါသလဲ။

အဲဒါက အရေးကြီးပါတယ်။ ကျွန်တော်တို့နှစ်နိုင်ငံမှာ ရှည်လျားတဲ့ဆက်သွယ်မှုတွေ
ရှိတယ်။ ပြီးတော့ ဘာသာတူ၊ လူမျိုးတူ၊ နယ်မြေတူဖြစ်တဲ့ အိန္ဒိယရဲ့မျိုးနွယ်စုတွေကလည်း
ဒီနိုင်ငံထဲမှာရှိတယ်။ အဲဒါက အရမ်းအရေးကြီးတယ်။ ပြီးတော့ မြန်မာနိုင်ငံနဲ့
အိန္ဒိယနိုင်ငံကြားနယ်နိမိတ်တွေမှာ နေထိုင်တဲ့လူမျိုးတွေရဲ့ ဆက်နွှယ်မှုတွေကလည်း
ကြာလှပြီ။ ပြီးတော့ မြန်မာနိုင်ငံဟာ ဒီမိုကရေစီကို ကူးပြောင်းနေပြီး စီးပွားရေးတံခါး
ဖွင့်ပေးနေတယ်။ အိန္ဒိယက သူ့နိုင်ငံဒီမိုကရေစီအတွေ့အကြံုတွေကို မျှဝေပေးရတာကို
ပျော်ရွှင်မိတယ်။ မြန်မာနိုင်ငံအနေနဲ့လည်း စီးပွားရေးဆိုင်ရာဖွံ့ဖြိုးမှုအချက်တွေနဲ့ပတ်သက်ပြီး
ဦးစားပေးမှု အရာတွေရှိလာတယ်။ အိန္ဒိယစီးပွားရေးလုပ်ငန်းရှင်တွေဟာ မြန်မာနိုင်ငံမှာ
ပါဝင်ဆောင်ရွက်လိုကြပါတယ်။ ဒါပေမဲ့ လုံခြံုရေးဆိုင်ရာပြဿနာရပ်တွေ ရှိနေပါတယ်။
အဲဒါကို နှစ်နိုင်ငံအတူတူ ဖြေရှင်းရမှာဖြစ်ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး