မဘသ၏ ဆိုင်းဘုတ်များကို အပြီးဖြုတ်သိမ်းရန် သံဃမဟာနာယကအဖွဲ့ ဆုံးဖြတ်

မဘသ၏ ဆိုင်းဘုတ်များကို အပြီးဖြုတ်သိမ်းရန် သံဃမဟာနာယကအဖွဲ့ ဆုံးဖြတ်

 

အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့(မဘသ)သည် တရားမဝင်
ဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်ကြောင်း ဆုံးဖြတ်ထားပြီး ဖြစ်သဖြင့် မြန်မာနိုင်ငံအဝန်း
စိုက်ထူထားသော မဘသ ဆိုင်းဘုတ်များကို အပြီးအပိုင် ဖြုတ်သိမ်းပေးရန်နှင့်လိုက်နာမှု
မရှိပါက ပြည်ထဲရေးဝန်ကြီးဌာနက အမြန်ဆုံး အရေးယူဆောင်ရွက်မည်ဟု ယခုလ ၂၃ရက်တွင်
ကျင်းပပြုလုပ်သည့် သတ္တမအကြိမ် နိုင်ငံတော်သံဃမဟာနာယက (မဟန) အဖွဲ့ ၄၇ ပါးစုံညီ
အထူးအစည်းအဝေးက ဆုံးဖြတ်ခဲ့သည်။

အမျိုးဘာသာသာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ အမည်ခံပုဂ္ဂိုလ်များသည်
တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ မဘသအမည်ကို သုံးစွဲလျက် မည့်သည့်အမှုကိစ္စမျိုးကိုမျှ
ဆောင်ရွက်ခြင်း မပြုရန်၊ မြန်မာပြည်အနှံ့ စိုက်ထူထားသည့် မဘသဆိုင်းဘုတ်များကို
ဇူလိုင် ၁၅ ရက်နောက်ဆုံးထားပြီး အပြီးအပိုင်ဖြုတ်သိမ်းရန်ဟု ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်။

အဆိုပါ ဆုံးဖြတ်ချက်နှစ်ရပ်ကို လိုက်နာခြင်းမရှိပါက ရဟန်းပုဂ္ဂိုလ်ဖြစ်လျှင် သံဃာ့အဖွဲ့အစည်း
ဆိုင်ရာ ဥပဒေ ၂ဝ/၉ဝ ဖြင့် အရေးယူရန်နှင့် လူပုဂ္ဂိုလ်ဖြစ်လျှင် သက်ဆိုင်ရာတည်ဆဲဥပဒေဖြင့်
အရေးယူရန်နှင့် အဆိုပါကိစ္စကို ပြည်ထဲရေးဝန်ကြီးဌာနက အမြန်ဆုံးအရေးယူဆောင်ရွက်ရန်
အစရှိသည့် ဆုံးဖြတ်ချက်များကို ချမှတ်ခဲ့သည်။

မဘသအဖွဲ့သည် သံဃာ့အဖွဲ့အစည်းအခြေခံစည်းမျဉ်း အခန်း(၂)၊ အပိုဒ် (၄) အရလည်းကောင်း၊
သံဃာ့အဖွဲ့အစည်း လုပ်ထုံးလုပ်နည်း အခန်း(၂)၊ အပိုဒ် ၃(က)(ခ) တို့ အရလည်းကောင်း
ညီညွှတ်ခြင်း မရှိသဖြင့် တရားမဝင်အဖွဲ့အစည်းသာ ဖြစ်ကြောင်း ဆုံးဖြတ်ကာ
ယခုကဲ့သို့ဖျက်သိမ်းခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

သံဃမဟာနာယကအဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက် လေးရပ်နှင့် ပတ်သက်၍ မဘသ
ဦးဆောင်တည်ထောင်သူ မဘသအဖွဲ့(ဗဟို) ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တတိလောကဘိဝံသနှင့်
ဒုတိယဥက္ကဋ္ဌ ဆရာတော် သီလက္ခန္ဒာဘိဝံသနှစ်ပါးက နိုင်ငံတော် သံဃာမဟာနာယက
၄၇ ပါးစုံညီ အစည်းအဝေးဆုံးဖြတ်ချက်များကို တိကျစွာ လိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်းနှင့်
အခြား(မဘသ) အဖွဲ့ဝင် သံဃာ့များကိုလည်း အသိပေးပြောကြားပေးမည်ဖြစ်ကြောင်း
ဝန်ခံကတိလက်မှတ်ရေးထိုးခဲ့သည်။

မေလနောက်ဆုံးပတ်တွင် ကျင်းပမည့် စတုတ္ထအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာမဘသအဖွဲ့(ဗဟို)
နှစ်ပတ်လည်ညီလာခံကိုလည်း ကျင်းပခြင်း မပြုရန် ဆုံးဖြတ်ကာ ညွှန်ကြားထားကြောင်း
သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူး(ဝိနိစ္ဆယရေးရာ) ဦးထွန်းညွန့်က မြန်မာတိုင်း(မ်)ကို
ပြောသည်။

''မဘသအဖွဲ့ကို တရားဝင်အဖွဲ့အစည်း မဟုတ်ပါဘူးလို့ တရားဝင် ထုတ်ပြန်ထားပြီး
ဖြစ်တဲ့အတွက် ထုတ်ပြန်ချက်အတိုင်း လေးကြိမ်မြောက် မဘသအစည်းအဝေးကို ဖေ့စ်ဘွတ်ခ်တွေ
အင်တာနက်တွေအပေါ်မှာ တက်တာတွေနဲ့ ပတ်သက်ပြီး အင်းစိန်ရွာမဆရာတော်ကြီးကို ခေါ်ပြီး
မလုပ်ဖို့ တားမြစ်တာ ဖြစ်ပါတယ်'' ဟု ၄င်းက ပြောသည်။

၂ဝ၁၆ ခုနှစ်၊ ဇွန်လက ထုတ်ပြန်ခဲ့သည့်နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ထုတ်ပြန်ချက်တွင်
မဘသအဖွဲ့သည် သံဃာအဖွဲ့အစည်း အခြခံစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်း၊ သံဃနာယက
လက်စွဲ၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က ထုတ်ပြန်ထားသည့် ညွှန်ကြားလွှာများနှင့်
ကိုက်ညီခြင်းမရှိဘဲ ဖွဲ့စည်းထားသည်ဟု ရှင်းလင်းထားသည်။

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ ထုတ်ပြန်ချက်အရ မဘသအဖွဲ့၏ လေးနှစ်ပြည့်
နှစ်ပတ်လည် ညီလာခံကို ကျင်းပတော့မည့် မဟုတ်ဘဲ သံဃမဟာနာယကအဖွဲ့၏ ဆုံးဖြတ်ချက်
လေးရပ်နှင့် ပတ်သက်ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ မဘသအဖွဲ့ဝင်များကို
ညီလာခံကျင်းပရန် သတ်မှတ်ထားသည့် မေ ၂၇ ရက်နှင့် ၂၈ ရက်တွင် မဟနအဖွဲ့၏
ဆုံးဖြတ်ချက်များကို အသိပေး ရှင်းလင်းမည်ဟု မဘသ(ဗဟို)အဖွဲ့က မေ ၂၃ ရက်
ညနေပိုင်းတွင် ထုတ်ပြန်ထားသည်။

မဟနကြေညာချက်သည် မှားယွင်းမှု မရှိသကဲ့သို့ မဘသအဖွဲ့သည်လည်း ဥပဒေအရ
မှန်ကန်လျက် ငြိစွန်းသည့် မှားယွင်းမှုမျိုး ကျူးလွန်ထားခြင်း မရှိကြောင်း၊ မဘသအဖွဲ့သည်
သံဃမဟာနာယကအဖွဲ့၏ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်လျက် ရှိခြင်းကြောင့်
မဟနဆရာတော်ကြီးများ၏ သြဝါဒကို မဆန့်ကျင်သောအားဖြင့် အမျိုးဘာသာ
သာသနာလုပ်ငန်းများကို ဆက်လက် လုပ်ကိုင်သွားမည်ဖြစ်ကြောင်းမဘသ(ဗဟို)အဖွဲ့က
ဒေါက်တာအရှင်သောပါက က မိန့်ကြားသည်။

''မဘသ ဆိုင်းဘုတ် တပ်ခြင်း၊ မတပ်ခြင်း ဆိုတာက သိပ်တော့ အရေးမကြီးပါဘူး။
အမည်တပ်ခြင်း၊ မတပ်ခြင်းထက် လုပ်ရမယ့် အမျိုးဘာသာ သာသနာအလုပ်ကို တိုင်းပြည်နဲ့
လူမျိုး ဘာသာသာသနာအတွက် လုပ်နိုင်ဖို့ပဲ အရေးကြီးတာ။ အဲဒီစိတ်ရှိနေရင် ပြီးပြီ''
ဟု ၄င်းက မိန့်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး