စျေးများအားလုံးတွင် အစားအသောက်များရှောင်တခင်စစ်ဆေးခြင်း ဆက်လက်ဆောင်ရွက်မည်

စျေးများအားလုံးတွင် အစားအသောက်များရှောင်တခင်စစ်ဆေးခြင်း ဆက်လက်ဆောင်ရွက်မည်

အစားအသောက်များ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ခွင့်မပြုဓာတုပစ္စည်းနှင့်
ဆိုးဆေးများသုံးစွဲခြင်း မရှိစေရန် ရန်ကုန်တိုင်းအတွင်းရှိ စျေးများအားလုံးကို
ရှောင်တခင်စစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်မည်ဟုအစားအသောက်နှင့်
ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(ရန်ကုန်) ညွှန်ကြားရေးမှူး ဒေါက်တာခင်စောလှက
ပြောသည်။

''ဘယ်စျေးကိုစစ်မယ်၊ ဘယ်အချိန်စစ်မယ်ဆိုတာကို မပြောဘဲနဲ့ စစ်ဆေးမယ်ပေါ့။
မာစတာပလန် (ပင်မစီမံချက်) ထားထားတယ်။ ရန်ကုန်တိုင်းထဲက စျေးအကုန်ကို
ကွင်းဆင်းစစ်ဆေးသွားပါမယ်။ ဌာနက ပုံမှန်စစ်နေတာလည်းရှိတယ်။ သက်ဆိုင်ရာ
ဌာနတွေနဲ့ပေါင်းပြီးတော့လည်း ဆက်ပြီးလုပ်ဖို့ အစီအစဉ်ရှိပါတယ်''ဟု
ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း ၄င်းက ပြောသည်။

ပြီးခဲ့သည့် မတ်လနှင့် မေလလဆန်းပိုင်းက ပြုလုပ်ခဲ့သော စျေးကွက်စစ်ဆေးမှုများအရ
အစားအသောက်များတွင် ဆိုးဆေးနှင့် တာရှည်ခံစေရန်အသုံးပြုသည့်ဓာတုပစ္စည်းများ
အသုံးပြုထားကြောင်း စစ်ဆေးတွေ့ရှိကြောင်း ဌာနကထုတ်ပြန်ထားပြီး မတ် ၁၇ ရက်က
ရန်ကုန်ရှိ၊ သိမ်ကြီးစျေးတွင်လည်း ရှောင်တခင်ဝင်ရောက်စစ်ဆေးမှု ပြုလုပ်ခဲ့သည်။

''ထုပ်ပိုးတဲ့အစားအသောက်၊ ဟင်းသီးဟင်းရွက်၊ အသား၊ ငါး စတာတွေမှာ သုံးစွဲခွင့်မရှိတဲ့
ဓာတုပစ္စည်းတွေပါဝင်နေလား၊ ဘာတွေကို သုံးစွဲနေလဲဆိုတာတွေကို စစ်ဆေးတာ
ဖြစ်တယ်။ ဒီလိုစစ်ဆေးခြင်းအားဖြင့် စျေးသည်တွေလည်းသိလာမယ်။ သုံးမရတာတွေ
ကိုလည်း မသုံးတော့ဘူး၊ စားသုံးသူအနေနဲ့လည်း ရွေးချယ်စားသုံးတတ်လာမယ်ပေါ့။
အုပ်စုလိုက်ရွေ့လျားစစ်ဆေးမှုအနေနဲ့လည်း လုပ်နေပါတယ်'' ဟု ဒေါက်တာ ခင်စောလှက
ပြောသည်။

အက်ဖ်ဒီအေသည် အစားအသောက်များ ဘေးအန္တရာယ်ကင်းရှင်းရေး၊ အရည်အသွေး
ပြည့်မီရေးအတွက် စျေးကွက်အတွင်း စစ်ဆေးခြင်းများကို သက်ဆိုင်ရာဌာနများနှင့်
ပူးပေါင်းကာ အားဖြည့်လုပ်ဆောင်နေပြီး တိုင်းနှင့်ပြည်နယ်များမှ အက်ဖ်ဒီအေတာဝန်ခံ
များကလည်း ဒေသအလိုက် ကြီးကြပ်ကွပ်ကဲရေးလုပ်ငန်းများဆောင်ရွက်ရန် ဌာနက
စီစဉ်ပြီးဖြစ်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(နေပြည်တော်)
ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာထွန်းလင်းအောင်က ပြောသည်။

''ဏသျအ ြမေုနအ ှကမလနငူူညေခန (စျေးကွက်တင်စစ်ဆေးခြင်း) အတွက် ဘတ်ဂျက်
သီးသန့်ရှိပြီးသားပါ။ ဌာနရဲ့ လုပ်ငန်းစဉ်တွေထဲမှာ စျေးကွက်ထောက်လှမ်းတာက
အဓိကပဲ။ အရင်က လူအင်အား နည်းတာ၊ ရုံးခွဲတွေမရှိတာ၊ မပြည့်စုံတာတွေရှိခဲ့တယ်။
မနှစ်ကနေစပြီးတော့ သေသေချာချာလုပ်နေပါပြီ''ဟု ၄င်းက ပြောသည်။

အစားအသောက်များ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် စစ်ဆေးရာတွင်
ကျန်းမာရေးကိုထိခိုက်စေသည့် ပဋိဇီဝအကြွင်းအကျန်နှင့် ပိုးသတ်ဆေး
အကြွင်းအကျန်များကို စစ်ဆေးခြင်းဖြစ်သည်ဟု ဒေါက်တာထွန်းလင်းအောင်က
ပြောသည်။

''နေပြည်တော်က စျေးတွေမှာ စစ်ဆေးတဲ့အခါ စျေးခုနစ်စျေးက ကွမ်းသီးတွေမှာ
အရောင်ချွတ်ဆေး သုံးထားတာကိုတွေ့ရတယ်။ လက်ဖက်နဲ့ငါးပိမှာ ခွင့်မပြုတဲ့
ဓာတုဆိုးဆေးကို တွေ့ရတယ်။ ဒါတွေကို ကြည့်ရင် အစားအသောက်တွေနဲ့
ပတ်သက်ပြီး ကြီးကြပ်ကွပ်ကဲတာတွေ ပိုပြီးလုပ်ဖို့လိုလာပါပြီ။ ရုံးခွဲတွေကိုလည်း
အကြောင်းကြားထားပြီးတော့ ပညာပေးတာတွေလည်း လုပ်ရပါတယ်''ဟု ၄င်းက
ပြောသည်။

စျေးကွက်အတွင်း ရောင်းချနေသည့် စားသောက်ထုတ်ကုန်များတွင် အမှတ်တံဆိပ်
သတ်မှတ်ချက်အပြည့်အစုံဖော်ပြရန် ဌာနကထုတ်ပြန်ထားပြီးမလိုက်နာသည့်
ကုန်ပစ္စည်းမျာကို ဇူလိုင်လမှစတင်ကာ အရေးယူခြင်းများ စတင်ဆောင်ရွက်သွားမည်
ဖြစ်ကြောင်း ဒေါက်တာထွန်းလင်းအောင်က ပြောသည်။

ပြည်တွင်းအစားအသောက်ထုတ်ကုန်များတွင် လုပ်ငန်းတည်နေရာ၊ ဆက်သွယ်ရမည့်
ဖုန်းနံပါတ်၊ ထုတ်လုပ်သည့်ရက်စွဲ၊သက်တမ်းကုန်ဆုံးမည့်ရက်စွဲ၊ အက်ဖ်ဒီအေ၏
အစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက်၊ ထုတ်လုပ်ခွင့်လိုင်စင်၊ မြန်မာ
ဘာသာဖြင့် ရေးသားဖော်ပြခြင်းများ ပါဝင်ရမည်ဖြစ်သည်။

''အမှတ်တံဆိပ်ကပ်ခိုင်းတာက ဒီပစ္စည်းမှာ တစ်စုံတစ်ရာပြဿနာဖြစ်ရင် ခြေရာခံလို့ရတယ်။
အမှတ်တံဆိပ်ပြည့်စုံတယ်ဆိုရင် ခြေရာခံပြီး အရည်အသွေးပြည့်လားဆိုတာ
စစ်နိုင်တယ်''ဟု ၄င်းက ပြောသည်။

အစားအသောက်၊ ဆေးနှင့် ဆေးပစ္စည်း၊ အလှကုန်ပစ္စည်းများ ဘေးအန္တရာယ်ကင်းရှင်းရေး
အတွက် စျေးကွက်မတင်မီနှင့် စျေးကွက်တင်အပြီး စစ်ဆေးခြင်းများကို ဆောင်ရွက်နေပြီး
ခရိုင် ၃၁ ခုတွင် ဖွင့်လှစ်ခဲ့ပြီးဖြစ်ကာ ထပ်မံဖွင့်လှစ်နိုင်ရန် စီစဉ်နေသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး