တရုတ်နိုင်ငံမှ မြန်မာ့သရက်သီးများကို တင်ပို့နိုင်သမျှ ဝယ်ယူ

တရုတ်နိုင်ငံမှ မြန်မာ့သရက်သီးများကို တင်ပို့နိုင်သမျှ ဝယ်ယူ

 

ယခုနှစ် သရက်သီးရာသီတွင် တရုတ်နိုင်ငံမှမြန်မာ့သရက်သီးများကို တင်ပို့နိုင်သမျှ
ဝယ်ယူနေကြောင်း မန္တလေးတိုင်းဒေသကြီး၊ သစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက်
စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးနေလင်းမောင်မောင်က
မေ ၂ဝ ရက်က ပြောသည်။

''ဒီနှစ်တော့ တရုတ်ဘက်က သရက်သီးတွေကို တင်ပို့သလောက် ဝယ်ယူပေးပါတယ်။
စျေးကလည်း အမျိုးအစားအလိုက် စျေးပေးပါတယ်။ အရည်အသွေးကောင်းရင် ကောင်းသလို
စျေးတွေလည်း ရပါတယ်'' ဟု ၄င်းက ပြောသည်။

တရုတ်နိုင်ငံမှ ယခုနှစ်တွင် စိန်တစ်လုံးတစ်ခြင်း (၁၅ သို့မဟုတ် ၁၆ ကီလိုဂရမ်) လျှင်ယွမ်
၈ဝ မှ ၁၄ဝ ယွမ်အထိ စျေးရကြောင်း၊အရည်အသွေးကောင်းလျှင် ပိုမိုစျေးကောင်းရကြောင်း
ဦးနေလင်းမောင်မောင်က ပြောသည်။

''စျေးကတော့ အတက်အကျပေါ့။ ပြီးခဲ့တဲ့ရက်ပိုင်းကတော့ စျေးနည်းနည်း ကျသွားတယ်။
သရက်တောင်သူတွေခူးတာလည်း စောသွားတယ်။ မိုးကြောက်တော့ ခူးကြတာ။ စောပြီးခူးတော့
အသီးက နုသွားတော့ စျေးကျသွားတယ်။ အခုတော့စျေးပြန်ရနေပါပြီ'' ဟု၄င်းက ပြောသည်။

ယခုနှစ် သရက်သီးရာသီတွင် မြန်မာ့သရက်များကို တရုတ်နိုင်ငံအပြင် ဂျပန်နှင့်
စင်ကာပူနိုင်ငံများကိုလည်း တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ တစ်နှစ်ထက် တစ်နှစ် အရည်အသွေး
ကောင်းမွန်အောင်လုပ်ဆောင်နေကြောင်း ဦးနေလင်းမောင်မောင်က ပြောသည်။

''နည်းပညာတွေကိုလည်း မိရိုးဖလာကနေ နိုင်ငံတကာ နည်းပညာတွေနဲ့ စိုက်ပျိုးနေကြပါတယ်။
ထိုင်း၊ တရုတ်၊ ဂျပန်၊ ဂျာမနီနိုင်ငံတွေကလည်း နည်းပညာတွေ ပေးပါတယ်။ ဒီနှစ်တော့
သရက်သီးအရည်အသွေးတွေ တော်တော်လေး တိုးတက်ပြောင်းလဲလာပါတယ်။ ဂျပန်နဲ့
စင်ကာပူကိုလည်း ဒီနှစ်စပြီးပို့ဆောင်နေပါပြီ'' ဟု ၄င်းက ပြောသည်။

နိုင်ငံတကာစျေးကွက်တွင် စိန်တစ်လုံးသရက်သီးသည် စျေးကောင်းရပြီး ကြိုက်နှစ်သက်မှု
လည်း များပြားကြောင်း၊ စိန်တစ်လုံးအပြင် ရွှေဟင်္သာ၊ ရင်ကွဲအမျိုးအစားများလည်း စျေးကောင်း
ရကြောင်း ဦးနေလင်းမောင်မောင်က ပြောသည်။

''ရွှေဟင်္သာကတော့ နှစ်တိုင်း စျေးပိုရတယ်။ စိန်တစ်လုံးတစ်ခြင်းကို ယွမ် ၁၂ဝဆိုရင်
ရွှေဟင်္သာက ယွမ် ၁၄ဝ လောက်အထိ ရပါတယ်။ ရွှေဟင်္သာက စိန်တစ်လုံးထက်
လူကြိုက်နည်းပေမဲ့ နှစ်တိုင်း စျေးတော့ ပိုရပါတယ်'' ဟု ၄င်းက ပြောသည်။

သရက်သီးများကို ဒေသအလိုက် ဇန်နဝါရီလတွင် စတင် အိတ်စွပ်ပြီး ဧပြီ၊
မေလတွင်သရက်သီးအမှည့်များ ရောင်းချနိုင်ကြောင်း၊ ယခုနှစ် သရက်သီးအမှည့်
ရာသီတွင် ယခင်နှစ်ထက် အထွက်နှုန်းလျော့နည်းသွားကြောင်း ၄င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး