နန်စီပွန်ဒေသသည် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ခန္တီးမြို့နှင့် မိုင် ၃ဝ
ခန့်အကွာတွင် တည်ရှိသည်။ ကျောက်မျက်ရတနာ ထွက်ရှိရာဒေသအဖြစ် အများက
သိရှိကြပြီးစျေးကွက်တွင် အရည်အသွေးကောင်းမွန်သည့် ကျောက်မျက်များထွက်ရှိရာ
ဒေသလည်း ဖြစ်သည်။
ယင်းဒေသတွင် ကျောက်မျက်ထုတ်လုပ်သည့် ကုမ္ပဏီများနှင့် ဒေသခံများ၊ အနယ်နယ်
အရပ်ရပ်မှ ရွှေ့ပြောင်း၍ ကျောက်ရှာဖွေနေကြသူများ (ရေမဆေးကျောက်ရှာဖွေသူများ) ကြား
ပဋိပက္ခများ ရှိလည်း ရှိနေသည်။
နန်စီပွန်ဒေသတွင် လုပ်ကိုင်လျက်ရှိသည့် ကုမ္ပဏီများနှင့် ရေမဆေးကျောက်
ရှာဖွေသူများအကြား ၂ဝ၁၆ ခုနှစ်အတွင်းက ကုမ္ပဏီပိုင် ခြံဝင်းများအတွင်းရှိ
မြေစာပုံများထဲတွင် ရေမဆေးကျောက်ရှာဖွေသူများ ဝင်ရောက်ရှာဖွေသည်ဟုဆိုကာ
ပဋိပက္ခများ ဖြစ်ပွားခဲ့သည်။ ထိုမှတစ်ဆင့် ယနေ့အချိန်အထိကုမ္ပဏီများနှင့် ရေမဆေးကျောက်
ရှာဖွေသူများကြား ပဋိပက္ခများ မကြာခဏ ဖြစ်ပေါ်လျက်ရှိပြီး ယနေ့အချိန်အထိ
ထိရောက်စွာဖြေရှင်းနိုင်ခြင်း မရှိသေးပေ။
မေ ၁၃ ရက်က ခန္တီးခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ ခန္တီး ရတနာမြေတွင်ကျောက်စိမ်း
တူးဖော်ခွင့် လိုင်စင်ရကုမ္ပဏီများနှင့် ကျောက်စိမ်းရိုင်း တရားမဝင်ရှာဖွေသူ (ရေမဆေး) များ
အကြား ပဋိပက္ခ မဖြစ်ပွားစေရေးအတွက် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများက
သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။
ယင်းသတင်းစာရှင်းလင်းပွဲတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့က ရတနာမြေအတွင်းရှိ
တရားမဝင်နေထိုင်သူများကို ဥပဒေနှင့်အညီ ရှင်းလင်းဖယ်ရှားခြင်း၊ တူးဖော်ခွင့်လိုင်စင်ရ
ကုမ္ပဏီများအနေဖြင့် သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ
လိုက်နာဆောင်ရွက်ခြင်း ရှိမရှိ၊ စိစစ်နေသည့် ကာလအတွင်း လုပ်ငန်းစဉ်အားလုံးကို
ရပ်ဆိုင်းထားစေခြင်း၊ စွန့်ပစ်မြေစာများအတွက် နေရာသတ်မှတ်ခြင်းနှင့် ရေမဆေးများ
အတွက် စည်းကမ်းချက်များ သတ်မှတ်ပေးခြင်း၊ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့်
တရားဥပဒေ စိုးမိုးရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း စသည့်
အချက်လေးချက်ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
နန်စီပွန်ဒေသတွင် ပဋိပက္ခဖြစ်ပွားနေမှုများ လျော့နည်းသွားစေရန် ခန္တီးခရိုင်
အထွေထွေအုပ်ချုပ်ရေး အဖွဲ့အစည်းများက မေ ၁၅ ရက်၌ နန်စီပွန်ဒေသရှိ
တရားမဝင်နေထိုင်သူအားလုံးကို မေ ၃ဝ ရက် နောက်ဆုံးထားပြီး ထွက်ခွာသွားရန်
ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၃ ကို ထုတ်ပြန်ခဲ့သည်။
ခန္တီးမြို့နယ်၊ နန်စီပွန်ရပ်ကွက်နှင့် မကျန်ခမှော်လုပ်ကွက်များတွင် တရားမဝင်
ဝင်ရောက်နေထိုင်သူအချို့သည် တရားဝင်ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့်
ကျောက်မျက်လုပ်ကွက်များအတွင်းသို့ အုပ်စုဖွဲ့၍ အတင်းအဓမ္မ ကျူးကျော်ဝင်ရောက်ပြီး
ကုမ္ပဏီများက စွန့်ပစ်ခြင်းမရှိသေးသည့် ကျောက်ကြောမြေပုံစာများတွင်လုယက်ရှာဖွေခြင်း၊
ပစ္စည်းများကို ဖျက်ဆီးခြင်း၊ ယူဆောင်ခြင်းတို့ကြောင့် တရားဝင်လုပ်ကိုင်ဆောင်ရွက်
သူများ၏ အသက်အိုးအိမ် လုံခြံုရေးကို ထိပါးနှောင့်ယှက်ခံရခြင်း၊ မလိုလားအပ်သည့်
ပြဿနာများ ဖြစ်ပေါ်စေပြီး တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေနိုင်ကြောင်း
ပုဒ်မ ၁၄၃ ထုတ်ပြန်ထားသည့် အကြောင်းကြားစာတွင် ပါရှိသည်။
''ရေမဆေးသမားတွေကို ထိန်းသိမ်းဖို့ဆိုရင် သဘာဝပတ်ဝန်းကျင်
ထိန်းသိမ်းရေးဝန်ကြီးဌာနက တင်ပြထားတဲ့ နည်းလမ်းသုံးမျိုးထဲက အဲဒီဒေသကို
ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီးတော့ တားဆီးတာက အသင့်တော်ဆုံးလို့ထင်ပါတယ်။
၁၄၄ ထုတ်ပြန်လိုက်တယ်ဆိုရင်ကျန်ပြဿနာတွေက ဥပဒေအတိုင်းပဲ ဆက်လက်
ဆောင်ရွက်သွားနိုင်မှာပါ'' ဟု ခန္တီးခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဇော်ဇော်က
ဖေဖော်ဝါရီလအတွင်းက မြန်မာတိုင်း(မ်) ကိုပြောသည်။
သို့သော် ပုဒ်မ ၁၄၃ ထုတ်ပြန်ပြီး တစ်ရက်အကြာတွင် နန်စီပွန်ဒေသရှိ
မြန်မာအမ်ပီရီရာယ်ဂျိတ်ကုမ္ပဏီပိုင် မကျန်ခမှော်လုပ်ကွက်တွင် ကျောက်ကြော
မြေစာပုံကို ရေမဆေးကျောက် ရှာဖွေသူများက လူအင်အား ရဝဝ ခန့်ဖြင့်
ဝင်ရောက်လုပ်ကိုင်ခဲ့သောကြောင့်ရုန်းရင်းဆန်ခတ်မှုများဖြစ်ပွားခဲ့သည်။
ပစ်ခတ်မှုများရှိခဲ့ပြီး ရေမဆေးကျောက်ရှာဖွေသူ သုံးဦးသေဆုံး၍ ငါးဦးဒဏ်ရာ
ရရှိခဲ့ကာ ရဲတပ်ဖွဲ့ဝင် ကိုးဦး ဒဏ်ရာရရှိခဲ့ပြီးကုမ္ပဏီပိုင် ဆီသိုလှောင်ကန်
၃၈ ကန်ပျက်စီးဆုံးရှုံးခဲ့သည်။
ယင်းပဋိပက္ခဖြစ်စဉ်ကို အမှန်ပေါ်ပေါက်ရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့က
မေ ၁၉ ရက်တွင် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းပေးထားပြီး ဒုတိယတိုင်းဒေသကြီး
ရဲတပ်ဖွဲ့မှူးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည်ဖြစ်ကာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး
ဦးစီးဌာန၊ သတ္တုတွင်းဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ သက်ဆိုင်ရာ
အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များဖြင့်
ဖွဲ့စည်းထားသည်။
ထုတ်ပြန်ထားသည့် ပုဒ်မ ၁၄၃ အရ နန်စီပွန်ဒေသရှိ တရားမဝင် ရေမဆေးကျောက်
ရှာဖွေသူများကို မေ ၃ဝ ရက်နောက်ဆုံးထား ဖယ်ရှား ရှင်းလင်းသွားမည်ဖြစ်ကာ
လုံခြံုရေးအင်းအား အဆင့်ဆင့်ဖြင့် ဥပဒေအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
စစ်ဆေးရေးအဖွဲ့ အတွင်းရေးမှူး ခန္တီးခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဇော်ဇော်က
မြန်မာတိုင်း(မ်) ကို မေ ၂၁ ရက်က ပြောသည်။
''အကြမ်းဖက်လိုတဲ့ လူတွေကို ရဲတပ်ဖွဲ့အင်အားအပြည့်နဲ့ လုံခြံုရေးအဆင့်ဆင့်
ဆောင်ရွက်ထားတယ်။ ဒါနဲ့မှ မရဘူးဆိုရင် ပုဒ်မ ၁၂၉ အရ တပ်မတော်အင်အားကို
အကူညီတောင်းခံပါမယ်။ နောက်ဆုံး ပုဒ်မ ၁၄၄ထုတ်ပြန်ပြီး ထိန်းသိမ်းသွားလို့
ရတာပေါ့။ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ရင်တော့ တပ်မတော် အုပ်ချုပ်မှုအောက်ကို
ရောက်သွားမှာပါ ''ဟု ဦးဇော်ဇော်က ပြောသည်။
လက်ရှိအနေအထားများအရ ၁၄၄ ကဲ့သို့သော ပုဒ်မများထုတ်ပြန်ခြင်းဖြင့်
လတ်တလောအခြေအနေများကို ထိန်းသိမ်းနိုင်မည် ဖြစ်သော်လည်း ရေရှည်အတွက်
မဖြစ်နိုင်ကြောင်း၊ နှစ်ဖက်ပြေလည်နိုင်ရေးအတွက် အခြေအနေအမှန်ကို ပြည်သူလူထု
နားလည်သဘောပေါက်ရန် လိုအပ်ကြောင်း၊ ယင်းအခြေအနေကိုလည်း အစိုးရက
ဖန်တီးပေးရမည်ဖြစ်ကြောင်း ခန္တီးမြို့မဲဆန္ဒနယ် အမှတ် (၁) မှ တိုင်းဒေသကြီး
လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလှိုင်ဝင်းက ပြောသည်။
''ဒီလိုနေရာတွေဆိုတာက ကျွန်တော်တို့ငယ်ငယ်တုန်းက လုပ်ကိုင်လာခဲ့တဲ့ နေရာတွေပါ။
ကုမ္ပဏီတွေအပေါ်မှာ ရေမဆေးသမားတွေကလည်း သက်တမ်းကုန်ဆုံးနေတာတောင်
ဆက်လက် တူးဖော်နေတယ်ဆိုတဲ့သံသယတွေရှိတယ်။ အဲဒီတော့ အစိုးရကလည်း
ခေါ်ယူစစ်ဆေးပြီးတော့ ပြည်သူမြင်သာအောင် ချပြသင့်တယ်။ စွန့်ပစ်မြေစာပုံတွေမှာ
ထင်သလောက် ကျောက်မရဘူးဆိုရင် ရေမဆေးသမားတွေနဲ့ ကုမ္ပဏီတွေကြား
ဒီလိုပြဿနာမျိုးတွေ ဖြစ်နေဦးမှာပါပဲ။လုပ်ကိုင်စားဖို့ နေရာတွေ ဖန်တီးပေးမယ်ဆိုရင်တော့
ရွှေ့ပြောင်းအလုပ်သမားတွေဖြစ်တဲ့အတွက် ရေကြည်ရာ မြက်နုရာကို ရွှေ့ပြောင်း
လုပ်ကိုင်ကြလိမ့်မယ်လို့ ထင်တယ်''ဟု ဦးသိန်းလှိုင်ဝင်းက ပြောသည်။
ခန္တီးမြို့နယ် နမ့်စီပွန်ဒေသတွင် ရေမဆေးကျောက် ရှာဖွေသူ ၄၅,ဝဝဝ ဝန်းကျင်ခန့်
ရှိပြီး ဒေသခံတိုင်းရင်းသား ၁ဝ,ဝဝဝဝန်းကျင်ခန့် ရှိကြောင်း၊ ကျောက်စိမ်းရှာဖွေသည့်
လုပ်ငန်းတစ်ခုတည်းကိုသာ အားထားလုပ်ကိုင်ကြရပြီး တောင်တန်း တောင်ကုန်း
များပြားသောကြောင့် စိုက်ပျိုးလုပ်ကိုင်၍ မရကြောင်း ဒေသခံများက ဆိုသည်။
တရားမဝင် ရေမဆေးကျောက်ရှာဖွေသူများကို ယခုလ နောက်ဆုံးထား၍ ဖယ်ရှား
ရှင်းလင်းလာမည် ဖြစ်သောကြောင့် ပဋိပက္ခဖြစ်စဉ်များ ပြန်လည်ဖြစ်ပွားလာမည်ကို
ဒေသခံများအကြား စိုးရိမ်မှုများလည်းရှိနေသည်။
''ဒါက အစိုးရနဲ့ ပြည်သူလူထုကြားမှာ နားလည်မှုလွဲအောင် တမင်ဖန်တီးနေတယ်လို့ပဲ
ကျွန်တော်တို့က ယူဆတယ်။ ဒီလို မအေးချမ်းမှုတွေ ဖြစ်လာပြီဆိုတော့မှ သူတို့
လိုချင်တဲ့ ပုဒ်မတွေ ထုတ်ပြန်ပြီးတော့ ရေမဆေးသမားတွေကို ဖယ်ရှားချင်တယ်လို့
မြင်တယ်။သူတို့ထုတ်ပြန်ထားတဲ့ ပုဒ်မအတိုင်း ဖယ်ရှားမယ်ဆိုရင်တော့ ပြည်သူကလည်း
ခံမှာမဟုတ်ပါဘူး။ ပြဿနာတွေက ပိုဆိုးလာနိုင်ပါတယ်''ဟု ခန္တီးမြို့နယ် ဒေသခံ
ဦးဖိုးထူးက မေ ၂၁ရက်က ပြောသည်။
ခန္တီးဒေသတွင် ဒေသခံများနှင့် အနယ်နယ်အရပ်ရပ်မှ ရွှေ့ပြောင်းလုပ်ကိုင်သူများမှာ
ဥပဒေများအရ တရားဝင်ခံစားခွင့်များ မရရှိသေးကြောင်း၊ ရေမဆေးသမားများ
အနေဖြင့်နိုင်ငံတော်သို့ တရားဝင်အခွန်ပေးဆောင်၍လုပ်ငန်းလုပ်ကိုင်လိုသော်လည်း
ယနေ့အချိန်အထိ လုပ်ကိုင်ခွင့်မရရှိသေးကြောင်း ရေမဆေးကျောက် ရှာဖွေသူများက
ပြောသည်။















