မြန်မာနိုင်ငံ အသည်းဖောင်ဒေးရှင်းမှ အသည်းရောဂါနှင့် ပတ်သက်သည့် သုတေသနလုပ်ငန်းများ
ကို ဆောင်ရွက်သွားရန် ရည်ရွယ်ထားကြောင်း ဒီဇင်ဘာ လ ၉ ရက်နေ့က ရန်ကုန်မြို့၊ မြရိပ်ညို
ရွိုင်ရယ် ဟိုတယ်တွင် ကျင်းပခဲ့သည့် မြန်မာနိုင်ငံ အသည်းဖောင်ဒေးရှင်း စာနယ်ဇင်း မိတ်ဆက်ပွဲ
တွင် အဖွဲ့ဝင် အသည်းရောဂါအထူးကု ဆရာဝန်ကြီး ဒေါက်တာသံစစ်က ပြောသည်။
"ဒီအဖွဲ့ထဲမှာကို ဦးဆောင်ပြီးလုပ်မယ့် ဥက္ကဋ္ဌ ကိုယ်တိုင်က အရင်တုန်းက ဆေးသုတေသနဌာနရဲ့
ညွှန်ကြားရေးမှူးချုပ်ဟောင်းနဲ့ တခြားအဖွဲ့ဝင်တွေကလည်း အစိုးရကျန်းမာရေးဝန်ထမ်းဟောင်းတွေ၊
ဒါကြောင့် သူတို့ရဲ့ အကြံဉာဏ်တွေနဲ့ အသည်းရောဂါတိုက်ဖျက်ရေးအတွက် သုတေသနလုပ်ငန်း
တွေကို အစိုးရနဲ့ပူးပေါင်းပြီးလုပ်ဖို့ရှိပါတယ်"ဟု ၎င်းက ပြောသည်။
ကျန်းမာရေးဝန်ကြီးဌာန အောက်ရှိ မြန်မာနိုင်ငံဆေးသုတေသနဌာန၏ လေ့လာတွေ့ရှိချက်များအရ
မြန်မာနိုင်ငံတွင် အသည်းရောင်အသားဝါဘီပိုး ကူးစက်ခံနေသူဦးရေမှာ ၁၀ ဦးလျှင် တစ်ဦးရှိပြီး၊
အသည်းရောင်အသားဝါ စီပိုးဖြစ်ပွားသူ ဦးရေမှာ လူ ၁၀၀ လျှင် သုံးယောက်ဖြစ်ပွားလျက်ရှိသည်။
ထို့ပြင် အသည်းကင်ဆာဖြစ်ပွားသူ များတွင် ၂၅ ရာခိုင်နှုန်းသည် အသည်းရောင်ရောဂါ စီပိုးကြောင့်
ဖြစ်ပွားပြီး ၆၀ ရာခိုင်နှုန်းသည် အသည်းရောင်ရောဂါ စီပိုးကြောင့် ဖြစ်ပွားသည်ကိုလေ့လာတွေ့ရှိခဲ့
ရကြောင်း ဆေးသုတေသနဌာန ညွှန်ကြားရေးမှူးချုပ်ဟောင်း ဒေါက်တာခင်ပြုံးကြည်က ပြောသည်။
"ဒါပေမယ့် အခုအချိန်ထိ မြန်မာနိုင်ငံမှာရှိတဲ့ အသည်းရောဂါနဲ့ ပတ်သက်တဲ့ စစ်တမ်း၊ သုတေသန
လုပ်ငန်းတွေ မရှိသေးပါဘူး။ အဲ့ဒါတွေကို လုပ်နိုင်ဖို့ လိုပါတယ်။ အချက်အလက်တွေကိုလည်း
တိတိကျကျ ကောက်ယူထားခြင်း မရှိသေးပါဘူး"ဟု မြန်မာအသည်း ဖောင်ဒေးရှင်း၏ ဥက္ကဋ္ဌလည်း
ဖြစ်သူ ဒေါက်တာခင်ပြံုးကြည်က ပြောသည်။
အသည်းရောင်ရောဂါသည် မြန်မာ နိုင်ငံတွင်ကူးစက်ခံရမှုများသည့် ရောဂါတစ်ခုဖြစ်ပြီး၊ နိုင်ငံအစိုးရ
အနေဖြင့် အသိပညာပေး ကာကွယ်ရေးလုပ်ငန်းများလုပ်ဆောင်ရန်နှင့် လူထုအတွင်း အသိပညာ
ပေး ကာကွယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် လိုအပ်ပြီး အစိုးရ၏ လိုအပ်ချက်များကို မြန်မာနိုင်ငံ
အသည်း ဖောင်ဒေးရှင်းအနေဖြင့် ပံ့ပိုးကူညီမှုပေး ပြီး မြန်မာနိုင်ငံ အသည်းရောဂါ ဖြစ်ပွားမှု နှင့်
သေဆုံးမှုလျော့နည်းရန် ဖန်တီးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
မြန်မာနိုင်ငံ အသည်းဖောင်ဒေးရှင်းကို ဒီဇင်ဘာလ ၉ ရက်နေ့တွင် စတင်ဖွဲ့ စည်းခဲ့ပြီး၊ ထိုဖောင်ဒေး
ရှင်းကို အသင်းအတွက် ဦးဇေသီဟနှင့် ရုပ်ရှင်သရုပ်ဆောင် ဒေါ်နန္ဒာလှိုင်က မတည်ငွေအဖြစ် သိန်း
၁၀၀ နှင့် ဒေါက်တာသံစစ် တို့က ကျပ် ၁၀ သိန်းလှူဒါန်းခဲ့သည်။















