မုန်တိုင်းကြောင့် ပျက်စီးမှုများအတွက် ကူညီထောက်ပံ့ရေး လုပ်ငန်းများကို အမြန်ဆုံးလုပ်ဆောင်သွားမည်ဟုဆို

မုန်တိုင်းကြောင့် ပျက်စီးမှုများအတွက် ကူညီထောက်ပံ့ရေး လုပ်ငန်းများကို အမြန်ဆုံးလုပ်ဆောင်သွားမည်ဟုဆို

မေလ ၂၉ ရက်နေ့ ညပိုင်းက ရခိုင်ကမ်းရိုးတန်းသို့ ဖြတ်ကျော်ဝင်ရောက်ခဲ့သော မိုရာမုန်တိုင်း၏
အရှိန်ကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို အမြန်ဆုံး
လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ဆိုသည်။

“အခုလောလောဆယ်တော့ ပျက်စီးတာတွေကို လိုက်ကြည့်နေတယ်။ လိုအပ်တာတွေကို အမြန်ဆုံး
ကူညီဆောင်ရွက်သွားမှာပါ” ဟု ဦးညီပုက ဆိုသည်။

မုန်တိုင်းအရှိန် ပြင်းထန်သဖြင့် ဒေသခံများမှာ နီးစပ််ရာ ဘုန်းတော်ကြီးကျောင်းများသို့
ရွှေ့ပြောင်းနေထိုင်လျက်ရှိပြီး ပြည်နယ်အစိုးရမှ ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားရှိခြင်း
မရှိသေးကြောင်း၊ စားဝတ်နေရေးများကိုလည်း မိမိတို့ဘာသာဖြေရှင်းနေကြရကြောင်း မိဇံရပ်ကွက်မှ
ဒေါ်မိခိုင်က ပြောသည်။

“ည ၉ နာရီကျော်လောက်က လေစတိုက်ပြီး ၅ နာရီကျော်တဲ့အထိ လေက အရှိန်မပြေတော့
ချောင်းရေတွေလဲ တက်လာတယ်။ ဒါကြောင့် ကလေးတွေခေါ်ပြီး ဘေးလွတ်ရာကို
ပြောင်းလာခဲ့ရတာပါ”ဟု ဒေါ်မိခိုင်က ပြောသည်။

စစ်တွေမြို့ပေါ်ရှိ မြေနိမ့်ပိုင်းရပ်ကွက်များဖြစ်သော လမ်းမတော်မြောက်ရပ်ကွက်၊ ရွှေပြားရပ်ကွက်၊
မိဇံကမ်းနားလမ်းရပ်ကွက်နှင့် မြို့သူကြီးကမ်းနားလမ်းရပ်ကွက်များတွင် မုန်တိုင်းဒီရေ ၂ ပေခန့်ထိ
တက်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် မုန်တိုင်းအရှိန်ကြောင့် ဆက်သွယ်ရေးလိုင်းများ
ပြတ်တောက်သွားခဲ့ပြီး၊ ၎င်းမြို့နယ်များရှိ ပျက်စီးမှုများအား မီးသတ်ဦးစီးဌာနမှ ရှင်းလင်းလျက်ရှိကြောင်း၊
မုန်တိုင်းဖြတ်ကျော်စဉ် မောင်တောခရိုင်နှင့် စစ်တွေခရိုင်ရှိ မြို့နယ်များမှာ အများဆုံးပျက်စီးခဲ့ပြီး
ကျန်မြို့နယ်များမှာ ပျက်စီးမှု အနည်းငယ်သာရှိကြောင်း ပြည်နယ်မီးသတ်ဦးစီးဌာနမှူး ဦးသော်ဒါက
ပြောသည်။

မုန်တိုင်းအရှိန်ကြောင့် နေအိမ်အဆောက်အဦး၊ စာသင်ကျောင်းများ အမိုးလန်ခြင်း၊ သစ်ပင်များလဲခြင်း၊
ဓာတ်မီးတိုင်ကျိုးခြင်းများ ဖြစ်ပွားခဲ့သည်။

လေမုန်တိုင်းမှာ မေလ၂၈ ရက် နေ့လည်ပိုင်းမှ စတင်ကာ ကျောက်ဖြူမြို့နယ်နှင့် မြေပုံမြို့နယ်များတွင်
စတင်တိုက်ခတ်ခဲ့ပြီး စစ်တွေမြို့နှင့် အခြားမြို့များတွင် ညနေပိုင်းမှ စတင်တိုက်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊
မုန်တိုင်းမှာ စစ်တွေမြို့အနီး ၆၅ မိုင်ခန့်အကွာမှ ဖြတ်ကျော်ရာ တစ်နာရီ မိုင် ၆၀ မှ ရ၀ နှုန်းအထိ
အချိန်ကြာမြင့်စွာ တိုက်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု
ဦးစီးဌာနမှ သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး