သတိထားစောင့်ကြည့်ရမည့် သွေးလွန်တုပ်ကွေးရောဂါ

သတိထားစောင့်ကြည့်ရမည့် သွေးလွန်တုပ်ကွေးရောဂါ

ရန်ကုန်တိုင်းဒေသကြီးတွင် သွေးလွန်တုပ်ကွေး အများဆုံးဖြစ်ပွားလျက်ရှိပြီး၊
ယခင်နှစ်ဖြင့် ကာလတူနှိုင်းယှဉ်ပါက ငါးဆနီးပါးများလာသည်ဟု တာဝန်ရှိသူက
ပြောသည်။ 

ယခုနှစ် ဇန်နဝါရီမှ မေ ၂ဝ ရက်အထိ တစ်နိုင်ငံလုံးတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ
၂,၄၉ဝ ခန့်ရှိပြီး သေဆုံးသူ ၁ဝ ဦးရှိခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးသည် သွေးလွန်တုပ်ကွေး
အများဆုံးဖြစ်ပွားလျက်ရှိပြီး၊ ဖြစ်ပွားသူ ၁,ဝ၈၄ ဦးနှင့် သေဆုံးသူ ငါးဦးရှိသည်ဟု
ပြည်သူ့ကျန်းမာရေး ဦးစီးဌာန (ဆင်ခြေထောက်နှင့်သွေးလွန်တုပ်ကွေး ရောဂါစီမံချက်)မှ
သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း လူဦးရေထူထပ်သည့် လှိုင်သာယာနှင့် ဒဂုံမြို့သစ်လေးခု
(အရှေ့၊ တောင်၊ မြောက်၊ ဒဂုံဆိပ်ကမ်း) စသည့် ဆင်ခြေဖုံးဒေသများတွင် သွေးလွန်တုပ်ကွေး
အများဆုံး ဖြစ်ပွားနေပြီး၊ ကျန်မြို့နယ်များတွင်လည်း ဖြစ်ပွားမှုများရှိနေသည်ဟု
ဆိုသည်။

''သွေးလွန်တုပ်ကွေးကြောင့် အသက်သေဆုံးရတာက ဆေးရုံ၊ ဆေးခန်းကို အချိန်မီ
မရောက်တာ၊ တခြားဖျားနာတာနဲ့ လက္ခဏာဆင်တဲ့အတွက် အကိုက်အခဲပျောက်ဆေး၊
စပ်ဆေးတွေသောက်တာ စတဲ့ လွဲမှားမှု တွေကြောင့် ဖြစ်နိုင်တယ်''ဟု ရန်ကုန်တိုင်းပြည်သူ့
ကျန်းမာရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူး ဒေါက်တာဝင်းလွင်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုနှုန်းသည် ၂ဝ၁၆ ခုနှစ်တွင်
ဇန်နဝါရီမှ မေအထိ ဖြစ်ပွားသူ ၂၇ဝ ဦးနှင့်သေဆုံးသူ လေးဦးရှိခဲ့ပြီး၊ ယခုနှစ်
အလားတူကာလအတွင်း ဖြစ်ပွားမှုနှုန်း ငါးဆနီးပါးများလာသည်ဟု ၄င်းက
ပြောသည်။

''ရန်ကုန်တိုင်းဒေသကြီးကလူဦးရေများတယ်။ ကူးလူးဆက်ဆံတာတွေများတယ်။
ရွှေ့ပြောင်းတွေများတယ်။ ဒါတွေကလည်း ရောဂါကူးစက်စေတဲ့အကြောင်း
တစ်ခုဖြစ်တယ်၊၊ ဒီနှစ်မှာ ရန်ကုန်တိုင်းဒေသကြီးဖြစ်နှုန်းရော၊ သေနှုန်းရောများနေတယ်။
အခုလက်ရှိစာရင်းအရ သေဆုံးတဲ့လူနာတွေက ၁ဝ နှစ်အောက်ကလေးတွေ
ဖြစ်နေတယ်''ဟု ဒေါက်တာဝင်းလွင်က ပြောသည်။

သွေးလွန်တုပ်ကွေး ရောဂါသည် ရေကြည်ရေသန့်တွင် ပေါက်ဖွားသည့် ခြင်မှတစ်ဆင့်
ကူးစက်ဖြစ်ပွားလေ့ရှိပြီး၊ အေးဒီးစ်ခြင်ကျား ကိုက်ခံရခြင်းမှတစ်ဆင့် သွေးလွန်တုပ်ကွေး
ဖြစ်ပွားစေသည့် ီနညါကန ဗိုင်းရပ်စ်ပိုးသည် လူဆီသို့ ကူးစက် ဖြစ်ပွားသည်။

သွေးလွန်တုပ်ကွေးရောဂါသည်အချိန်မီစောစီးကွာကုသခြင်း မရှိပါက
အသက်သေဆုံးနိုင်ခြေရှိပြီး အသက်အရွယ်မရွေးဖြစ်ပွားနိုင်ကာ နှစ်နှစ် သို့မဟုတ်
သုံးနှစ်တစ်ကြိမ်ခန့် ဖြစ်ပွားမှုနှုန်းမြင့်တက်လေ့ရှိသည်ဟု တာဝန်ရှိသူများက
ပြောသည်။

အသက် ၁၅ နှစ်အောက်ကလေးများတွင် သွေးလွန်တုပ်ကွေးရောဂါ အဖြစ်များပြီး
တစ်နှစ်ပတ်လုံး သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားနိုင်ပြီး၊ မိုးရာသီကာလဖြစ်သည့် ဇွန်၊
ဇူလိုင်၊ သြဂုတ်များတွင် ရောဂါဖြစ်ပွားသူ ဦးရေမြင့်တက်လေ့ရှိသည့်အတွက် ယခုနှစ်
အတွင်း သတိပြုရန်လိုအပ်သည်ဟု ဆိုသည်။

''ရေသိုလှောင်တာများတယ်၊ ခြင်ခိုတဲ့နေရာများတဲ့အရပ်မှာ ရောဂါဖြစ်လွယ်တယ်။
လူနာတွေ့ရင် သူနေတဲ့အိမ်ရဲ့ ပတ်ဝန်းကျင် အိမ်ခြေ ၅ဝ ကျော်လောက်အထိကို
ခြင်ဆေးဖြန်းပေးတာ၊ အဘိတ်ခတ်တာ၊ ပညာပေးတာမျိုးတွေလုပ်ပါတယ်။ လူနာ
တွေ့ရင် နီးစပ်ရာဆေးရုံ၊ ဆေးခန်းကို လွှဲပြောင်းပေးတယ်''ဟု ကြည့်မြင်တိုင်မြို့နယ်မှ
ကျန်းမာရေးမှူး ဦးတင်အောင်က ပြောသည်။

ကြည့်မြင်တိုင် မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၂၅ ဦး ရှိလာပြီဖြစ်ပြီး
သေဆုံးသူ မရှိသေးသော်လည်း သွေးလွန်တုပ်ကွေး ကြိုတင် ကာကွယ်ရေး
လုပ်ငန်းများကို မြို့နယ်အလိုက် တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်နေသည်ဟု
၄င်းက ပြောသည်။

သွေးလွန်တုပ်ကွေး ရောဂါသည် ကလေးများအတွက် မိဘတိုင်း စိတ်ပူရသည့် ရောဂါ
တစ်ခုဖြစ်ပြီး ယခုကဲ့သို့ မိုးရာသီကာလအတွင်း မိဘများ သတိထားသင့်သည်ဟု
ကြည့်မြင်တိုင်မြို့နယ်တွင် နေထိုင်သည့် ကလေးမိခင် ဒေါ်စိုးစိုးက ပြောသည်။

''အခုဆိုရင် ကျန်းမာရေးဌာနကလည်း ရေမြောင်းတွေမှာ ခြင်ဆေးဖျန်းပေးတာ၊ ပညာပေး
ဟောပြောတာတွေလုပ်ပေးတယ်။ ခြင်လုံးဝမကိုက်အောင်နေဖို့ကတော့ မလွယ်ဘူး။ ဒါပေမဲ့
ကိုယ့်ကလေးကိုတော့ ဂရုစိုက်ရတာပေ့ါ၊ ရောဂါဖြစ်လာမှ ကုရမယ်ဆိုရင် ငွေကြေး
ကုန်ကျမယ်၊ ကလေးလည်း နာမကျန်းဖြစ်ရမယ်''ဟု ၄င်းက ပြောသည်။

ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ မေလလဝက်အထိ စာရင်းအရ ရန်ကုန်တိုင်းဒေသကြီး၊
မွန်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်များသည်
လက်ရှိအခြေအနေအရ သွေးလွန်တုပ်ကွေး ဖြစ်ပွားသူဦးရေများသည့် ဒေသများဖြစ်သည်။

''ဒီနှစ်သွေးလွန်တုပ်ကွေးဖြစ်ပွားမှုမြို့နယ်အချို့မှာ မြင့်နိုင်ပါတယ်။ ၂ဝ၁၅
ခုနှစ်ဖြစ်နှုန်းလောက်အထိတော့ မရောက်နိုင်ပါဘူး။ ဒါပေမဲ့ မနှစ်က ၂ဝ၁၆
ဖြစ်ပွားမှုနှုန်းထက်တော့ မြင့်နိုင်တယ်လို့ ခန့်မှန်းရပါတယ်''ဟု ပြည်သူ့ကျန်းမာရေး
ဦးစီးဌာန(သွေးလွန်တုပ်ကွေးစီမံချက်)စီမံချက်မန်နေဂျာ ဒေါက်တာ ဇော်လင်းက
ပြောသည်။

''သွေးလွန်တုပ်ကွေးရဲ့သဘောက ယေဘုယျအားဖြင့် ရောဂါခံနိုင်ရည်နည်းနေတဲ့ဒေသတွေမှာ
ဗိုင်းရပ်စ်ဝင်တဲ့အခါ ဖြစ်တတ်တယ်။ ရောဂါကာကွယ်ဖို့အတွက် အဓိကအချက်က
သွေးလွန်တုပ်ကွေး ကူးစက်စေတဲ့ ခြင်ပေါက်ဖွားမှု မရှိစေဖို့ ပိုးလောက်လန်း၊ ခြင်နှိမ်နင်းရမယ်၊
သံသယလက္ခဏာတွေ့ရင် အချိန်နဲ့တစ်ပြေးညီ ဆေးရုံဆေးခန်းသွားရမယ်။ ဒါတွေက
လူထုဘက်က ပူးပေါင်းလုပ်ဆောင်ပေးရမယ့် အဓိက အချက်ပါ''ဟု ၄င်းက ပြောသည်။

၂ဝ၁၆ ခုနှစ်က တစ်နိုင်ငံလုံးတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၁ဝ,ဝဝဝ ဝန်းကျင်သာ
ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၅၄ ဦးခန့်ရှိခဲ့သည်။ မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေးမြင့်မား
သည့် နှစ်များအဖြစ် ၂ဝ၁၅ ခုနှစ်တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၅ဝ,ဝဝဝ ကျော်နှင့်
သေဆုံးသူ ၁၄ဝ ဦးအထိရှိခဲ့ကာ ၂ဝဝ၉ ခုနှစ်တွင် ဖြစ်ပွားသူ ၂၂,၃၉၈ ဦးနှင့်၂ဝ၁၃
ခုနှစ်က ၂၁,၂၅၅ ဦး ရောဂါဖြစ်ပွားခဲ့သည်။

''သွေးလွန်တုပ်ကွေးဖြစ်စေတဲ့ပိုး လေးမျိုးရှိတယ်။ အဲဒီပိုးအားလုံးကို ကာကွယ်နိုင်တဲ့
ကာကွယ်ဆေးက ဒီမှာ မရှိသေးပါဘူး။ ဒါကြောင့် ကြိုတင်ကာကွယ်တဲ့ နည်းလမ်းက
အကောင်းဆုံးပါ။ လူထုကသိပြီး ကိုယ်တိုင်လုပ်ဆောင်လာဖို့ လိုပါတယ်''ဟု
ဒေါက်တာဝင်းလွင်က ပြောသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက၂ဝ၁ဝ ပြည့်နှစ် သွေးလွန်တုပ်ကွေးဖြစ်ပွားမှုနှုန်းကို
အခြေခံကာ ၂ဝ၂ဝ ပြည့်နှစ်တွင် ဖြစ်ပွားမှုနှုန်းကို ၂ဝ ရာခိုင်နှုန်း၊ သေဆုံးမှုနှုန်းကို ၅ဝ
ရာခိုင်နှုန်းအထိ လျှော့ချဖို့ ရည်မှန်းထားကြောင်း ယမန်နှစ်တွင် ထုတ်ပြန်ခဲ့သည်။




မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး