၁၉၈၈ ခုနှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာနှင့် လူထုလူတန်းစား အသီးသီးပါဝင်သည့်
အရေးတော်ပုံကြီးတစ်ခု မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည်။ရှစ်လေးလုံး အရေးတော်ပုံဟု
လူသိများသည့် အဆိုပါအဖြစ်အပျက်မှအစပြု၍ ဒီမိုကရေစီအရေး လှုပ်ရှားမှုများ
ဆက်တိုက်ဖြစ်ပွားခဲ့သည်။ 'ဒီမိုကရေစီ' ဆိုသည့် စကားလုံးသစ်နှင့်အတူ နိုင်ငံရေး
ပဋိညာဉ်သစ် ပေါ်ပေါက်ခဲ့သည်။
ရှစ်လေးလုံးအရေးတော်ပုံမှအစပြု၍ ဒီမိုကရေစီရရှိရေး ဦးဆောင်လှုပ်ရှားခဲ့သည့်
အဖွဲ့အစည်းကတော့ ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်ဗိုလ်ချုပ်ဟောင်းကြီးများ
ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (အင်န်အယ်လ်ဒီ) ဖြစ်သည်။
ပါတီစုံဒီမိုကရေစီစနစ်အတွက် အာဏာရှင်စနစ်ကို တွန်းလှန်ရင်း ထင်ရှားသည့်
နိုင်ငံရေးသမားများလည်း ပေါ်ထွက်ခဲ့သည်။ လူတန်းစားအလွှာအသီးသီးမှ ခံယူချက်
ပြင်းပြစွာဖြင့် နိုင်ငံရေးလောကထဲ ဝင်ရောက်ခဲ့ကြသည်။ အဆိုပါ နိုင်ငံရေးသမားများတွင်
ဦးခင်မောင်ဆွေလည်း အပါအဝင် ဖြစ်သည်။
ရေနံရှာဖွေရေးလုပ်ငန်းမှာ ဘူမိဗေဒပညာရှင်တစ်ဦးအဖြစ် လုပ်ကိုင်နေသည့်
ဦးခင်မောင်ဆွေ ၈၈ အရေးအခင်းမှတစ်ဆင့် နိုင်ငံရေးလောကထဲရောက်ရှိခဲ့သည်။
ရှစ်လေးလုံးအရေးတော်ပုံအတွင်း ဦးခင်မောင်ဆွေက ရေနံမြေအလုပ်သမားသမဂ္ဂ
အတွင်းရေးမှူးဖြစ်ပြီး နောက်ပိုင်းမှာဒေါ်အောင်ဆန်းစုကြည်၏ ဖိတ်ခေါ်မှုနှင့်
အင်န်အယ်လ်ဒီပါတီဝင်ဖြစ်ခဲ့သည်။
''သူက ပါတီထောင်မယ်၊ လာပူးပေါင်းပါဆိုတော့ အန်ကယ် ကတိပေးခဲ့တယ်။
တိုုင်းပြည်နဲ့ လူမျိုးအတွက် နိုုင်ငံရေးလုုပ်မှ ရတော့မယ်ဆိုတဲ့ယုံုကြည်ချက်တွေနဲ့
ဝင်ခဲ့တာပေါ့လေ'' ဟု နိုင်ငံရေးလောကထဲရောက်ရှိခဲ့ပုံကို ဦးခင်မောင်ဆွေက
ပြောပြသည်။
နိုင်ငံရေးသမားဖြစ်လာသည့်အတွက် ဦးခင်မောင်ဆွေ အစိုးရအရာရှိ အလုပ်ပြုတ်ခဲ့ပြီး
ပင်စင်လစာခံစားခွင့်ကိုလည်း ဆုံးရှုံးခဲ့ရသည်။ အင်န်အယ်လ်ဒီပါတီနှင့်အတူ
နိုင်ငံရေးလှုပ်ရှားမှုများကြောင့် ထောင်လည်း ကျခဲ့သည်။

၁၉၉ဝ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ပါတီ၏ တာဝန်ပေးချက်အရ
ဦးခင်မောင်ဆွေတစ်ယောက် စမ်းချောင်းမြို့နယ်က ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်
ရရှိခဲ့သည်။ သို့သော်လည်း နဝတ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့)
အစိုးရက အနိုင်ရပါတီကို အာဏာလွှဲပြောင်းပေးရန် ငြင်းဆန်ခဲ့ပြီး နိုင်ငံရေးသမားများကို
ဖိနှိပ်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးသမားများကို ဖမ်းဆီးထောင်ချခဲ့ရာ
ဦးခင်မောင်ဆွေလည်း ဖမ်းဆီးထောင်ချခြင်းခံခဲ့ရသည်။
''နိုင်ငံရေးလုပ်ပြီဆိုကတည်းက အခက်အခဲတွေ့တော့မယ်လို့ ဒေါ်စုက ပြောတယ်။
ကိုယ်တို့ကလည်း ဒါကိုလက်ခံထားပြီးသား။ ပထမအသုတ်မှာ ဒေါ်စုတို့ကိုဖမ်းတယ်။
ဒုတိယအသုတ် ဦးချစ်မောင်တို့၊ ဦးချစ်ခင်တို့ကို ဖမ်းတယ်။ တတိယအသုတ်လာတော့
မှာပဲလို့ တွက်ထားပြီးသား၊ သွားလေရာမှာ ပိုက်ဆံတို့၊ မှတ်ပုံတင်တို့၊ သွားတိုက်ဆေးတို့၊
မုတ်ဆိတ်ရိတ်ဓားတို့ ယူသွားပြီးသွားလာနေကြပဲ။ ဖမ်းတော့မှာဆိုတာ သိနေပြီလေ'' ဟု
၉ဝ ပြည့်နှစ် ရွေးကောက်ပွဲပြီး အခြေအနေကို ဦးခင်မောင်ဆွေက ပြန်ပြောင်းပြောပြသည်။
ဦးခင်မောင်ဆွေကို နိုင်ငံတော်ပုန်ကန်မှု၊ အကြည်ညိုပျက်စေမှု စသည့်စွပ်စွဲချက်များဖြင့်
၁၉၉ဝ ပြည့်နှစ်၊ အောက်တိုဘာလတွင် စုစုပေါင်းထောင်ဒဏ် ၁၇ နှစ် ချမှတ်ခဲ့သည်။
၂ဝဝ၈ ခုနှစ်၊ စက်တင်ဘာတွင် ဦးခင်မောင်ဆွေ ထောင်မှ ပြန်လည်လွတ်မြောက်လာ
ခဲ့သည်။ ထောင်ထဲတွင် ၁၆ နှစ်ကျော် နေထိုင်ခဲ့ရသည်။ ဦးခင်မောင်ဆွေ ထောင်မှ
ပြန်လည်လွတ်မြောက်ချိန်တွင် နိုင်ငံရေးအခင်းအကျင်းသစ်များ ပေါ်ထွက်နေပြီဖြစ်သည်။
နဝတ တစ်ဖြစ်လဲ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ)
အစိုးရက ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုထားပြီးဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေသစ်နှင့်အတူ ပါတီစုံအထွေထွေရွေးကောက်ပွဲ ကျင်းပတော့မည့်
အချိန်ဖြစ်ပြီး ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများ သဘောထားအမျိုးမျိုး ကွဲလွဲနေသော
အချိန်လည်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးထိန်းသိမ်းခံနေရဆဲအချိန်တွင် ရွေးကောက်ပွဲဝင်ရေး၊
မဝင်ရေးနှင့် ပတ်သက်၍ အင်န်အယ်လ်ဒီပါတီထိပ်ပိုင်းခေါင်းဆောင်များအကြား
သဘောထားကွဲလွဲလျက်ရှိသည်။ လူထုထောက်ခံမှု အပြည့်အဝရရှိထားသော်လည်း
ရွေးကောက်ပွဲနှင့် ရှေ့ဆက်နိုင်ငံရေးခရီးအတွက် အကျပ်အတည်းကာလရောက်နေချိန်
ဖြစ်သည်။ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် မှတ်ပုံတင်ခြင်း မရှိပါကအင်န်အယ်လ်ဒီ
ပါတီကို နိုင်ငံရေးပါတီအဖြစ် ရပ်တည်ခွင့်မပြုရန် အစိုးရက ကြေညာခဲ့သည်။
''အင်န်အယ်လ်ဒီက ထပ်ပြီးတော့ မှတ်ပုံမတင်ဘူးဆိုုရင် ရွေးကောက်ပွဲဝင်ခွင့်လည်း
ဆုံးရှုံးသွားပြီပေါ့။ သဘောက အကျပ်အတည်းပေးတာပေါ့'' ဟု ဦးခင်မောင်ဆွေက
ပြောသည်။
အင်န်အယ်လ်ဒီပါတီအတွက် ဒေါက်တာသန်းငြိမ်းနှင့် ဦးခင်မောင်ဆွေ ပူးပေါင်း၍
'ရွှေဂုံတိုင် ကြေညာစာတမ်း' ကို ရေးသားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်
ပြန်လည်လွတ်မြောက်လာပါက အဆိုပါ ကြေညာစာတမ်းဖြင့် ရှေ့ခရီးဆက်ရန်
ဖြစ်သည်ဟု ဦးခင်မောင်ဆွေက ဆိုသည်။
''အဲဒီ အချိန်တုုန်းက စီအီးစီ ၁၅ ယောက်မှာ အန်ကယ်တို့ဘက်က ရွေးကောက်ပွဲ မှတ်ပုံုတင်
ပြန်တင်သင့်တယ်၊ ရွေးကောက်ပွဲလည်း ဝင်သင့်တယ်လိုု့ သဘောတူတာ ကိုးယောက်
ရှိတယ်'' ဟု ဦးခင်မောင်ဆွေက ဆိုသည်။
ရွေးကောက်ပွဲဝင်ရေး၊ မဝင်ရေးနှင့် ပတ်သက်၍ အင်န်အယ်လ်ဒီပါတီ ဗဟိုအလုပ်
အမှုဆောင်ကော်မတီအတွင်း ဆွေးနွေးခဲ့သော်လည်း နောက်ဆုံးတွင် ရွေးကောက်ပွဲ
ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုရန် အင်န်အယ်လ်ဒီပါတီက ဆုံးဖြတ်ခဲ့သည်။
''ဦးဝင်းတင်အစရှိတဲ့ ပုုဂ္ဂိလ်တွေကတော့ မဝင်ဘူး။ ကျွန်တော်က ပြောတယ်။ ဒီဥစ္စာက
နဝတအစိုုးရရဲ့ ထောင်ချောက်ပဲ၊ မဝင်ဘူးဆိုရင် သူတိုု့ ပိုုကြိုက်လိမ့်မယ်။ ရွေးကောက်ပွဲကိုု
သူတို့သာသာလေး ဖြတ်သန်းသွားလိမ့်မယ်။ အင်န်အယ်လ်ဒီသာ ဝင်ခဲ့ရင်
အကျပ်အတည်းကို သူတိုု့ ဖြတ်သန်းရမှာပဲ။ ထောင်ချောက်ထဲကိုု မဝင်ကြပါနဲ့လိုု့
ပြောခဲ့တယ်'' ဟု ၂ဝ၁ဝ ပြည့်နှစ် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပါတီထိပ်ပိုင်း
ခေါင်းဆောင်များ သဘောထားကွဲလွဲခဲ့ပုံကို ဦးခင်မောင်ဆွေက ရှင်းပြသည်။
ရွေးကောက်ပွဲနှင့် ပတ်သက်၍ သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ပြီးနောက်
ဦးခင်မောင်ဆွေနည်းတူ အင်န်အယ်လ်ဒီပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်
အချို့ နုတ်ထွက်ခဲ့ကြသည်။
''အဲဒီမေလ ၆ ရက်နေ့ (၂ဝ၁ဝ ပြည့်နှစ်) ညနေ ၄ နာရီမှာ ကျွန်တော်တိုု့ ရုံးကနေ
ထွက်လာခဲ့တာပဲ။ အင်န်အယ်လ်ဒီပါတီအောက်က ထွက်လာခဲ့ကြတယ်'' ဟု
ဦးခင်မောင်ဆွေက ခပ်ပြတ်ပြတ် ပြောသည်။
အင်န်အယ်လ်ဒီပါတီမှ ခွဲထွက်သူများက လွှတ်တော်အတွင်းရောက်မှသာလျှင်
အခြေခံဥပဒေပြင်ဆင်နိုင်ရေး စတင်နိုင်မည်ဟု ယုံကြည်ခဲ့ကြပြီး
နိုင်ငံရေးအခင်းအကျင်းတွင် ဆက်လက်ပါဝင်ရေးအတွက် ရွေးကောက်ပွဲဝင်ရန်
ဆန္ဒရှိခဲ့ကြသည်ဟု ဦးခင်မောင်ဆွေက ဆိုသည်။
''အခြေခံဥပဒေ မပြင်ဆင်နိုင်ဘဲနဲ့ ဒီမိုကရေစီသမိုင်းခေတ်သစ်တစ်ခုကို သွားလို့
မရဘူးလေ'' ဟု ဦးခင်မောင်ဆွေက ပြောသည်။
''အင်န်အယ်လ်ဒီအနေနဲ့ ရွေးကောက်ပွဲ မဝင်တော့ဘူး။ မှတ်ပုံု မတင်တော့ဘူး
ဆိုုတော့ နိုုင်ငံရေးနဲ့ ကင်းကွာသွားပြီ။ ဒေါ်အောင်ဆန်းစုုကြည်ကလည်း နိုုင်ငံရေး
မလုုပ်တော့ဘူး။ ပါတီအနေနဲ့ လူမှုရေးပဲ လုပ်တော့မယ်ဆိုုပြီးတော့ ကိုုဉာဏ်ဝင်း
ပြောတာ မှတ်မိမှာပေါ့'' ဟု ဦးခင်မောင်ဆွေက ထပ်လောင်းပြောဆိုသည်။
ပင်မအတိုက်အခံပါတီကြီးဖြစ်သည့် အင်န်အယ်လ်ဒီပါတီမှခွဲထွက်ခဲ့သည့် ဒေါက်တာ
သန်းငြိမ်းနှင့် ဦးခင်မောင်ဆွေ ဦးဆောင်ကာ အင်န်ဒီအက်ဖ်ပါတီကို တည်ထောင်
ဖွဲ့စည်းခဲ့သည်။ ၂ဝ၁ဝ ပြည့်နှစ် ဇွန်လတွင် ရွေးကောက်ပွဲဝင်ရန် နိုင်ငံရေးပါတီ
အဖြစ် တည်ထောင်ခွင့် ရရှိခဲ့သည်။
''ဒေါ်စုုထွက်လာလိုု့များ ကိုယ်တိုု့အပေါ်နားလည်လိုု့ရှိရင် အဲဒီအချိန်မှာ အင်န်အယ်လ်ဒီကိုု
ပြောတဲ့အတိုင်း သူတို့က ဖျက်လိုက်မယ်။ ပလက်ဖောင်းမဲ့သွားတဲ့ အင်န်အယ်လ်ဒီ
ဖြစ်သွားရင် ပြန့်ကျဲနေတဲ့ ဒီမိုုကရေစီအုုပ်စုုတွေကိုု ထောင်ထဲဖမ်းထည့်မလားပေါ့။
ထည့်လိုုရှိရင် အကာအကွယ်ရနုုိင်အောင် အင်န်ဒီအက်ဖ် ထောင်ထားရင်
ကောင်းမလားဆိုုတဲ့ အတွေးလည်းပါတယ်'' ဟု နိုင်ငံရေးပါတီ ခွဲထောင်
ဖြစ်ခဲ့သည့်အကြောင်း ဦးခင်မောင်ဆွေက ရှင်းပြသည်။
၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် အင်န်အယ်လ်ဒီပါတီက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းနှင့်
ပတ်သက်၍ ''၂ဝ၁၂ မှာ သူတို့ (အင်န်အယ်လ်ဒီ) လိုက်လာတယ်။ နိုုင်ငံရေး ထွက်ပေါက်က
ဒါပဲဆိုုတာကိုု ဝန်မခံဘဲနဲ့ လိုက်လာတယ်။ ဒါက ရှင်းရှင်းကြီးပဲ။ ဘယ်သူက
နိုင်ငံရေးမှာ အကွက်ပိုုပြီးမြင်လဲ၊ ရှေ့အမြော်အမြင်ရှိရှိနဲ့ တုုိင်းပြည် နိုုင်ငံရေးကိုု
လုုပ်သွားလဲဆိုုတာ'' ဟု ဦးခင်မောင်ဆွေက ဆိုသည်။
၂ဝ၁ဝ ပြည့်နှစ်ရွေးကောက်ပွဲတွင် အင်န်ဒီအက်ဖ်ပါတီကလွှတ်တော်သုံးရပ်စလုံးတွင်
၁၆ နေရာအနိုင်ရရှိခဲ့သော်လည်း ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂ဝ၁၅
ရွေးကောက်ပွဲများတွင် တစ်နေရာမှ အနိုင် မရရှိခဲ့ပေ။ လွှတ်တော်နှင့် ဝေးကွာနေ
သော်လည်း ၄င်းတို့ရရှိခဲ့သည့် ငါးနှစ်တာကာလတွင်း ဆောက်ရွက်ချက်များအပေါ်
ကျေနပ်မှုရှိပြီး ရှေ့ဆက်နိုင်ငံခရီးအတွက် ယုံကြည်ချက်ရှိနေဆဲဖြစ်သည်ဟု
ဦးခင်မောင်ဆွေက ဆိုသည်။
''ထွက်ခဲ့တဲ့အတွက်လည်း နောင်တ မရဘူး။ အကျိုးရှိတယ်။ လွှတ်တော်ထဲမှာ
လုုပ်ပေးနိုင်ခဲ့တယ်။ ငါးနှစ်တာကာလမှာ လုပ်နိုင်ခဲ့တယ်။ နောက်ထပ်
မရွေးတာကတော့ ပြည်သူ့သဘောပဲလေ။ပြည်သူတာဝန်မပေးလိုု့ မရွေးခံရတာာ၊
ဒါက ရှက်စရာလည်း မဟုုတ်ဘူး၊ အားငယ်စရာလည်း မဟုုတ်ဘူး။ နိုုင်ငံရေးဆိုုတာ
အတက်အကျ ရှိတာပဲလေ'' ဟု ဦးခင်မောင်ဆွေက ဆိုသည်။
၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော
အင်န်အယ်လ်ဒီပါတီက လွှတ်တော်အားလုံးတွင် အများဆုံးအနိုင်ရရှိခဲ့ပြီး
အစိုးရအာဏာရရှိခဲ့သည်။၂ဝ၁ဝ ပြည့်နှစ်မှ စတင်သည့် မြန်မာ့ဒီမိုကရေစီပြုပြင်
ပြောင်းလဲရေးလုပ်ငန်းစဉ်လည်း ပို၍ရုပ်လုံးပေါ်လာခဲ့သည်။
နိုင်ငံရေးအခင်းအကျင်းသစ်နှင့်အတူ အင်န်အယ်လ်ဒီပါတီနှင့် အင်န်ဒီအက်ဖ်ပါတီတို့
ပြန်လည်ပူးပေါင်းနိုင်မလားဆိုသော မေးခွန်းအတွက် ပေါင်းစည်းစရာ အကြောင်း
မရှိဟုသာ ဦးခင်မောင်ဆွေက ပြောသည်။
''ဒေါ်အောင်ဆန်းစုုကြည်က ဘယ်တော့မှ ထွေးပြီးသားတံတွေး ပြန်မမျိုဘူး။
အင်န်ဒီအက်ဖ်ကို လက်ကမ်းလိမ့်မယ်လို့ အန်ကယ် မထင်ပါဘူး။ ပါတီချင်း
ပေါင်းစည်းဖို့ဆိုုတာ မလွယ်ပါဘူး။ အန်ကယ့်သမိုင်း အန်ကယ်ရေးခဲ့ပြီးပြီလေ၊
မလိုတော့ဘူး'' ဟု ဦးခင်မောင်ဆွေက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အာဏာရ အင်န်အယ်လ်ဒီပါတီ၏
လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ လတ်တလောအနေအထားတွင် ကျေနပ်အားရမှု
မရှိဘဲ ဆက်လက်စောင့်ကြည့်နေသည်ဟုလည်း ဦးခင်မောင်ဆွေက ပြောသည်။
အစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆောင်ရွက်မှုများနှင့် ပတ်သက်၍ ''ငြိမ်းချမ်းရေးမှာ
တပ်က မာလိုက်ရင် ပျက်သွားမယ်။ အဲဒီတော့ ဒါတွေကြည့်ပြီး ဖင်မနိုင်ဘဲ ပဲကြီးဟင်း
မသောက်နဲ့ပေါ့။အစကတည်းက တပ်နဲ့ ညှိရမယ်။ ဘယ်လိုသွားမယ်၊ တိုင်းရင်းသား
တွေနဲ့တွေ့တဲ့အခါ ဘယ်လောက်ထိပေးနိုင်လဲ။ ငြိမ်းချမ်းရေးမှာ သူဒီလောက် ထဲထဲဝင်ဝင်
ပါစရာ မလိုုဘူးလေ။ သူ့အောက်က လူတွေကိုုခိုင်းပြီး တစ်ချက်တစ်ချက် သူမျက်နှာပြဖို့ပဲ
လိုုတယ်'' ဟု ဦးခင်မောင်ဆွေက ဝေဖန်သည်။
''ဒေါ်စုုကိုု တစ်နှစ် စောင့်ကြည့်မယ်။ အဲဒီကြားထဲမှာ ဖောက်ထွက်ပြီးတော့
ကောင်းတာလုုပ်မယ်ဆိုုရင် အန်ကယ် လက်ခုပ်တီးမှာပဲလေ။ ထောက်ခံမှာပဲ'' ဟု
ဦးခင်မောင်ဆွေက ဆိုသည်။
ဦးခင်မောင်ဆွေနှင့် ပတ်သက်၍ အင်န်ဒီအက်ဖ်ပါတီအဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး
ပြီးခဲ့သည့် ပထမအကြိမ်လွှတ်တော်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦး
ဖြစ်ခဲ့သူ ဦးခိုင်မောင်ရည်က''ဦးခင်မောင်ဆွေကို အင်န်ဒီအက်ဖ်ပါတီ တည်ထောင်ချိန်မှာ
စသိခဲ့တာပါ။ သူဟာ ၂ဝ၁ဝ ရွေးကောက်ပွဲကို ဝင်သင့်တယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို
ရဲရဲတင်းတင်း ချမှတ်နိုင်ခဲ့သူဖြစ်ပါတယ်။ သူနဲ့လက်တွဲညီခဲ့တဲ့ ဒေါက်တာ သန်းငြိမ်းတို့
နှစ်ယောက်ဟာ လွှတ်တော်နိုင်ငံရေးကို ပထမဦးဆုံး ထိုးဖောက်ပါဝင်ခဲ့တဲ့သူတွေ
ဖြစ်ပါတယ်။ ဒါဟာ သမိုင်းမှာ ငြင်းပယ်လို့ မရနိုင်တဲ့ အချက်ပါ'' ဟု ဆိုသည်။
လက်ရှိမြန်မာ့နိုင်ငံရေးတွင် ပါဝင်နေဆဲဖြစ်ပြီး ဝါရင့်နိုင်ငံရေးသမားတစ်ဦးဖြစ်သူ
ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေကလည်း ''ကျွန်တော်က တစ်ချိန်တုန်းကတော့
ဦးခင်မောင်ဆွေရယ်၊ ဒေါက်တာသန်းငြိမ်းတို့နဲ့ အတူတွဲလုပ်ခဲ့တာပေါ့။ ဦးခင်မောင်ဆွေက
ပညာတတ်ပေါ့။ ဝန်ထမ်းဘဝကနေ နိုင်ငံရေးလောကကိုလာတဲ့သူပေါ့။ နိုင်ငံရေးမှာ
ထက်ထက်သန်သန်နဲ့ ယုံကြည်ချက် ရှိရှိ လုပ်ကိုင်တဲ့ လူတစ်ယောက်ပဲ'' ဟု ပြောသည်။
လက်ရှိတွင် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဥက္ကဋ္ဌဖြစ်သူဦးခင်မောင်ဆွေသည်
သင်္ဃန်းကျွန်းမြို့နယ်အတွင်း နေထိုင်လျက်ရှိသည်။ အသက် ရ၅ နှစ်ရှိပြီဖြစ်သော်လည်း
ဦးခင်မောင်ဆွေသည်နိုင်ငံရေးခံယူချက် ထက်သန်နေဆဲဖြစ်သည်။
''အခြေခံဥပဒေကိုယ်တိုင်ကလည်းပဲ ဒီမိုကရက်တစ်စရိုက်လက္ခဏာတွေ မပါဘဲနဲ့
ဒီတစ်ပါတီ တစ်ပြည်ထောင်စနစ်နဲ့ပဲ သွားနေမယ်၊ ဒီမိုကရက်တစ် အင်စတီကျူးရှင်း
တစ်ခု ခိုင်ခိုင်မာမာမရှိသေးဘူးဆိုုရင်တော့ ဒီမိုကရက်တစ်သွားဖို့ အဟန့်အတားက
ဖြစ်နေဦးမှာပဲ။ နိုင်ငံရေးကိုုပဲ ကြည့်တယ်၊ လူကိုုမကြည့်ဘူး။ ပါတီကိုု မကြည့်ဘူး၊
ပြည်သူကိုပဲ ကြည့်တယ်'' ဟု ဦးခင်မောင်ဆွေက ဆိုသည်။

၁၉၄၂ ဇူလိုင်လ၌ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် မွေးဖွား
၁၉၆ဝ ပုသိမ်မြို့တွင် အခြေခံပညာအထက်တန်း အောင်မြင်
၁၉၆၆ ခုနှစ်တွင် ဘူမိဗေဒဘာသာရပ်ဖြင့် သိပ္ပံဘွဲ့ရရှိ
၁၉၆၆ မှ ၁၉၈၈ ခုနှစ်အထိ မြန်မာ့ရေနံကော်ပိုရေးရှင်းတွင်
ဘူမိဗေဒပညာရှင်အဖြစ် တာဝန်ထမ်းဆောင်
၁၉၈၈ အောက်တိုဘာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့ဝင်
၁၉၈၉ ဇူလိုင်လတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့ဝင်
၁၉၉ဝ မေလ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် စမ်းချောင်းမြို့နယ်
လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရ
၁၉၉ဝ အောက်တိုဘာလတွင် ထောင်ဒဏ် ၁၇ နှစ်ချမှတ်ခြင်း ခံရ
၂ဝဝ၈ စက်တင်ဘာတွင် ထောင်မှ ပြန်လည်လွတ်မြောက်
၂ဝ၁ဝ ဇွန်လတွင် ဒေါက်တာသန်းငြိမ်း (ဥက္ကဋ္ဌ) နှင့်အတူ အမျိုးသားဒီမိုကရေစီ
အင်အားစုပါတီထောင်
လက်ရှိ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဥက္ကဋ္ဌ
















