ကျောင်းအပ်နှံရေး သီတင်းပတ်အတွင်း ကျောင်းသို့ ရောက်မလာသည့် ကလေးများကို
အိမ်တိုင်ရာရောက် လိုက်လံခေါ်ယူမည်ဖြစ်ကြောင်း ယခုလ ၂၅ ရက်က ကျင်းပခဲ့သော
ကျောင်းအပ်နှံရေး အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး
ဒေါ်ဆွေဆွေလဲ့က ပြောသည်။
"ကျောင်းရောက်မလာတဲ့ ကလေးတွေ ၃၁ ရက်ဆိုရင် သိပါပြီ။ ကိုယ့်အတန်းမှာ ဘယ်သူတွေကျန်လဲ။
ကျန်တဲ့လူတွေကို ဆရာမတွေက ကိုယ့်ရဲ့ အားလပ်ချိန်မှာ ဘာအခက်အခဲရှိလဲ၊ ကျောင်းဘာလို့
မလာသေးတာလဲ စသဖြင့် အိမ်တိုင်ရာရောက် ကွင်းဆင်းပြီး ဇွန်လ ဒုတိယပတ်အထိ
ခေါ်ဆောင်မယ်" ဟု ၎င်းကပြောသည်။
နွေရာသီကျောင်းပိတ်ရက် ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးက
လိုက်လံကောက်ယူထားသည့် စာရင်းဇယားများအရ ၂၀၁၇ဪ၁၈ ပညာသင်နှစ်တွင်
ကျောင်းတက်ရမည့် ကလေးအရေ အတွက်မှာ မူလတန်းအဆင့်တွင် ၅၃၀,၀၀၀ ကျော်၊
အလယ်တန်းအဆင့်တွင် ၃၆၀,၀၀၀ ကျော်နှင့် အထက်တန်းအဆင့်တွင် ၁၃၀,၀၀၀ ကျော်ရှိသည်။
"ကျောင်းအပ်နှံရေး သတင်းပတ်အတွင်း ကျောင်းအပ်တာကို လက်ခံဆောင်ရွက်နေပေမဲ့ ကျောင်းကို
ရောက်မလာနိုင်တဲ့ ကလေးတွေ ရှိနေပါတယ်။ ဒီလိုကလေးတွေအတွက် ကျောင်းအပ်နှံကာလ
ကျော်လွန်ပြီး လက်ခံဆောင်ရွက်ဖို့ ရှိပါတယ်" ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊
မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟံထွန်းက ပြောသည်။
ယခုလ ၂၅ ရက်မှ ၃၁ ရက်အထိ ကျောင်းအပ်နှံရေး သတင်းပတ်အဖြစ် သတ်မှတ်ထားပြီး
ယခုပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်၏ ဆောင်ပုဒ်မှာ "ကျောင်းနေအရွယ်ကလေးတိုင်း
ကျောင်းအပ်နှံရေးနှင့် ကျောင်းထွက်သူ ပပျောက်ရေး ပြည်သူအားလုံး ပူးပေါင်းပါ၀င်ဆောင်ရွက်ပေး"
ဖြစ်သည်။
















