ယခုပညာသင်နှစ်တွင် နဝမတန်းအထူးပြု ဘာသာရပ် ရွေးချယ်ရာ၌ ကျောင်းသားအခြေပြု ရွေးချယ်မှု
ပုံစံဖြင့် ဆောင်ရွက်သွားမည်ဟု ယခုလ ၂၅ ရက်က အလုံမြို့နယ်တွင် ကျင်းပခဲ့သည့် ကျောင်းအပ်နှံရေး
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေလဲ့က
ပြောသည်။
"နဝမတန်းကို ကျောင်းအပ်ပဲ လက်ခံမယ်။ ဘာသာရပ်ကို မပြောသေးဘဲနဲ့ ဇွန်လ ၁ ရက်မှာ မိဘတွေ၊
ကျောင်းသားတွေကို ခေါ်လိုက်မယ်။ ခေါ်ပြီးရင် အတွဲ ၁၊၂၊ ရ အကြောင်း ရှင်းပြမယ်။ ဘာသာရပ်အကုန်
သင်ကြည့်ခိုင်းပြီး ဇွန်လကုန်မှ (အထူးပြု) ဘာသာရပ်တွေ အတည်ဖြစ်မယ်" ဟု ၎င်းက ပြောသည်။
လက်ရှိတွင် နဝမတန်း အထူးပြုဘာသာရပ်သတ်မှတ်ရန် ဘာသာတွဲအမှတ် ၁၊၂၊ ရ ကို သင်ယူရန်
စီစဉ်ထားပြီး ဘာသာတွဲများအကြောင်း မိဘများကို တွေ့ဆုံ ရှင်းလင်းပေးသွားမည်ဖြစ်ကြောင်း၊
မိဘများ၏ ဖိအားပေးစေခိုင်းမှုမျိုး မဟုတ်ဘဲ မိမိနှစ်သက်ရာ ဘာသာတွဲကို ကလေးများ ရယူစေရန်
စီစဉ်သွားမည်ဟု ဒေါ်ဆွေဆွေလဲ့က ပြောသည်။
မိမိနှစ်သက်ရာ ဘာသာတွဲကို ရယူနိုင်ရန် အထူးပြုဘာသာတွဲ သုံးမျိုးစလုံးကို ဇွန်လ တစ်လလုံး
သင်ကြားသွားမည်ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် ကျောင်းသားများ စိတ်ဝင်စားပြီး စာလိုက်နိုင်သည့်
ဘာသာတွဲကို ရယူစေမည်ဖြစ်သည်။
"နှစ်ပတ်လောက်နေရင် ကလေးက သူဘယ်ဘာသာ လိုက်နိုင်တယ်ဆိုတာ သိသွားပြီ။ အထူးသဖြင့်
ရှစ်တန်းကို အဆင့်စီနဲ့ အောင်တဲ့ ကလေးတွေအတွက် ကလေး စိတ်ကြိုက်ယူပါစေ။ အထူးသဖြင့်
အဆင့်စီနဲ့ ပထဝီ၊ သမိုင်းတွဲကို ယူပါစေ။ မြန်မာလို ကျက်ရတာဖြစ်တဲ့အတွက် သူ့အတွက် အများကြီး
အခွင့်အရေးရှိတယ်" ဟု ဒေါ်ဆွေဆွေလဲ့က ပြောသည်။
ကျောင်းသားများ မိမိတို့ကြိုက်နှစ်သက်ရာ ဘာသာတွဲကို သင်ယူနိုင်သည့် သင်ကြားမှုအခွင့်အလမ်းကို
ပညာရေးဝန်ကြီးဌာနက ပေးထားပြီးဖြစ်ကြောင်း၊ အထက်အတန်းအဆင့်သို့ တက်ရောက်လာသည့်
ကျောင်းသား ကျောင်းသူများ မည့်သည့် ဘာသာတွဲကို ရယူရမည်ဟူသည့် ဖိအားပေးစေခိုင်းမှုမျိုး
မပြုလုပ်ဘဲ ကျောင်းသားကျောင်းသူများ၏ သဘောဆန္ဒအလျောက် ဘာသာတွဲ ရွေးချယ်ခွင့်ကို
ပေးထားသည့်အတွက် သင်ကြားမှုသင်ယူမှု လုပ်ငန်းများကို အလေးအနက်ထား စီစဉ်ဆောင်ရွက်လျက်
ရှိကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က မေ ၁၉ ရက်က
ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။
နဝမတန်းတက်ရောက်မည့် ကျောင်းသားများအတွက် အထူးပြုဘာသာရပ်အဖြစ် ဘာသာတွဲ
အမှတ်(၁)တွင် မြန်မာ၊ အင်္ဂလိပ်၊ သချင်္ာ၊ ဓာတု၊ ရူပ၊ ဘောဂ၊ ဘာသာတွဲ အမှတ်(၂)တွင် မြန်မာ၊
အင်္ဂလိပ်၊ သချင်္ာ၊ ပထဝီ၊ သမိုင်း၊ ဘောဂနှင့် ဘာသာတွဲ အမှတ်(၇)တွင် မြန်မာ၊ အင်္ဂလိပ်၊ သချင်္ာ၊
ဓာတု၊ ရူပ၊ ဇီဝ ဘာသာရပ်များကို သတ်မှတ်သင်ကြားလျက်ရှိသည်။
















