မုန်တိုင်းကြောင့် ရခိုင်တွင် ဒုက္ခသည်စခန်းအချို့နှင့် အဆောက်အအုံ ၁,ဝဝဝ ကျော် ထိခိုက်ပျက်စီး

မုန်တိုင်းကြောင့် ရခိုင်တွင် ဒုက္ခသည်စခန်းအချို့နှင့် အဆောက်အအုံ ၁,ဝဝဝ ကျော် ထိခိုက်ပျက်စီး

ဆိုင်ကလုန်းမုန်တိုင်း 'မိုရာ'အရှိန်ကြောင့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နှင့်
ဧရာဝတီတိုင်းဒေသကြီးများတွင် မိုးကြီးခြင်းနှင့် လေဘေးအန္တရယ် ရင်ဆိုင်ခဲ့ရပြီး လူသေဆုံးမှု
မရှိခဲ့သော်လည်း အဆောက်အအုံ ၁,၃ဝဝ နီးပါး ပျက်စီးဆုံးရှုံးခြင်း၊ လမ်းတံတား၊ ဓာတ်မီးတိုင်များ
ထိခိုက်ပျက်စီးခဲ့ကြောင်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနက
သတင်းထုတ်ပြန်ထားသည်။

အဆိုပါဒေသသုံးခုအနက် ရခိုင်ပြည်နယ်သည် မုန်တိုင်ဒဏ် အများဆုံးခံစားခဲ့ရပြီး
လေပြင်းတိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၁ ခုတွင် နေအိမ်၊ စာသင်ကျောင်း၊
ဘာသာရေးအဆောက်အအုံ၊ အစိုးရအဆောက်အအုံများ၊ စစ်တွေနှင့် ပေါက်တောမြို့နယ်များရှိ
ဒုက္ခသည်စခန်းနှစ်ခုအပါအဝင် နေအိမ်အဆောက်အအုံ ၁,ဝဝဝ ကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၏ ကနဦးစာရင်းအရ သိရသည်။

မုန်တိုင်းဖြတ်ကျော်နေစဉ် ဧရာဝတီတိုင်းအတွင်းရှိ မော်လမြိုင်ကျွန်း၊ ဖျာပုံ၊ ငပုတောမြို့နယ်များနှင့်
ချင်းပြည်နယ် ဟားခါးမြို့များတွင်လည်း ထိခိုက်ပျက်စီးမှု အနည်းငယ်ရှိခဲ့သည်။

"ကနဦးစာရင်းအရတော့ အိမ်ခြေအဆောက်အုံ ၁,၂ဝဝ ကျော်ပျက်စီးတယ်၊ အများစုကတော့
ရခိုင်ကပါ။ မြေပြင်အခြေအနေတွေကို ဆက်လက်စိစစ်ဆဲပါ။ ကူညီဆယ်ကယ်ရေးလုပ်ငန်းတွေ
အတွက် ပြည်ထောင်စုဝန်ကြီးလည်း ရခိုင်ကိုရောက်နေပါတယ်။ လူဦးရေကတော့
စာရင်းလုပ်နေပါတယ်"ဟု ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ
ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ပြောသည်။

မုန်တိုင်းဖြတ်ကျော်စဉ် မောင်တောခရိုင်နှင့် စစ်တွေခရိုင်အတွင်းရှိ မြို့နယ်များတွင် အများဆုံး
ထိခိုက်ပျက်စီးခဲ့ပြီး ကျန်မြို့နယ်များတွင် ထိခိုက်မှု အနည်းငယ်သာ ရှိသည်ဟု ရခိုင်ပြည်နယ်
မီးသတ်ဦးစီးဌာနမှ ဌာနမှူး ဦးသော်ဒါက ပြောသည်။

ဆိုင်ကလုန်းမုန်တိုင်း 'မိုရာ'သည် ရခိုင်ကမ်းရိုးတန်းအနီးမှ ဖြတ်ကျော်နေစဉ် တစ်နာရီလျှင် ၅၅ မိုင်မှ
၆ဝ ဝန်းကျင်နှုန်းအထိ လေပြင်းတိုက်ခတ်ခဲ့ကာ လေပြင်းတိုက်ခတ်မှုဒဏ်ကို ဒေသခံများ
အချိန်ကြာမြင့်စွာခံစားခဲ့ရကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး
ဦးကျော်မိုးဦးက ပြောသည်။

"မုန်တိုင်းက ကမ်းမဝင်ခင်မှာ မြန်မာ့ကမ်းရိုးတန်းနဲ့ တအားနီးပြီးတော့ အဝန်းအဝိုင်းလည်းကြီးတဲ့
အတွက် ရခိုင်မြောက်ပိုင်းဒေသတွေမှာ လေတိုက်နှုန်း အချိန်အများကြီး ခံခဲ့ရတယ်။ အခုကုန်းတွင်းပိုင်း
ဝင်သွားပြီးဆိုပေမဲ့ မုန်တိုင်းအကြွင်းအကျန် တိမ်တိုက်တွေကြောင့် ရခိုင်၊ စစ်ကိုင်း၊ ချင်းစတဲ့
ဒေသတွေမှာ လေပြင်းတိုက်ခတ်မှုတွေ ရှိနေနိုင်ပါသေးတယ်"ဟု ၄င်းက ပြောသည်။

မုန်တိုင်းကြောင့် လူနေအိမ်အနီး ပြိုလဲခဲ့သည့် သစ်ပင်ကြီးတစ်ပင်ကို ရှင်းလင်းနေစဉ်။ ဓာတ်ပုံ -  Supplied

မေ ၂၉ ရက်က စစ်တွေမြို့ပေါ်ရှိ မြေနိမ့်ပိုင်းရပ်ကွက်အချို့၌ မုန်တိုင်းဒီရေ နှစ်ပေခန့်အထိ
တက်ခဲ့သည့်အတွက် နီးစပ်ရာ ဘုန်းကြီးကျောင်းနှင့် ကုန်းမြင့်ပိုင်းနေရာများသို့ ပြောင်းရွှေ့နေခဲ့ရပြီး
လက်ရှိအချိန်တွင် ရာသီဥတုအခြေအနေ တည်ငြိမ်သွားသော်လည်း နေရာအချို့တွင် စားနပ်ရိက္ခာနှင့်
အကူအညီအချို့ လိုအပ်နေကြောင်း ဒေသခံများက ပြောသည်။

"တချို့ သွားလာရခက်တဲ့ နေရာတွေကျတော့ အကူအညီချက်ခြင်း မရောက်တာမျိုးရှိတယ်။
အဲဒီနေရာတွေမှာကျတော့ အစားအသောက်နဲ့ သူတို့နေထိုင်ဖို့ အကူအညီလိုနေတယ်"ဟု
စစ်တွေမြို့မှ ဒေသခံတစ်ဦးက ပြောသည်။

မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်း ပျက်စီးဆုံးရှုံးမှုများအတွက် အခြေအနေများကို
လိုက်လံကြည့်ရှုကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အမြန်ဆုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်း
ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက ပြောသည်။

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနသည်် သဘာဝဘေးကြောင့် ပြိုကျပျက်စီးသည့်
နေအိမ်တစ်လုံးအတွက် ငွေကျပ်တစ်သိန်း၊ တစ်စိတ်တစ်ပိုင်း ပျက်စီးသည့် နေအိမ်တစ်လုံးအတွက်
ငွေ ကျပ်တစ်သောင်းမှ တစ်သိန်းအထိ ကူညီထောက်ပံ့ပေးနေပြီး လူထိခိုက်ဒဏ်ရာရပါက
ငါးသောင်းကျပ်၊ သေဆုံးပါက တစ်သိန်းကျပ် ကူညီထောက်ပံ့ပေးနေကြောင်း ဒေါ်ဖြူလဲ့လဲ့ထွန်းက
ပြောသည်။

"ဒီတစ်ခေါက်က ရခိုင်မှာအများဆုံးဖြစ်တယ်။ ဒုက္ခသည်စခန်းအချို့ ထိခိုက်ပျက်စီးတာ ရှိတယ်။
များသောအားဖြင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းလုပ်ပေးရတယ်။ ဘာတွေလုပ်ပေးဖို့လိုလဲဆိုတော့
ထိခိုက်ပျက်စီးမှုအပေါ်မူတည်ပြီး ဆောင်ရွက်ပေးရပါတယ်"ဟု ၄င်းက ပြောသည်။

အဆိုပါ မုန်တိုင်းအရှိန်ကြောင့် နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊
ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာအနှံ့အပြား
မိုးထစ်ချုန်းရွာခြင်း၊ ဒေသအလိုက် မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများ
ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး