ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြထားသည့်
ပါတီတံဆိပ်နှင့် အလံကို ကန့်ကွက်ထားသည်ဟု ရခိုင်အမျိုးသားပါတီ အတွင်းရေးမှူး
ဦးထွန်းအောင်ကျော်က မေ ၂၉ ရက်တွင် ပြောသည်။
ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အလံနှင့် တံဆိပ်တွင် ပါ၀င်သည့် ဗျာလပုံ သည်
ရခိုင်အမျိုးသားပါတီ၏ အလံ၊ တံဆိပ်နှင့် ဆင်တူဖြစ်နေခြင်းကြောင့် ရွေးကောက်ပွဲများတွင် မဲပေးမည့်
ပြည်သူများ ထင်ယောင်ထင်မှားဖြစ်စေနိုင်သည့်အတွက် ကန့်ကွက်ရခြင်းဖြစ်သည်ဟု
၎င်းက ပြောသည်။
"ကြည့်လိုက်တဲ့အခါမှာ အလံနဲ့တံဆိပ်က အေအင်န်ပီမှာပါတဲ့အတိုင်း အရုပ်ကအရောင်၊ ပုံသဏ္ဌာန်
အတူဖြစ်နေတယ်။ အဲဒါက ကျွန်တော်တို့ရဲ့ ရပ်တည်မှုကို ထိခိုက်လာနိုင်တယ်။ ဆင်တူတွေဖြစ်နေရင်
ရွေးကောက်ပွဲမှာ ပြည်သူလူထုထင်ယောင်ထင်မှား ဖြစ်လာနိုင်တယ်။ အဲဒီလိုတွေတူနေတဲ့အတွက်
ခွင့်မပြုသင့်ဘူးဆိုပြီး ကျွန်တော်တို့ ကန့်ကွက်လိုက်တာပါ"ဟု ဦးထွန်းအောင်ကျော်က ပြောသည်။
ရခိုင်အမျိုးသားပါတီသည် ၁၉၉၀ ရွေးကောက်ပွဲ၌ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နှင့်
၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ
ပူးပေါင်းထားခြင်းဖြစ်သော်လည်း ပါတီ ခေါင်းဆောင်ပိုင်းရွေးချယ်မှု၊ မူဝါဒရေးရာ ကိစ္စရပ်များနှင့်
စပ်လျဉ်း၍ ပါတီတွင်း အကွဲအပြဲများ ဖြစ်ပေါ်ခဲ့ရသည်။
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၏ ခေါင်းဆောင် တစ်ဦးဖြစ်သည့် ဦးမျိုးကျော်က ရခိုင်အမျိုးသားပါတီ၏
ကန့်ကွက်မှုအပေါ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဘက်က တစ်စုံတစ်ရာအကြောင်းကြားခြင်း
မရှိသေးသလို အဆိုပါ ကန့်ကွက်ချက်သည်လည်း အဓိပ္ပာယ်ရှိသည့် ကန့်ကွက်ချက်မျိုး မဟုတ်ဟု
တုံ့ပြန်ပြောဆိုသည်။
"ရခိုင်တွေရဲ့ အရောင်သတ်မှတ်မှုက အဖြူနဲ့အနီကို သုံးပါတယ်။ ပြီးတော့ ဗျာလအရုပ်ဆိုတာကလည်း
ရခိုင်တစ်မျိုးသားလုံးရဲ့ သင်္ကေတပါ။ တစ်ဖွဲ့တစ်ဦးတည်း ပိုင်ဆိုင်တာ မဟုတ်ပါဘူး။ အဲဒါကြောင့်
သုံးတာပါ"ဟု ၎င်းက ပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးတင်ထွန်းက ရခိုင်အမျိုးသားပါတီ၏
ကန့်ကွက်မှုအပေါ် ကော်မရှင်အနေဖြင့် လာမည့် လမှသာ စိစစ်သွားမည်ဟု ဆိုသည်။















