ရခိုင်ပြည်နယ်အတွက် အချက်အလက် ရှာဖွေရေးအဖွဲ့ ကုလသမဂ္ဂဖွဲ့စည်း

ရခိုင်ပြည်နယ်အတွက် အချက်အလက် ရှာဖွေရေးအဖွဲ့ ကုလသမဂ္ဂဖွဲ့စည်း

ရခိုင်ပြည်နယ် အရေးကိစ္စနှင့် ပတ်သက်၍ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက်ကို
ကန့်ကွက်သည့် မြန်မာအစိုးရ၏ ရပ်တည်ချက်မှာ မပြောင်းလဲကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး
ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ ရခိုင်ပြည်နယ်အတွက် ဥပဒေနှင့် လူသားချင်းစာနာမှုဆိုင်ရာ
ပညာရှင် သုံးဦး ပါ၀င်သည့် အချက်အလက် ရှာဖွေစုဆောင်းရေးမစ်ရှင်အဖွဲ့ကို မေ ၃၀ ရက်က
ဖွဲ့စည်းလိုက်သည့်အပေါ် ၎င်းက တုံ့ပြန်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

"ကျွန်တော်တို့အစိုးရရဲ့ သဘောထားကတော့ မတ်လတုန်းက လူ့အခွင့်အရေးကောင်စီရဲ့
ဆုံးဖြတ်ချက်ကို ကန့်ကွက်ခဲ့တယ်။ အခုလည်း ဒီအတိုင်းပါပဲ"ဟု ၎င်းက ပြောသည်။

၂၀၁၇ ခုနှစ်၊ မတ်က ရခိုင်ပြည်နယ်နှင့်ပတ်သက်၍ အချက်အလက်ရှာဖွေရေးမစ်ရှင်
ဖွဲ့စည်းစေလွှတ်ရန် ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ချမှတ်ခဲ့ရာ
မြန်မာအစိုးရကိုယ်စားလှယ်က လူ့အခွင့် အရေးကောင်စီ၏ အဆိုပါဆုံးဖြတ်ချက်ကို
ကန့်ကွက်ခဲ့သည်။

အချက်အလက် ရှာဖွေစုဆောင်းရေးမစ်ရှင်အဖွဲ့ကို ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် လုံခြံုရေး
တပ်ဖွဲ့ဝင်များက လူ့အခွင့်အရေး ချိုးဖောက်ခဲ့မှုများ ရှိ၊ မရှိ အချက်အလက်များ၊ စုဆောင်းရန်
ဖြစ်သည်ဟု ကုလသမဂ္ဂ၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

အဆိုပါအဖွဲ့ကို လိုအပ်သောနေရာများ သွားလာခွင့်ပေးခြင်း၊ လိုအပ်သော အရင်းအမြစ်များ
ပံ့ပိုးခြင်းဖြင့် ပူးပေါင်းဆောင်ရွက်မှုအပြည့်အဝ ပေးရန်လည်း လူ့အခွင့်အရေးကောင်စီက
မြန်မာအစိုးရကို တောင်းဆိုထားသည်။

အဆိုပါအဖွဲ့သည် ၂၀၁၈ခုနှစ်၊ မတ်လတွင် အစီရင်ခံစာတင်သွင်းရမည်ဖြစ်သည်ဟု
ထုတ်ပြန်ချက်တွင် ပါရှိသည်။

"နိုင်ငံတကာက ဆောင်ရွက်ချက်တွေဟာ ကျွန်တော်တို့ ရခိုင်ပြည်နယ်အရေး ဆောင်ရွက်ချက်တွေ
အပေါ် အထောက် အကူမပြုဘူးလို့ဘဲ ပြောချင်ပါတယ်"ဟု ဦးဇော်ဌေးက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး