မတ်လ ၂၉ ရက်နေ့ညက တိုက်ခတ်ခဲ့သော မုန်တိုင်းကြောင့် နေအိမ်များ အမိုးလန်သည့်အပြင်
တချို့မှာ အိမ်လုံးဝပျက်စီးသွားပြီးအဆိုပါအိမ်ထောင်စုများမှာ နီးစပ်ရာဘုန်းတော်ကြီးကျောင်းများတွင်
ဝင်ရောက်ခိုလှုံ လျက်ရှိရာယနေ့အထိ အစိုးရမှ တစ်စုံတစ်ရာ ပံ့ပိုးပေးခြင်းမရှိသေးသည့်အတွက်
ဘုန်းကြီးကျောင်းများတွင် သောင်တင်လျက်ရှိကြောင်း ဓညဝတီရပ်ကွက်ရှိ မဟာဇေယျသိဓ္ဓိအဓိဌာန်
ဘုန်းတော်ကြီးကျောင်းတွင် လာရောက် ခိုလှုံသူ ဒေါ်ခင်သန်းက မေလ ၃၀ ရက်နေ့တွင်
ပြောကြားသည်။
“ကျွန်မတို့အိမ်က တစ်အိမ်လုံးပျက်စီးသွားတာ ဘယ်လိုမှပြန်နေလို့မရတော့ဘူး။ မိသားစု ၁၀
ယောက်လုံး အခုဘုန်းကြီးကျောင်းရောက်နေတယ်။ အစိုးရကဘယ်လိုကူညီပေးမယ်လို့တော့
အခုထိတော့ ဘာမှမပြောသေး ဘူး။”ဟု ဒေါ်ခင်သန်းက ဆိုသည်။
အဆိုပါဘုန်းတော်ကြီးကျောင်းတွင် မေလ ၃၀ ရက်နေ့က မုန်တိုင်းဒဏ်ကြောင့် ခေတ္တလာရောက်
လိုခိုလှုံ သူအများအပြားရှိခဲ့ပြီး၊ နေအိမ်အနည်းငယ်သာပျက်စီးသော သူများမှာ နေအိမ်သို့ ပြန်သွား
ကြကြောင်း၊ နေအိမ် လုံးဝပျက်စီးသွားသူများသာ ဘုန်းကြီးကျောင်းတွင် ကျန်နေခဲ့ပြီးနေရာထိုင်ခင်းနှင့်
စားသောက်ရန်အခက်အခဲများရှိ ကြောင်း၊ ယနေ့နံနက်ပိုင်းက ပြည်ထောင်စုဝန်ကြီးများနှင့်
အစိုးရအဖွဲ့ဝင် ဝန်ကြီးများရောက်ရှိလာပြီး တစ်ဦးလျှင် ငွေကျပ် ၂၁၅၀ စီပေးအပ် ထောက်ပံ့ခဲ့ကြောင်း
လည်း ၎င်းကဆိုသည်။
မုန်တိုင်းရှောင်သူများတွင် အချို့မှာ နီးစပ်ရာဆွေမျိုးများအိမ်တွင်လည်းကောင်း၊ နီးစပ်ရာ
ဘုန်းတော်ကြီး ကျောင်းများတွင်လည်းကောင်း၊ နီးစပ်ရာ စာသင်ကျောင်းများတွင်လည်းကောင်း
ခိုလှုံလျက်ရှိသည်။ ယခုအချိန်ထိ ခိုလှုံနေကြသူများတွင် ကလေးငယ်များအများစုပါဝင်သဖြင့်အချို့မှာ
ဇွန်လ ၁ ရက်နေ့ကျောင်းစတင်ဖွင့်ချိန်တွင် ကျောင်းတက်နိုင်ရန် ခက်ခဲလျက်ရှိကြောင်း
ဘုန်းတော်ကြီးကျောင်းတွင် နေထိုင်သူများက ဆိုသည်။
















