ပုဂ္ဂလိကပိုင် ဆင်များ၏အနာဂတ် မရေမရာဖြစ်နေ

ပုဂ္ဂလိကပိုင် ဆင်များ၏အနာဂတ် မရေမရာဖြစ်နေ

 

ပြီးခဲ့သည့်ဘဏ္ဍာနှစ်အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သစ်ထုတ်လုပ်ရေး ရပ်နားခဲ့ပြီးနောက်
ပုဂ္ဂလိကပိုင်ဆင်များ၏ အနာဂတ် မရေမရာဖြစ်နေသည်ဟု တာဝန်ရှိသူများက ပြောသည်။

မြန်မာနိုင်ငံတွင် ဆင်ယဉ်ကောင်ရေ ၅,၅ဝဝ ကျော်ခန့်ရှိသည့်အနက် နိုင်ငံပိုင်ဆင် ၃,ဝဝဝ
ကျော်ရှိပြီး ပုဂ္ဂလိကပိုင်ဆင်ကောင်ရေ ၂,၅ဝဝ ကျော်ရှိသည်ဟု မြန်မာ့သစ်လုပ်ငန်း၏
ဆင်ဌာနစိတ်မန်နေဂျာ ဒေါက်တာဇော်မင်းဦးက ပြောသည်။

အစိုးရသစ်တက်လာသည့် ယခင်ဘဏ္ဍာနှစ်တွင် သစ်ထုတ်လုပ်မှုကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်
တစ်နှစ် ရပ်နားခဲ့ရာ သစ်ထုတ်လုပ်ရေးလုပ်ငန်းများအတွက် ငှားရမ်း အသုံးပြုသည့် ဆင်များမှလွဲ၍
ပုဂ္ဂလိကပိုင်ဆင်များမှာ အလုပ်လက်မဲ့ဖြစ်ခဲ့ရသည်။

ဆင်တစ်ကောင်၏ တစ်လစာ ကုန်ကျစရိတ်သည် အနည်းဆုံး ကျပ်နှစ်သိန်းခန့်ရှိပြီး ပြီးခဲ့သည့်
နှစ်အတွင်း အလုပ်လက်မဲ့ဖြစ်ခဲ့သည့် ဆင်များကို တောထဲတွင် လွှတ်ကျောင်းရသည်ဟု
ဒေါက်တာဇော်မင်းဦးက ပြောသည်။

သစ်ထုတ်လုပ်မှုလျှော့ချပြီးနောက် နိုင်ငံပိုင်ဆင်များ၏ ကုန်ကျစရိတ်အတွက် ဆင်စခန်းများဖွင့်ကာ
ခရီးသွားလုပ်ငန်းတွင် အသုံးချလျက်ရှိသော်လည်း ပုဂ္ဂလိကဆင်များကို မည်သည့်နေရာတွင်
ဆက်လက်အသုံးချသွားမည်ဆိုသည်မှာ ဝေဝါးဆဲဖြစ်သည်ဟု ၄င်းက ပြောသည်။

ဆင်များအတွက် နေ့စဉ်ကုန်ကျစရိတ်ကြီးမားခြင်းအပြင် ဆင်များအသက်ကြီးလာသည့်အခါ
ထိန်းသိမ်းစောင့်ရှောက်ရ ခက်ခဲခြင်းနှင့် သေဆုံးသည့်အခါ သင်္ဂြိုဟ်ရခက်ခဲခြင်းများကြောင့်
နယ်စပ်သို့ တရားမဝင် ခိုးထုတ်ရောင်းချခြင်းများလည်း ရှိနေသည်ဟု ဆင်အရေး တက်ကြွလှုပ်ရှားသူ
ဒေါ်စပယ်လွင်က ပြောသည်။

''ကိုယ့်နိုင်ငံက ဆင်တွေက အရှင်ထွက်ရော၊ အသေထွက်ရော ထွက်နေကြတာလေ'' ဟု ၄င်းက
ပြောသည်။

နိုင်ငံပိုင်ဆင်များ အိုမင်းလာသည့်အခါနှင့် မတော်တဆဖြစ်သည့်အခါ သက်ဆိုင်ရာ ဆင်အိုရုံများသို့
ပို့ဆောင်နိုင်သော်လည်း ပုဂ္ဂလိကဆင်များအတွက်မူ နောက်ဆက်တွဲ တာဝန်ယူမှု ခိုင်ခိုင်မာမာ
မရှိသေးဟုလည်း ဒေါက်တာဇော်မင်းဦးက ပြောသည်။

မြန်မာနိုင်ငံ၏ ပထမဆုံး ဆင်ဆေးရုံကို တောင်ငူမြို့တွင် ဆောက်လုပ်လျက်ရှိပြီး ယင်းဆေးရုံတွင်
ပုဂ္ဂလိကဆင်များ အခမဲ့လာရောက်ကုသနိုင်သည်ဟု ၄င်းက ပြောသည်။

''အခု နောက်ပိုင်းသစ်ထုတ်လုပ်ငန်းတွေကို နားလိုက်တော့ ပုဂ္ဂလိကဆင်တွေ အလုပ်မရှိဘူး။
အဲဒီတော့ ပိုက်ဆံမရှိဘူး၊ အဲဒီတော့ဆေးကုလို့မရဘူး။ အဲဒီဆင်တွေက ဒီဆင်ဆေးရုံမှာ လာပြီး
ဆေးကုလို့ ရတယ်'' ဟုဒေါက်တာဇော်မင်းဦးက ပြောသည်။

ပုဂ္ဂလိကပိုင်ဆင် အများစုနေထိုင်ရာ နေရာဖြစ်သောကြောင့် တောင်ငူတွင် အဆိုပါဆေးရုံ
တည်ဆောက်ခြင်းဖြစ်ပြီး ဆင်ဆေးရုံသည် ရဝ ရာခိုင်နှုန်းနီးပါး ပြီးစီးပြီးဖြစ်သော်လည်း
ငွေကြေးမလုံလောက်မှုကြောင့် တည်ဆောက်ရေးလုပ်ငန်းများ ရပ်ဆိုင်းထားရသည်ဟု ၄င်းက
ပြောသည်။

ခရီးသွားလုပ်ငန်းဖြစ်လာသည့် ဝင်္ဂဘော်ဆင်စခန်းရှိ ဆင်များ။ အောင်ခန့် / မြန်မာတိုင်း(မ်)

အာရှဆင်ထိန်းသိမ်းရေးလုပ်ဆောင်နေသည့် နိုင်ငံတကာ ဆင်ထိန်းသိမ်းစောင့်ရှောက်ရေး
အဖွဲ့အစည်းတစ်ခုဖြစ်သည့် နူနဗငိ ၏ ၂ဝဝ၆ ခုနှစ်အတွင်း ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအရ
မြန်မာနိုင်ငံတွင် တောဆင်ရိုင်းကောင်ရေ ကျဆင်းလာရသည့် အဓိက အကြောင်းများအနက်
ဆင်ရိုင်းဖမ်းဆီးမှုသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။

လူနှင့် နေထိုင်မှု အသားကျနေသည့် ဆင်များကို တောထဲပြန်လွှတ်ရန် ခက်ခဲပြီး တောထဲတွင်
မိမိကိုယ်မိမိ အန္တရာယ်မှကာကွယ်ခြင်းနှင့် အစာရှာရာတွင်မုဆိုးများ၏ အန္တရာယ်မှ
ကာကွယ်ရန်အခက်အခဲဖြစ်နိုင်သည်ဟု ဆိုသည်။

''ဆင်ယဉ်ပြီးတဲ့နောက်ပိုင်းမှာ အစားအသောက်ကအစ ပြောင်းလဲလာတာပေါ့။ ပြီးတော့
ဆင်ရိုင်းတွေက ဆင်ယဉ်တွေကို လက်မခံကြဘူး။ တချို့နေရာတွေမှာ ဆင်ရိုင်းတွေက
ဆင်ယဉ်တွေကို တိုက်ခိုက်တတ်ကြတယ'' ဟု ပြည်တွင်းအခြေစိုက် နိုင်ငံတကာ အဖွဲ့အစည်း
ဖြစ်သည့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS) အကြီးတန်းနည်းပညာညှိနှိုင်းရေးမှူး
ဦးစောထူးသာပိုက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး