အမျိုးသားကျန်းမာရေး အာမခံစနစ် တည်ထောင်ရန် ပြည်သူ့လွှတ်တော် တိုက်တွန်း

အမျိုးသားကျန်းမာရေး အာမခံစနစ် တည်ထောင်ရန် ပြည်သူ့လွှတ်တော် တိုက်တွန်း

ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု ကုန်ကျစရိတ် လျှော့ချနိုင်ရေးအတွက် အမျိုးသားအဆင့်
ကျန်းမာရေး အာမခံစနစ်တစ်ခု တည်ထောင်ရန် ပြည်သူ့လွှတ်တော်က ယခုသီတင်းပတ်အတွင်း
တိုက်တွန်းလိုက်သည်။

အစိုးရ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်နိုင်ရေး၊ ဆင်းရဲနွမ်းပါးသူများ
အပါအဝင် နိုင်ငံသားတိုင်း ထိရောက်သည့် ကျန်းမာရေး ၀န်ဆောင်မှုများ အချိန်မီရရှိရေး၊ လိုအပ်သည့်
ရန်ပုံငွေများ လုံလောက်စွာ ရရှိရေးအတွက် အစိုးရကို တိုက်တွန်းကြောင်း အဆိုကို
ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ စံရွှေဝင်းက
ယခုလ ၅ ရက်တွင် ပြည်သူ့လွှတ်တော်၌ တင်သွင်းခဲ့ခြင်းဖြစ်သည်။

"ပြောင်းလဲလာတဲ့ လူမှုစီးပွားရေးစနစ်၊ တိုးပွားလာတဲ့ လူဦးရေ၊ ပြောင်းလဲလာတဲ့ရောဂါဖြစ်ပွားမှုပုံစံ၊
ဖွံ့ဖြိုးလာတဲ့ ကျန်းမာရေးစောင့်ရှောက်မှုနည်းပညာတွေနဲ့ နည်းပါးတဲ့ ကျန်းမာရေးကဏ္ဍ
ခွင့်ပြုရန်ပုံငွေကြောင့် ဆေးဝါးပစ္စည်းချို့တဲ့မှုများနဲ့အတူ ကျန်းမာရေးအတွက် ကုန်ကျငွေများကို
တိုက်ရိုက်ပေးချေရတဲ့ အိတ်စိုက်ကုန်ကျစရိတ်ဟာ ကုန်ကျစရိတ်စုစုပေါင်းရဲ့ ၈၀ ရာခိုင်နှုန်းအထက်
ရှိလာခဲ့ပြီး ပြည်သူတွေအတွက် ၀န်ထုပ်ဝန်ပိုးတစ်ခုဖြစ်လာပါတယ်"ဟု ၎င်းက လွှတ်တော်တွင်
တင်ပြဆွေးနွေးခဲ့သည်။

မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီးချိန်မှ စတင်ကာ ကျန်းမာရေးစောင့်ရှောက်မှုကို အခမဲ့စနစ်ဖြင့်
ဆောင်ရွက်ခဲ့သော်လည်း အခက်အခဲများစွာရင်ဆိုင်နေရဆဲဖြစ်ပြီး၊ အထူးသဖြင့် ချို့တဲ့သူများသည်
ကျန်းမာရေးစရိတ်ကြောင့် အကျပ်အတည်းမျိုးစုံဖြင့် ရင်ဆိုင်လာရသည်ဟု ဆိုသည်။

"ကုန်ကျစရိတ်ကြောင့် ဆေးဝါးကုသမှုခံယူနိုင်ခြေ မရှိသဖြင့် အသက်ဆုံးရှုံးမှုများစွာရှိခဲ့ကြောင်း
သိရှိတွေ့မြင်ခဲ့ရပါတယ်" ဟု ဒေါက်တာစံရွှေဝင်းက ပြောသည်။

မြန်မာနိုင်ငံသည် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍအတွက် ရန်ပုံငွေ ပိုမိုသုံးစွဲလာသော်လည်း
အခြားသော နိုင်ငံများနှင့်နှိုင်းယှဉ်လျှင် လွန်စွာနည်းပါးနေလျက်ရှိသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ၂၀၁၅ ခုနှစ်တွင် တွက်ချက်ထားမှုအရ ကျန်းမာရေးစောင့်ရှောက်မှုအတွက်
ကုသမှု၊ ကာကွယ်မှုစသည့် အခြေခံလိုအပ်ချက်များကို ဆောင်ရွက်ပေးရန် လူတစ်ဦးလျှင် ပျမ်းမျှ
အမေရိကန် ဒေါ်လာ ၆၀ လိုအပ်သော်လည်း မြန်မာနိုင်ငံသည် ဒေါ်လာ တစ်ဘီလျံခန့်သာ
သုံးစွဲနိုင်သေးကြောင်း ၎င်းက ပြောသည်။

နိုင်ငံတော်တွင် ကျန်းမာရေးစောင့်ရှောက်မှုအတွက် ရန်ပုံငွေတိုးမြှင့်သုံးစွဲနိုင်ရန် ဘဏ္ဍာရေး
အကန့်အသတ် ရှိနေသောကြောင့် ပြည်သူများလည်း ၀န်ထုပ်ဝန်ပိုးမဖြစ်စေသည့် အမျိုးသားအဆင့်
ကျန်းမာရေးအာမခံစနစ် တည်ထောင်သွားရန် ဒေါက်တာစံရွှေဝင်းက တိုက်တွန်းခဲ့သည်။

အထက်ပါအဆိုကို လွှတ်တော်တွင် လက်ခံဆွေးနွေး ရန် ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဝင်းက ထောက်ခံဆွေးနွေးခဲ့ပြီး အခြားသော
လွှတ်တော်ကိုယ်စားလှယ်များကလည်း ကန့်ကွက်ခြင်း မရှိသောကြောင့် အဆိုကို လွှတ်တော်တွင်
လက်ခံဆွေးနွေးမည်ဖြစ်သည်။

လက်ရှိနိုင်ငံတော်၏ ကျန်းမာရေးကဏ္ဍအတွက် ခွင့်ပြု ထားသောရန်ပုံငွေသည် အစိုးရစုစုပေါင်း
အသုံးစရိတ်၏ ငါးရာခိုင်နှုန်းသာရှိပြီး နိုင်ငံတကာဝင်ငွေနည်းနိုင်ငံများ ပျမ်းမျှအသုံးစရိတ်၏
ကိုးရာခိုင်နှုန်းအောက်ပင် ရောက်ရှိနေကြောင်း ဦးဝင်းဝင်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး