လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ လိုအပ်ချက်များ ပိုမိုတိုးမြင့်လာခြင်းသည် မြန်မာနိုင်ငံ၏
အပြုသဘော ပြုပြင် ပြောင်းလဲမှုများအပေါ် စိန်ခေါ်မှုတစ်ရပ် ဖြစ်လာသဖြင့် နိုင်ငံတော်အစိုးရအနေ
ဖြင့် အဆိုပါကိစ္စရပ်များအား အရှိန် မြှင့်ရင်ဆိုင်ဖြေရှင်းရန်လိုအပ်ကြောင်း လူသားချင်းစာနာမှုဆိုင်ရာ
ကုလသမဂ္ဂ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် ဗယ်လာရီအေးမို့စ်က ဒီဇင်ဘာလ ရ ရက်နေ့တွင်
ရန်ကုန်မြို့၌ပြောသည်။
"ပြီးခဲ့တဲ့နှစ်မှာ မြန်မာနိုင်ငံမှာ မှတ်သားလောက်တဲ့ အပြောင်းအလဲ တွေရှိခဲ့ပါတယ်။ ဒါပေမယ့်
လူသားချင်း စာနာမှုဆိုင်ရာလိုအပ်ချက်တွေ ဆက်လက်ရှိနေတဲ့အပြင် ပိုတိုးလာတဲ့နေရာတွေလည်း
ရှိပါတယ်။ တိုင်းပြည် အနေနဲ့ ပြုပြင်ပြောင်းလဲမှုလမ်းကြောင်းပေါ်မှာဆက်လျှောက်နေစဉ် နိုင်ငံတော်
အစိုးရကလည်း ဒီအရေးကြီးတဲ့ လူသားချင်းစာနာမှုဆိုင်ရာကိစ္စတွေကို ရင်ဆိုင် ဖြေရှင်းပေးဖို့ လိုပါ
တယ်။ ဒါမှ လူ့အသက် တွေကို ကယ်တင်နိုင်မှာ ဖြစ်ပါတယ်။ ပဋိပက္ခရှိနေသေးတဲ့ နေရာတွေမှာ
လည်း တည်ငြိမ်အေးချမ်းဖို့ အထောက်အကူ ဖြစ်လာပြီး ရေရှည်ဖွံ့ဖြိုးမှုလုပ်ငန်းတွေလည်း ဆက်
လက်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်"ဟု ၎င်းက ကုန်သည်ကြီးများ ဟိုတယ်တွင် မီဒီယာများနှင့်
တွေ့ဆုံစဉ် ပြောသည်။
အိုးအိမ်နှင့်ပိုင်ဆိုင်မှုများကို စွန့်ခွာ နေရသော နိုင်ငံတွင်းရှိ ငါးသိန်းနီးပါးရှိ သော အကူအညီလိုအပ်
နေသော လူသားများ၏ လက်ရှိလူသားချင်းစာနာမှုဆိုင်ရာ စိန်ခေါ်မှုများကို လေ့လာရန် ၎င်း မြန်မာ
နိုင်ငံသို့ လာရောက်ရသည့် အကြောင်းတစ်ရပ်ဖြစ်ကြောင်းနှင့် ၎င်း၏ လေးရက်တာခရီးစဉ်အတွင်း
ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ရှိ ရွှေ့ပြောင်းနေထိုင်နေရသူများ၏ လူသားချင်းစာနာမှုဆိုင်ရာ
အခြေအနေများကိုလည်း လေ့လာခဲ့ကြောင်း မစ္စအေးမို့စ်က ပြောသည်။
"ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ မနှစ်က ဇွန်လကတည်းက စခဲ့တဲ့ တိုက်ခိုက်မှုတွေ
ကြောင့် လူ ရ၅,၀၀၀ ဟာ သူတို့ရဲ့ အိမ်တွေကို စွန့်ခွာ နေရပြီး အကူအညီ လိုအပ်နေပါတယ်။
ကျွန်မ မြစ်ကြီးနားမြို့ပြင်က ဂျမိုင်ဂေါင်း စခန်းကို ရောက်ခဲ့ပါတယ်။ ဒီစခန်းက အစိုးရထိန်းချုပ်မှု
အောက်မှာရှိတဲ့ နေရာမှာရှိနေတဲ့အတွက် အကူအညီပေးတဲ့ အဖွဲ့တွေဆီကထောက်ပ့ံမှု ရကြပါ
တယ်။ ကျွန်မပိုစိုးရိမ်တာက ကုလသမဂ္ဂ အနေနဲ့လက်လှမ်းမမီတဲ့ ပြည်နယ်ရဲ့ အခြားနေရာတွေမှာ
ရှိနေတဲ့ အိမ်ခြေ စွန့်ခွာနေရသူတွေပါပဲ။ ကုလသမဂ္ဂဟာ ကေအိုင်အေ (Kachin Indepedent
Army) ထိန်းချုပ်မှုအောက်မှာရှိတဲ့ နေရာတွေကို သွားခွင့်မရှိတဲ့အတွက် လူ ၄၀,၀၀၀ နီးပါးကို အကူ
အညီမပေးနိုင်ခဲ့ဘူး။ ဒေသခံ တွဲဖက်အဖွဲ့တွေက စားနပ်ရိက္ခာနဲ့ တခြားအကူအညီပေးနေကြပေမယ့်
သူတို့မှာရှိတဲ့ ပစ္စည်းတွေဟာ ကုန်ခန်းလုနီးပါးဖြစ်နေပါပြီ။ ဆောင်းရာသီဝင်လာပြီဖြစ်လို့ အထောက်
အပံ့ ပစ္စည်းတွေ အရေးတကြီးရောက်ဖို့လိုပါ တယ်" ဟု ၎င်းက ပြောသည်။
အကူအညီ အလွန်အမင်းလိုအပ်နေသော အဆိုပါဒေသများသို့ သွားရောက် နိုင်ရန်အတွက်လည်း
အစိုးရထံတွင် ခွင့်ပြုချက်တောင်းထားကြောင်း မစ္စအေးမို့စ်က ပြောသည်။
"ကုလသမဂ္ဂဟာ လုံခြံုရေးကင်းမဲ့တဲ့ ပတ်ဝန်းကျင်တွေမှာ လုပ်ငန်းဆောင်ရွက်ခဲ့တဲ့ အတွေ့အကြံု
တွေ အများကြီးရှိပါတယ်။ ဒီထက်လုံခြံုရေး ကင်းမဲ့တဲ့ နိုင်ငံတွေမှာ လုပ်ငန်းဆောင်ရွက်ခဲ့ဖူးပါတယ်"
ဟု ၎င်းက ပြောသည်။
သမ္မတကြီးနှင့် တွေ့ဆုံစဉ် ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ရှေ့ဆက်ဆောင်ရွက်ရန်ကိစ္စ
များကို အကြံဉာဏ်ပေးခဲ့ကြောင်း ၎င်းက ပြောသည်။
"ရခိုင်ပြည်နယ်မှာ လူထုအဖွဲ့အစည်းအချင်းချင်း၊ တင်းမာမှုမြင့်မားဆဲဖြစ်ပါတယ်။ တစ်ဦးကိုတစ်ဦး
ယုံကြည်မှုမရှိတဲ့အတွက် အစိုးရဟာ ပြန်လည်သင့်မြတ်ရေးမှာအရေးပါတဲ့ ကဏ္ဍကနေ ဆောင်ရွက်
ရပါမယ်" ဟု ၎င်းက ပြောသည်။
ကုလသမဂ္ဂနှင့်တွဲဖက်အဖွဲ့အစည်းများ၏ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းများ
ဆောင်ရွက် နိုင်ရေးအတွက် မြန်မာနိုင်ငံရှိ နိုင်ငံရေးခေါင်းဆောင် အဆင့်ဆင့်က ပံ့ပိုးပေးရန်လို
ကြောင်း ၎င်းကပြောသည်။
"ဒေသခံ ခေါင်းဆောင်တွေကလည်း သူတို့က ကျွန်မတို့ကိုအကူအညီပေးဖို့ တောင်းခံထားတယ်ဆို
တာလည်း ရှင်းပြပေးဖို့လိုပါတယ်။ ကျွန်မတို့ တာဝန်က အကူအညီလိုသူအားလုံးကို ကူညီဖို့ဖြစ်ပါ
တယ်။ နောက်စိန်ခေါ်မှု တစ်ရပ်ကတော့ ရန်ပုံငွေမလုံလောက်တာပဲဖြစ်ပါတယ်" ဟု ၎င်းက ပြော
သည်။
ရခိုင်ဒေသတွင်းရှိ ပဋိပက္ခများကြောင့် ရွှေ့ပြောင်းနေထိုင်သူ ၁၁၅,၀၀၀ အား လာမည့်ကိုးလအတွင်း
လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ထောက်ပံ့နိုင်ရန် အလှူရှင်အဖွဲ့အစည်းများသို့တောင်းခံ
ထားသော အမေရိကန် ဒေါ်လာ ၆၈ သန်းအနက် ဒေါ်လာ ၄၁ သန်း လိုအပ်နေဆဲဖြစ်သည်။















