အလုပ်ခေါ်စာ ရရှိထားပြီးသည့် မြန်မာအလုပ်သမား ၈,၀၀၀ ကျော်ကို မလေးရှားနိုင်ငံသို့
စေလွှတ်ခွင့်ပြုပေးရန် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနထံ
အသနားခံစာ တင်ပြတောင်းဆိုထားသည်ဟု ပြည်ပအလုပ်အကိုင်ရှာဖွေရေး အကျိုးဆောင်အေဂျင်စီ
အဖွဲ့ချုပ် (အမ်အိုအီးအေအက်ဖ်) တာဝန်ရှိသူက ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ပြောသည်။
"မသွားရတော့ အလုပ်သမားတွေ အကြီးအကျယ်ဒုက္ခ ရောက်နေတယ်။ ခေါ်စာအသစ်ချမပေးတောင်
ခေါ်စာ ရပြီးထားသူတွေကိုတော့ သွားခွင့်ပြုသင့်တယ်။ ဒီခေါ်စာတွေကလည်း အလုပ်သမားသမား
သံအရာရှိ ထောက်ခံပေးပြီးသားတွေ။ လွှတ်ဖို့ပဲ ရှိတော့တာ"ဟု အေဂျင်စီအဖွဲ့ချုပ်
အထွေထွေအတွင်းရေးမှူး ဦးကျော်ထင်ကျော်က ပြောသည်။
မလေးရှားသို့ သွားရောက်ရန် အလုပ်ခေါ်စာရရှိထားသည့် အလုပ်သမား ၈,၀၀၀ ကျော်မှာ
ပထမခေါ်စာ သက်တမ်းအတွင်း သွားခွင့်မရသဖြင့် အလုပ်ခေါ်စာ သက်တမ်းတိုးထားရသူများဖြစ်ပြီး
အချိန်မီသွားရောက် ခွင့်မပြုပါက မလေးရှားနိုင်ငံသို့ ရာသက်ပန် အလုပ်သွား ရောက်လုပ်ကိုင်ခွင့်
ဆုံးရှုံးရမည်ဟုလည်း ၎င်းက ပြောသည်။
မလေးရှားသို့ အလုပ်သွားရောက်လုပ်ကိုင်ရန် အလုပ်သမား ၈,၀၀၀ ခန့်၏ ကနဦးစိုက်
ထုတ်ကုန်ကျထားသည့် ငွေစုစုပေါင်းမှာ ကျပ်သိန်းပေါင်း ၂၃,၀၀၀ နီးပါးရှိနေပြီး အချိန်မီသွားရောက်ခွင့်
မရပါက အတိုးတက်နေသဖြင့် အလုပ်သမားများ ပိုမိုအခက်အခဲတွေ့နိုင်သည်ဟု ၀န်ကြီးဌာနထံ
တင်ပြခဲ့သည့် အသနားခံစာတွင် ဖော်ပြခဲ့သည်ဟု ဆိုသည်။
ထို့ပြင် ခိုင်လုံသည့်အကြောင်းပြချက်မရှိဘဲ မလေးရှားသို့ အလုပ်သမားစေလွှတ်မှုကို
ပိတ်ပင်ထားခြင်းကြောင့် အလုပ်သမားများမှာ မလေးရှားနိုင်ငံအတွင်းသို့ တရားမဝင်
သွားရောက်နေကြပြီး နိုင်ငံတကာမီဒီယာများတွင်လည်း ဖော်ပြလာကြသည့်အတွက် နိုင်ငံတော်၏
ပုံရိပ်ကိုလည်း ထိခိုက်လာစေနိုင်သည်ဟုလည်း ပြည်ပအလုပ် အကိုင်ရှာဖွေရေးအကျိုးဆောင်
ကုမ္ပဏီများအသင်းချုပ်က ဆိုထားသည်။
"အခု မလေးရှားပို့ပေးတဲ့ အေဂျင်စီတွေ ရပ်နေရတယ်။ ဒါကြောင့် ယိုးဒယားဘက်ကို ပို့ဖို့
ဖိလုပ်လာကြတယ်။ မြန်မြန်ဆန်ဆန်လုပ်လာကြတော့ အမှားအယွင်းတွေ ဖြစ်လာကြတယ်။
ဒါတွေက ၀န်ကြီးဌာနဘက်ကိုလည်း ဂယက်ရိုက်သလို အလုပ်သမားတွေကိုလည်း ထိခိုက်တယ်"ဟု
ဦးကျော်ထင်ကျော်က ပြောသည်။
အလုပ်သမားများကို မလေးရှားနိုင်ငံသို့ စေလွှတ်ရာတွင် တစ်ဖက်နိုင်ငံ၌ အခက်အခဲများ
ကြုံတွေ့လာပါက ပြေလည်သည်အထိ တာဝန်ယူဖြေရှင်းပေးမည်ဟုလည်း အေဂျင်စီအသင်းချုပ်က
၀န်ကြီးဌာနထံ ကတိပြု တောင်းဆိုထားသည်။
"ငွေရှာထွက်ချင်ပါတယ်ဆိုမှ ပိတ်ထားတော့ ဒုက္ခရောက်နေရတယ်။ သွားဖို့ကို ၁၀ တိုးနဲ့
ငွေချေးထားရတာ။ ၁၂ လပိုင်းမှ သွားခွင့်မပိတ်ခဲ့ရင် အကြွေးလည်းကျေနေပြီ။
အဆင်လည်းပြေနေလောက်ပြီ။ အခုက အတိုးကတစ်မျိုး၊ သွားခွင့်ပိတ်ထားတာက
တစ်မျိုးနဲ့ စိတ်ဖိစီးမှုတော်တော် များနေပြီ"ဟု မလေးရှားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ရန်
ငါးလကျော်ကြာ စောင့်ဆိုင်းနေရသည့် ကိုမင်းကိုကိုက ပြောသည်။
လက်ရှိတွင် မလေးရှားနိုင်ငံ၏ စီးပွားရေးမှာ ကျဆင်း နေပြီး ကုန်ဈေးနှုန်းများ ကြီးမြင့်နေသော်လည်း
လုပ်ခ လစာမတိုးခြင်း၊ အချိန်ပိုများ လုပ်ကိုင်ရခြင်းများ မရှိတော့သည့်အတွက် ငွေပိုမိုစုဆောင်းနိုင်မှု
မရှိတော့ကြောင်းနှင့် ခိုးဆိုးလုယက်မှုများခြင်းနှင့် မလေးရှားရဲများက မကြာခဏဖမ်းဆီးမှုများ
ပြုလုပ်နေကြပြီး လုံခြံုမှုမရှိသဖြင့် မလေးရှားသို့ လာရောက်လုပ်ကိုင်ခြင်း မပြုကြရန် မလေးရောက်
မြန်မာအလုပ်သမားများနှင့် အလုပ်သမားအရေးလုပ်ဆောင်သူအချို့က သတိပေးထားမြစ်မှုများ
ရှိနေသည်။
အေဂျင်စီများ၏ အသနားခံစာနှင့် ပတ်သက်ပြီး မလေးရှားနိုင်ငံသို့ အလုပ်သမားစေလွှတ်ရန်
သင့်၊ မသင့်ကို နိုင်ငံခြားရေးဝန်ကြီးဌာနသို့ သဘောထားမှတ်ချက် ဆက်လက်တောင်းခံထားပြီး
လက်ရှိတွင် တစ်စုံတစ်ရာ မှတ်ချက်ပြု အကြောင်းပြန်ကြားခြင်း မရှိသေးဟု အလုပ်သမား
ရွှေ့ပြောင်းသွားလာရေးဌာန ညွှန်ကြားရေးမှူး ဦးသိန်းဝင်းက ယခုလ ၅ ရက်တွင် ပြောသည်။
"ကျွန်တော်တို့ နိုင်ငံခြားရေးဝန်ကြီးဌာန မြန်မာသံရုံး သံအမတ်ကြီးရဲ့ သဘောထားမှတ်ချက်
တောင်းထားတယ်။ တစ်ဖက်နိုင်ငံရဲ့ နိုင်ငံရေး အခြေအနေနဲ့ လုံခြံုရေး အခြေအနေအရ လွှတ်ဖို့
သင့်မသင့်ကို သံအမတ်ကြီးရဲ့ သဘောထားမှတ်ချက်အတိုင်း ဆောင်ရွက်ရမှာ။ ဒါပေမဲ့ သူ့ဆီက
သုံးသပ်ချက် မလာသေးဘူး။ ဟိုဘက်က အခြေအနေကလည်း အလုပ်သမားလွှတ်ဖို့ မသင့်သေးဘူး
ထင်တယ်"ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်တွင် လူမျိုးတုံးသတ်ဖြတ်မှုများ ကျူးလွန်နေသည်ဟု
စွပ်စွဲချက်ဖြင့် မလေးရှားနိုင်ငံ ၀န်ကြီးချုပ်ကိုယ်တိုင် လူထုဟော ပြောပွဲတစ်ခု ဦးဆောင်ပြုလုပ်ပြီးနောက်
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာတွင် မြန်မာအစိုးရက မလေးရှားနိုင်ငံသို့ အလုပ်သမားစေလွှတ်ခြင်းကို
ယာယီရပ်ဆိုင်းခဲ့သည်။
















