ရခိုင်ပြည်နယ်အတွင်းတွင် ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်လာပြီး
ဖြစ်ပွားချိန်မှာ ယခင်နှစ်ကထက် စောပြီးဖြစ်ပွားလျက်ရှိကာ သေဆုံးသူဦးရေမှာလည်း
မြင့်တက်နေကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး
ဒေါက်တာစံကျော့ခိုင်က ပြောသည်။
“သေဆုံးမှုများတာကတော့ ဆေးကုသမှုကို စောစောမခံယူဘဲ လူနာရှော့ခ်ဖြစ်မှ ဆေးရုံရောက်လာတာ
များတယ်။ ဆေးရုံရောက်နောက် ကျတော့အသက်မမီတော့ဘူး။ ဒါကြောင့် သေဆုံးမှုများလာတာ
ဖြစ်ပါတယ်”ဟု ဒေါက်တာစံကျော့ခိုင်က ဆိုသည်။
ရခိုင်ပြည်နယ်ရှိ မြို့နယ်များတွင် ဇန်နဝါရီလမှစပြီး ဇွန်လ ၅ ရက်နေ့ထိ စုစုပေါင်း ၅၉၄ ဦး ဖြစ်ပွားခဲ့ရာ
သေဆုံးသူ စုစုပေါင်း ၁၀ ဦးအထိ ရှိနေပြီဖြစ်ကြောင်း၊ ယခင်နှစ်များက သွေးလွန်တုတ်ကွေးရောဂါမှာ
မေလကုန်တွင် ဖြစ်လေ့ဖြစ်ထရှိပြီး ယခုနှစ်တွင် ဇန်နဝါရီလမှ စတင်ဖြစ်ပွားခဲ့ကြောင်းလည်း
ဒေါက်တာစံကျော့ခိုင်က ပြောသည်။
သွေးလွန်တုတ်ကွေး ဖြစ်ပွားမှုမှာ မြို့ပေါ်ရပ်ကွက်များထက် ကျေးရွာများတွင် ပိုမိုဖြစ်ပွားကြောင်း၊
သွေးလွန်တုတ်ကွေးရောဂါ၏ အလေ့အထသည် သုံးနှစ်တကြိမ် ဖြစ်ပွားမှုများလေ့ရှိပြီး ယခုနှစ်အတွင်း
ရခိုင်ပြည်နယ်၏ ရာသီဥတုအခြေအနေ ပြင်းထန်မှုကြောင့် ပိုမိုဖြစ်ပွားခဲ့ရခြင်းဖြစ်ကြောင်း
၎င်းကဆိုသည်။
ရောဂါဖြစ်ပွားမှုနှုန်း များပြားနေခြင်းကြောင့် အခြေခံကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများအပြင်
ကျေးရွာများသို့ ကွင်းဆင်းကာ လူနာရှာသော လုပ်ငန်း၊ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းနှင့် လူနာရှိသော
အိမ်အနီးပတ်ဝန်းကျင်တွင် ခြင်ဆေးဖြန်းခြင်း လုပ်ငန်းများကို အရှိန်မြှင့်တင်ကာ လုပ်ဆောင်လျက်
ရှိကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။















