ဇွန်လ ရ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ကိုလိုနီခေတ် ထိမ်းမြားခြင်းဆိုင်ရာ အက်ဥပဒေများကို
ပြင်ဆင်သည့် ဥပဒေကြမ်းများအရ အသက် ၁၅ နှစ် မပြည့်ဘဲ လက်ထပ်ခြင်းကို ပြုလုပ်ပါက
အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေများအရ မုဒိမ်းမှုမြောက်မည် ဖြစ်သည်။
၂၀၁၆ခုနှစ်၊ ဇန်နဝါရီလတွင် ထုတ်ပြန်ခဲ့သည့် ရာဇသတ်ကြီးကို ပြင်ဆင်သည့် ဥပဒေအရ
ရာဇာသတ်ကြီးဥပဒေ ပုဒ်မ ၃၇၅ အရ အထူးထိမ်းမြားလက်ထပ်ခြင်းဥပဒေများကို
လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ခဲ့ခြင်းဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့်
အထူးကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မရှင် အဖွဲ့ဝင် ဦးကျော်ငြိမ်းက မြန်မာတိုင်း(မ်)ကို ပြောသည်။
"အရင်တုန်းက ရာဇသတ်ကြီး ၃၇၅ ခြွင်းချက်မှာ ၁၃ နှစ် မပြည့်ရင် မိမိဇနီးဖြစ်ပေမယ့်
မုဒိမ်းမြောက်တယ်လို့ အဲသလို ပြဌာန်းထားတယ်။ အဲဒါကို ၁၃ နှစ်အစား ၁၅ နှစ်လို့ ပြင်လိုက်တယ်။
ပြင်လိုက်တော့ ၁၅ နှစ် မပြည့်ရင် မုဒိမ်းမှု ဖြစ်မယ်ဆိုတော့ အခုဥပဒေတွေမှာ ၁၃ နှစ်၊ ၁၄ နှစ်
ဆိုတာတွေ ရှိတယ်။ အဲဒါတွေကို သွားလက်ထပ်ပေးရင် မုဒိမ်းမှု ဖြစ်မယ်" ဟု ကော်မရှင်အဖွဲ့ဝင်
ဦးကျော်ငြိမ်းက ပြောသည်။
ကိုလိုနီခေတ်တွင် ပြဌာန်းခဲ့ပြီး လွတ်လပ်ရေးရရှိပြီးနောက် ယနေ့တိုင် နှစ်ပေါင်း ၁၄၀ ကျော်ကြာ
လက်ခံကျင့်သုံးလျက်ရှိသည့် ထိမ်းမြားလက်ထပ်ခြင်းဆိုင်ရာ အက်ဥပဒေများကို ပြင်ဆင်မည့်
ဥပဒေကြမ်းများကို အများပြည်သူလေ့လာနိုင်ရန် ပြည်ထောင်စုလွှတ်တော်က ဇွန်လ ရ ရက်နေ့တွင်
နိုင်ငံပိုင်သတင်းစာများတဆင့် ထုတ်ပြန်ခဲ့သည်။
ထုတ်ပြန်ခဲ့သည် ဥပဒေများတွင် ခရစ်ယာန်ထိမ်းမြားလက်ထပ်ခြင်းဆိုင်ရာ အက်ဥပဒေ
(၁၈၇၂၊ ဇူလိုင် ၁၈) ကို ပြင်ဆင်သည့် ဥပဒေကြမ်း၊ အထူးထိမ်းမြားခြင်းဆိုင်ရာ အက်ဥပဒေ
(၁၈၇၂ ၊ မတ်လ ၂)ကို ပြင်ဆင်သည့် ဥပဒေကြမ်း၊ မြန်မာနိုင်ငံ လင်မယားကွာရှင်းရေးအက်ဥပဒေ
(၁၈၆၉ ခုနှစ် ဧပရယ်)ကို ပြင်ဆင်သည့် ဥပဒေကြမ်းတို့ ဖြစ်သည်။
အဆိုပါ ဥပေဒကြမ်း သုံးခုသည် မြန်မာနိုင်ငံအောက်ပိုင်းဒေသ ကိုလိုနီလက်အောက်သို့
ကျရောက်ခဲ့ပြီးနောက် ၁၈၇၀ ပြည့်နှစ် ၀န်းကျင်ကာလက ရေးဆွဲပြဌာန်းခဲ့ခြင်းဖြစ်ပြီး
ဗြိတိသျှခေတ်ဆိုင်ရာ ဥပဒေအခေါ်အဝေါ် စကားရပ်များအစား 'ပြည်ထောင်စုမြန်မာနိုင်ငံတော်'
'ပြည်ထောင်စုတရားလွှတ်တော်ချုပ်' စသည့် စကားရပ်များ၊ ထိမ်းမြားလက်ထပ်ခြင်းဆိုင်ရာ
ရာဇသတ်ကြီးဥပဒေ၏ အသက်အရွယ်အရွယ်၊ အဓိပ္ပာယ်ဖွင့်ဆိုချက်များနှင့် ပြစ်မှုပြစ်ဒဏ်ဆိုင်ရာ
ငွေကြေးသတ်မှတ်ချက်များကို ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။
ခရစ်ယာန်ထိမ်းမြားလက်ထပ်ခြင်းဆိုင်ရာ အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင်
အက်ဥပဒေပုဒ်မ ၆၀ အပိုဒ်ခွဲ(၁)တွင် ပါရှိသော 'အသက် ၁၃ နှစ် ပြည့်ပြီးသူ အစား
'အသက် ၁၅ နှစ် ပြည့်ပြီးသူ' ဆိုသည့် စကားရပ်ဖြင့် အစားထိုးရန်၊ အက်ဥပဒေ ပုဒ်မ ရ၄ တွင်
ပါရှိသော ငွေဒဏ်သတ်မှတ်ချက်ကို 'တစ်ရာကျပ်အထိ' အစား 'တစ်သောင်းကျပ်အထိ' ဆိုသည့်
စကားရပ်ဖြင့် အစားထိုးရန် ပြင်ဆင်သတ်မှတ်ထားသည်။
အထူးထိမ်းမြားခြင်းဆိုင်ရာ အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် အက်ဥပဒေ ပုဒ်မ ၂(၂)တွင်
'အသက် ၁၄ နှစ်အရွယ် မိန်းကလေး' အစား 'အသက် ၁၅ နှစ်အရွယ် မိန်းကလေး' ဆိုသည့်
စကားရပ်ဖြင့် အစားထိုးရန်၊ အက်ဥပဒေပုဒ်မ ၉တွင် ပါရှိသော ငွေဒဏ်သတ်မှတ်ချက်ကို
'တစ်ထောင်ကျပ်အထိ' အစား 'တစ်သိန်းကျပ်အထိ' ဆိုသည့် စကားရပ်ဖြင့် အစားထိုးရန်
ပြင်ဆင်သတ်မှတ်ထားသည်။
မြန်မာနိုင်ငံ လင်မယားကွာရှင်းရေး အက်ဥပဒေ(၁၈၆၉ ခုနှစ် ဧပရယ်)ကို ပြင်ဆင်သည့်ဥပဒေကြမ်းတွင်
အက်ဥပဒေ ပုဒ်မ ၃(၅)တွင် 'အသက် ၁၃ နှစ်အရွယ် မိန်းကလေး' အစား 'အသက် ၁၅ နှစ်အရွယ်
မိန်းကလေး' ဆိုသည့် စကားရပ်ဖြင့် အစားထိုးရန် ပြင်ဆင်သတ်မှတ်ထားသည်။
ရာဇသတ်ကြီးကို ပြင်ဆင်သည့် ဥပဒေ ပုဒ်မ ၃၇၅ ၏ ပဥ္စမအပိုဒ် တွင် 'မိန်းမက ခွင့်ပြုသည့် ဖြစ်စေ
ခွင့်မပြုသည်ဖြစ်စေ ထိုမိန်းမသည် အသက် တစ်ဆယ့်ခြောက်နှစ်အောက် အရွယ်ရှိသူဖြစ်ခြင်း'
ဖြစ်ပါက မုဒိမ်းမှု မြောက်ကြောင်း၊ သို့သော် ကင်းလွတ်ချက် အရ 'ယောကျ်ားသည်
အသက် ၁၆ နှစ်အောက် မဟုတ်သော မိမိ၏ မယားနှင့် ကာမစပ်ယှက်ခြင်းမှာ မုဒိမ်းမှု မဟုတ်' ဟု
ပြဌာန်းထားသည်။
ယခုထုတ်ပြန်လိုက်သည့် ဥပဒေကြမ်းများနှင့် ပက်သက်ပြီး ပြင်ဆင်ချက် သို့မဟုတ် အကြံပြုချက်များ
ထည့်သွင်းလိုပါက ပြည်ထောင်စုလွှတ််တော်တွင် အတည်ပြုပြဌာန်းခြင်းမတိုင်မီ ဥပဒေကြမ်းဆိုင်ရာ
ကော်မတီများထံ အကြံပြုသုံးသပ်ချက်များ ပေးပို့နိုင်မည်ဖြစ်သည်။















