ဆိုရှယ်မီဒီယာ (သို့မဟုတ်) ဖေ့စ်ဘွတ်ခ်နှင့် နေထိုင်ခြင်း

ဆိုရှယ်မီဒီယာ (သို့မဟုတ်) ဖေ့စ်ဘွတ်ခ်နှင့် နေထိုင်ခြင်း

 

ရန်ကုန်မြို့ရဲ့ ပူအိုက်အိုက် ညနေခင်းတစ်ခုမှာ အေးစိမ့်နေအောင် လေအေးပေးစက် ဖွင့်ထားတဲ့
စားသောက်ဆိုင်တစ်ခုထဲမှာ စားပွဲအားလုံးနီးပါး လူပြည့်နေပေမဲ့ စကားပြောသံ သိပ်မကြားရပါဘူး။
အယောက် ၃ဝ နီးပါးရှိတဲ့ ဆိုင်ထဲက စားသုံးသူတိုင်းလိုလို ကိုယ်စီကိုယ်ငှ လက်ကိုင်ဖုန်းတွေနဲ့
အလုပ်များနေကြပါတယ်။

မြန်မာနိုင်ငံမှာ ၂ဝ၁၄ ခုနှစ်ကစပြီး မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာတွေ လုပ်ကိုင်ခွင့်
ရလာတာနဲ့အမျှ အရင်က ငွေကျပ်သိန်း သုံးလေးဆယ်ပေးဝယ်ခဲ့ရတဲ့ တယ်လီဖုန်းဆင်းကတ်တွေဟာ
ကျပ် ၁,၅ဝဝအထိ စျေးကျခဲ့ပါတယ်။ မိုဘိုင်းဆက်သွယ်ရေး ကျယ်ပြန့်လွယ်ကူ လာတာနဲ့အမျှ တစ်ဦးနဲ့
တစ်ဦး တယ်လီဖုန်းဆက်သွယ်ပြောဆိုမှုအပြင် အင်တာနက်ဆိုတာကို လူတိုင်းထိတွေ့လာနိုင်ပါတယ်။

မိုဘိုင်းဆက်သွယ်ရေးနဲ့အတူ အင်တာနက်ချိတ်ဆက်မှု ပိုမိုလျင်မြန်လွယ်ကူလာတဲ့အတွက် လူတစ်ဦးနဲ့
တစ်ဦးကြား ကူးလူးဆက်သွယ်မှုတွေလည်း များသထက်များလာခဲ့ပါတယ်။ အကန့်အသတ်၊
အတားအဆီးမရှိ၊ ဆင်ဆာပိတ်ပင်ထားတာမျိုးမရှိတဲ့ အင်တာနက်ခေတ်ကြီးထဲမှာ ဖေ့စ်ဘွတ်ခ်လို
လူမှုကွန်ရက်ဆိုရှယ်မီဒီယာကြောင့် လူတိုင်းလိုလို အွန်လိုင်းပျော်တွေ၊ ညဉ့်ပျော်ဇီးကွက်တွေ
ဖြစ်လာကြပါတယ်။

စမတ်ဖုန်း၊ တက်ဘလက်နဲ့ ကွန်ပျူတာသုံးပြီး ဆိုရှယ်မီဒီယာထဲဝင်ရောက်ရင်း တစ်ယောက်နဲ့
တစ်ယောက် စကားပြော (chatting) တာကစလို့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးမှအစ ပညာရေး၊
ကျန်းမာရေးအဆုံး အရေးတကာ့အရေးပေါင်းများစွာကိုလည်း နေ့စဉ်အသုံးပြု လာကြာပြီဖြစ်ပါတယ်။

မိုဘိုင်းဖုန်းကနေ အလွယ်တကူဆက်သွယ်ရရှိနိုင်တဲ့ အင်တာနက်ကြောင့်အချိန်ကုန် လူပင်ပန်းသက်
သာပြီး လုပ်ငန်းတွေ အလွယ်တကူပြီးမြောက်နိုင်တဲ့ ကောင်းကျိုးတွေရှိနေသလို တခြားတစ်ဖက်မှာ
လည်း ဆိုးကျိုးတွေရှိနေတယ်ဆိုတာ မြန်မာနိုင်ငံမှာ လက်တွေ့ တွေ့မြင်ကြားသိနေရပါပြီ။

ဆိုရှယ်မီဒီယာမှာ အကောင်းနဲ့အဆိုး အစွန်းနှစ်ဖက်ရှိနေပါတယ်။ ဝေးတဲ့အရာတွေကို နီးစေပြီး
နီးကပ်နေတဲ့ အရာတွေကိုလည်း ဝေးသွားစေတယ်။ ကောင်းကျိုးနဲ့ဆိုးကျိုး ချိန်ဆထိန်းညှိရင်း
အစွန်းနှစ်ဖက် ထိန်းချုပ်နိုင်ဖို့ကတော့ အရေးကြီးဆုံးပါပဲ။

အသားညိုညိုအရပ်မြင့်မြင့်နဲ့ အသက်၂ဝ ကျော်အရွယ်ရှိတဲ့ မရွှေရည်က မကွေးတိုင်းဒေသကြီးမှာ
နေထိုင်သူတစ်ဦးဖြစ်ပြီး၊ ဖေ့စ်ဘွတ်ခ်မှာ သုံးနှစ်ကြာခင်မင်ခဲ့တဲ့ သူငယ်ချင်း လင်မယားကိုယုံကြည်ကာ
၂ဝ၁၆ ခုနှစ်က ရန်ကုန်မြို့ကို အလုပ်လုပ်ဖို့ ရောက်လာခဲ့ပါတယ်။ စက်ရုံတစ်ခုမှာ အလုပ်ရဖို့ ရွာက
လယ်ကွက်တစ်ကွက်ကို ရောင်းပြီး၊ အင်တာနက်ကတစ်ဆင့် ခင်မင်ထားတဲ့ မိတ်ဆွေလင်မယားဆီကို
ငွေကြိုလွှဲပေးခဲ့ပါတယ်။

ရန်ကုန်ကို တစ်ခေါက်မှမရောက်ဖူးတဲ့ မရွှေရည်တစ်ယောက် ကားစီးရင်း ခေါင်းမူးလို့ လမ်းခရီး
တစ်လျှောက်လုံး အန်ခဲ့ရတယ်။ ရန်ကုန်ရောက်ရောက်ချင်း မိတ်ဆွေ လင်မယားဆီ ဖုန်းဆက်တဲ့အခါ
မြောက်ဥက္ကလာထဲက လိပ်စာတစ်ခုကို လာခိုင်းခဲ့တယ်။ ကားဂိတ်က အဒေါ်ကြီးတစ်ယောက်လိုက်ပို့ရင်း
လိပ်စာရှိရာအိမ်ကို မရွှေရည်ရောက်သွားခဲ့တယ်။

''ဖေ့စ်ဘွတ်ခ်ပေါ်မှာ သူတို့တင်နေကျ အိမ်လည်းမဟုတ်ဘူး။ ရွာကကျွန်မအိမ်ထက်တောင် စုတ်တယ်။
မျက်နှာတွေကလည်း ကျွန်မကို ခင်ခင်မင်မင် မရှိကြဘူး။ အဲဒီတော့မှ ကျွန်မကို တစ်ခုခုတော့
မဟုတ်တာလုပ်တော့မှာလို့ ခံစားမိပြီး ကြောက်တော့တာ။ ဖြစ်ချင်ရာဖြစ်ဆိုပြီး လွှဲခဲ့တဲ့ငွေကို
အဆုံးခံပြီး လိုက်ပို့တဲ့ အဒေါ်ကြီးနောက်ကို ပြန်လိုက်ခဲ့တော့တာပဲ။ သူတို့အိမ်မှာ ဘယ်လိုမှမနေခဲ့ရဲဘူး''
ဟု မရွှေရည်က ပြန်ပြောင်းပြောပြပါတယ်။

ဆိုရှယ်မီဒီမယာဆိုတဲ့ လူမှုကွန်ရက်ကို အလွန်အကျွံ အသုံးပြုတာကြောင့် လက်တွေ့ဘဝနဲ့
ကင်းကွာလာတာ၊ နေ့စဉ်လူနေမှုဘဝမှာ အဆင်မပြေမှုတွေ များလာတာတွေ ဒီနောက်ပိုင်းမှာ အများကြီး
ကြားသိနေရပါတယ်။ မရွှေရည်လို အွန်လိုင်းမှာ ခင်မင်ရာကနေ လိမ်လည်ခံခဲ့ရတဲ့ဖြစ်စဉ်တွေ၊
လူမှုကွန်ရက်ကို အသုံးချတဲ့ နိုင်ငံရေးလှုံဆော်မှုတွေ၊ အွန်လိုင်းပေါ်မှာ ချစ်သူရည်းစားဖြစ်ရင်းက
အယုံလွန်မိတာကြောင့် ဘဝပျက်ခဲ့ရတဲ့ အမျိုးသမီးငယ်တွေလည်း မနည်းတော့ပါဘူး။

ကမ္ဘာမှာ တွင်တွင်ကျယ်ကျယ်သုံးနေတဲ့ ဆိုရှယ်မီဒီယာတွေက ဂူးဂဲလ်၊ ဖေ့စ်ဘွတ်ခ်၊ ယူကျု၊ တွစ်တာ၊
လင့်ကင်၊ အင်စတာဂရမ် စသဖြင့် မြောက်မြားစွာရှိကြပေမဲ့ မြန်မာနိုင်ငံမှာ လူသိအများဆုံးနဲ့
အသုံးအများဆုံး ဆိုရှယ်မီဒီယာကတော့ ဖေ့စ်ဘွတ်ခ် ဖြစ်ပါတယ်။

စစ်တမ်းတွေအရ မြန်မာနိုင်ငံမှာ အင်တာနက်အသုံးပြုသူဦးရေ၁၈ သန်းက ၂၅ သန်းကြားရှိနေပါတယ်။
မြန်မာအိုင်စီတီဖွံ့ဖြိုးရေးအဖွဲ့အစည်း (MIDO) က ယခုဇွန်လ ၄ ရက်မှာ ပြုလုပ်ခဲ့တဲ့ စစ်တမ်းအရ
မြန်မာနိုင်ငံက အသက် ၁၈ နှစ်မှ ၆၄ နှစ်ကြား လူဦးရေ ၁၄ သန်းနီးပါးဟာ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်
လစဉ်သုံးစွဲနေပါတယ်။

ဆိုရှယ်မီဒီယာကို အလွန်အကျွံသုံးစွဲခြင်းရဲ့ နောက်ဆက်တွဲဖြစ်ရပ်တွေအဖြစ် စိတ်ကျဝေဒနာ
ခံစားရနိုင်ပါတယ်။ နေ့စဉ်လုပ်ငန်းဆောင်တာတွေ လစ်ဟင်းလာပြီး ရောဂါသည် ဖြစ်တဲ့အဆင့်အထိ
မရောက်ပေမဲ့ လာရောက်ဆွေးနွေးတိုင်ပင်သူ အရေအတွက် ပိုမိုများပြားလာတယ်လို့
စိတ်ရောဂါအထူးကုဆရာဝန်ကြီး ဒေါက်တာဆန်းလင်းက ပြောပါတယ်။

''ချက်တင်တွေ၊ ဆိုရှယ်မီဒီယာတွေကနေ လူမှုရေးပြဿနာတွေဖြစ်တယ်။ အဲဒီကနေပြီးတော့
စိတ်ကျတာတွေဖြစ်ပြီး ရောက်လာတာတွေကို ကုသပေးနေရတာတွေရှိတယ်။ ဂိမ်းကစားလွန်းပြီး
ရောက်လာတဲ့ လူငယ်တွေရှိတယ်။ ဆိုရှယ်မီဒီယာကို လွန်လွန်ကဲကဲ သုံးစွဲရင် ပုံမှန် လည်ပတ်နေတဲ့
နေ့စဉ်ဘဝလှုပ်ရှားမှုတွေ ထိခိုက်လာတယ်။ မထိန်းသိမ်း နိုင်တာတွေ ဖြစ်လာတယ်'' လို့
ဒေါက်တာဆန်းလင်းက ရှင်းပြပါတယ်။

လူမှုကွန်ရက်ကို အသုံးချပြီး နာမည်ကြီးဖို့ နည်းမျိုးစုံနဲ့ ကြိုးစားအားထုတ်လာကြတဲ့ လူငယ်တွေများ
ပါတယ်။ အလှအပ၊ အောင်မြင်မှု၊ ချစ်ရေးချစ်ရာ၊ သာယာကြောင်း၊ ပျော်ရွှင်ကြောင်း၊ ဝမ်းနည်းကြောင်း
စသဖြင့် စိတ်ခံစားမှုမှန်သမျှကို လူအများသိအောင် လူမှုကွန်ရက် (ဖေ့စ်ဘွတ်ခ်) မှာ အပြိုင်အဆိုင်
ချပြလာကြတယ်။ ကိုယ်တင်တဲ့အကြောင်းအရာကို Like ပေးတာ၊  Comment  ရေးတာတွေကို
မသိစိတ်က စွဲလမ်းလာတာဟာ စိတ်ပညာအရ အစွဲအလမ်းကြီးတဲ့ပြဿနာရဲ့ မူလအစဖြစ်တယ်လို့
စိတ်ရောဂါပညာရှင်တွေက ပြောပါတယ်။

လုပ်ငန်းခွင်တွင် ဆိုရှယ်မီဒီယာတစ်ခုဖြစ်သည့် ဖေ့စ်ဘွတ်ခ်သုံးစွဲနေသူများ။ မြန်မာနိုင်ငံတွင် ဖေ့စ်ဘွတ်ခ်သုံးစွဲသူ ၁၄ သန်းနီးပါးရှိသည်။ အောင်ဌေးလှိုင်/ မြန်မာတိုင်း(မ်)

''ဆိုရှယ်မီဒီယာဆိုတာ ခေတ်ရဲ့ ရေစီးကြောင်းပါပဲ။ ဒါတွေက ပြောင်းလဲလို့ မရပါဘူး။
ဆိုရှယ်မီဒီယာ ရေစီးကြောင်းက အကျိုးရှိတဲ့ဘက်ကိုလည်း အများကြီး လုပ်နိုင်ခဲ့တာပါပဲလေ။
ကျွန်တော်တို့ ကိုယ်တိုင်လည်း ဒါကိုအသုံးချပြီး လူထုကို အသိပညာပေးတာတွေ အများကြီး
လုပ်နေရတာပါပဲ။ အဲဒါကိုမကောင်းဘူးလို့ တစ်ထစ်ချပြောလို့မရဘူး။ ဘယ်ဟာမဆို
လွန်ကဲရင်တော့ပြဿနာတက်မှာပဲလို့'' လို့ ဆရာဝန်ကြီးက ဆိုပါတယ်။

ဆိုရှယ်မီယာက ဆိုးကျိုးတွေချည်းပဲ ဖြစ်နေတာတော့ မဟုတ်ပါဘူး။ လက်တွေ့ဘဝကို
အကျိုးပြုနိုင်တာတွေလည်း ရှိပါတယ်။ ဝေးကွာနေတဲ့သူတွေကို တစ်နေရာတည်းမှာ
စုစည်းတွေ့မြင်နိုင်သလို တစ်ဦးနဲ့တစ်ဦး ဆက်သွယ်ချိတ်ဆက်ရင်း သတင်းအချက်အလက်တွေ၊
အတွေးအမြင် အယူအဆတွေ၊ နည်းပညာတွေ ဖလှယ်နိုင်တယ်။ စီးပွားရေး လုပ်ငန်းတွေလည်း
အများကြီးလုပ်နိုင်တယ်။ အင်တာနက်ကနေ တစ်ကမ္ဘာလုံးမှာ ဖြစ်ပေါ်နေတဲ့ အကြောင်းအရာတွေကို
သိရှိနိုင်သလို အခွင့်အလမ်းတွေကိုလည်း ရယူနိုင်ပါတယ်။

အင်တာနက်ကွန်ရက်မှာ သတင်းစီးဆင်းမှုမြန်ဆန်မှုက အားသာချက်ဖြစ်သလို ဆိုးကျိုးဖြစ်နိုင်ပါတယ်။
ကောလာဟလတစ်ခုဟာ ချက်ချင်းဆိုသလို အချိန်တိုအတွင်း ပျံ့နှံ့သွားခဲ့ရင် မလိုလားအပ်တဲ့
ဆိုးကျိုးတွေ ဖြစ်စေမှာပါ။

သတင်းစီးဆင်းမှု မြန်ဆန်လွန်းတဲ့အတွက် အင်တာနက်မှာ အထူးသဖြင့် ဖေ့စ်ဘွတ်ခ်မှာ
ကိုယ်ပိုင်လွတ်လပ်ခွင့် ဆုံးရှုံးမှုတွေ ဖြစ်လာစေပါတယ်။ သိသင့်သိထိုက်တဲ့ကိစ္စတွေအပြင်
မသိသင့်မသိထိုက်တာတွေလည်းသိလာကြတယ်။ လူတိုင်းက အလွယ်တကူ အမှုမဲ့အမှတ်မဲ့
ဖြန့်ဝေနေကြတော့ တစ်ယောက်ချင်းစီအတွက် သီးသန့်လုံခြုံမှုဆိုတာ မရှိနိုင်တော့ပါဘူး။

တစ်ယောက်နဲ့ တစ်ယောက် လူမှုရေးအရ တိုက်ခိုက်တာတွေ ပိုများလာပြီး ဖေ့စ်ဘွတ်ခ်ပေါ်မှာ
လူနေမှုအဆင့်အတန်းကို ခွဲလို့မရတာလည်း ဆိုးရွားတဲ့ အားနည်းချက်လို့ အိုင်တီနည်းပညာရှင်
ကိုတင့်ထူးဇော်က ထောက်ပြပါတယ်။

''အဆင့်အတန်း (Rank) ခွဲလို့မရတာက အတော်ဆိုးတယ်။ ဘုန်းကြီးနဲ့ ရိုးရိုးလူဆိုတာလည်း
မသိတော့ဘူး။ လူလူချင်းဆက်ဆံသလိုပဲ ဖြစ်သွားတယ်။ ပြီးရင်ကိုယ့်အဖေအရွယ်လောက်
ဖြစ်နေသလားဆိုတာလည်း မသိကြဘူး။ အကောင့်တစ်ခုအနေနဲ့ပဲ သိကြတော့ ပြောချင်သလိုပြော၊
ဆိုချင်သလို ဆိုကြတယ်။ လက်တွေ့ဘဝနဲ့ ဆိုရှယ်မီဒီယာ ရောနေတဲ့သူ အများကြီးရှိတယ်'' လို့ သူက
ဆိုပါတယ်။

ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှာ တင်တဲ့အရာတိုင်းက တကယ်ဖြစ်နေတဲ့အရာလို့ ယုံကြည်လို့ မရပါဘူး။
လက်တွေ့ဘဝမှာ ဖြစ်နေတဲ့အရာတွေလို့လည်း တစ်သမတ်တည်း တွေးလို့မရပါဘူး။
အပြင်မှာဝမ်းနည်းအဆင်မပြေပေမဲ့ ပျော်ရွှင်နေတဲ့ပုံတွေကိုလည်း တင်နိုင်ပါတယ်။ အပြင်မှာ
လုံးဝအဆင်မပြေတဲ့ အိမ်ထောင်ရေး ဖြစ်နေပေမဲ့ လိုင်းပေါ်မှာတော့ သိပ်ချစ်ကြတဲ့
ဇနီးမောင်နှံအဖြစ် ဖန်တီးနိုင်ပါတယ်။ အပြင်မှာ သူခိုးအဖြစ် အသက်မွေး ဝမ်းကျောင်းနေပေမဲ့
လိုင်းပေါ်မှာ ဘာသာတရားကိုင်းရှိုင်းသူအဖြစ် ရှိနေနိုင်ပါတယ်။ အပြင်မှာ ဆင်းရဲနေပေမဲ့
ဖေ့စ်ဘွတ်ခ်မှာ အောင်မြင်ချမ်းသာတဲ့ လုပ်ငန်းရှင်တစ်ယောက်အဖြစ် ဟန်ပြနိုင်ပါတယ်။
လက်တွေ့ဘဝ၊ လက်တွေ့အခြေအနေနဲ့ ကိုက်ညီမှုမရှိတဲ့ အခြေအနေတွေကို ဖေ့စ်ဘွတ်ခ်ပေါ်မှာ
ဖန်တီးနိုင်ကြပါတယ်။ တကယ်ဖန်တီးလုပ်ယူထားတာတွေ လည်း ရှိပါတယ်။

လူမှုကွန်ရက်က စည်းမျဉ်းတွေကို စနစ်တကျသုံးစွဲနိုင်ခြင်းဖြင့် လူမှုရေးပြဿနာတွေ လျော့ကျ
သွားနိုင်ပါတယ်။ ဒါပေမဲ့ လှုမှုကွန်ရက်မှာရှိနေတဲ့ သင့်ကိုယ်ပိုင် အချက်အလက်တွေက
ဘယ်သူမှမသိအောင် လုံခြုံနေတယ်ဆိုတာမျိုးတော့ ဘယ်သူမှ အာမမခံနိုင်ပါဘူး။

''ဘယ်သူမဆို ကိုယ့်စာမျက်နှာပေါ်မှာ ရေးချင်တာ ရေးလို့ရတယ်။ အက်ပလီကေးရှင်း
တစ်ခုတည်း ဝင်မိလိုက်ရင်ကို ကျွန်တော်တို့ လျှို့ဝှက်ဂဏန်းကို သူတို့ရသွားပြီလေ။
တစ်ခါတလေကိုယ့်စာမျက်နှာမှာ ညစ်ညမ်းရုပ်ရှင်တွေကို ဖြန့်ဝေထားတာ ရှိတယ်။
ကျွန်တော်တို့လုပ်နေတာ မဟုတ်ဘဲနဲ့ ပေါ်လာနိုင်တယ်'' လို့ ကိုတင့်ထူးဇော်က ရှင်းပြပါတယ်။

Global Internet Usage ရဲ့ စစ်တမ်းအရ ၂ဝ၁၆ ခုနှစ်မှာ ကမ္ဘာ့လူဦးရေ ရ ဒသမ ၃ ဘီလျံမှာ
အင်တာနက်သုံးစွဲသူ ၄၇ ရာခိုင်နှုန်း ရှိနေပါတယ်။ လူဦးရေ ၃ ဒသမ ၅ ဘီလျံနီးပါးက အင်တာနက်
သုံးစွဲနေတာပါ။ ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး လူမှုကွန်ရက်ဖြစ်တဲ့ ဖေ့စ်ဘွတ်ခ်ကို
လစဉ်သုံးစွဲနေသူ ၁ ဒသမ ၉ ဘီလျံကျော်ရှိတယ်လို့ ပြီးခဲ့တဲ့ မတ်လမှာ ဖေ့စ်ဘွတ်ခ်က
ထုတ်ပြန်ထားပါတယ်။

လုံခြုံစိတ်ချမှု အလျင်းမရှိတဲ့ လူမှုကွန်ရက်သုံးစွဲရာမှာ မြန်မာနိုင်ငံက လူတွေအတွက်တော့
နောက်ထပ် မလုံခြုံမှုတစ်ခု စောင့်ကြိုနေပါတယ်။ အင်တာနက်လူမှုကွန်ရက် စာမျက်နှာပေါ်မှာ
တစ်စုံတစ်ယောက်ကို အသရေဖျက်တာ၊ သိက္ခာကျစေတာတွေကို ထောင်ကျနိုင်တဲ့အထိ ပြစ်ဒဏ်
ပေးနိုင်တဲ့ အီလက်ထရွန်းနစ် ဆက်သွယ်ရေးဥပဒေပါ ပုဒ်မ၆၆(ဃ) ပါ။ လူမှုကွန်ရက်သုံးစွဲမှု
ကျယ်ပြန့်လာတာနဲ့ ပုဒ်မ၆၆(ဃ)နဲ့ တရားစွဲဆိုခံရမှုတွေက တစ်နေ့ တခြား ပိုမိုများပြားလာနေပါတယ်။

''လိုင်းပေါ်မှာ (အွန်လိုင်း) တင်သမျှအရာတိုင်းက မလုံခြံုပါဘူး။ မြင်သမျှအရာတိုင်းကလည်း
မယုံရပါဘူး။ဆိုရှယ်မီဒီယာဆိုတာက မီးနဲ့တူပါတယ်။ သုံးတတ်ရင်ဆေး၊ မသုံးတတ်ရင် ဘေးဖြစ်ပါတယ်''
လို့ ကိုတင့်ထူးဇော်က ဆိုပါတယ်။

ဆိုရှယ်မီဒီယာဆိုတာ လူမှုဆက်ဆံရေးတစ်ခုတည်းမဟုတ်ဘဲ ဒီထက်ပိုတဲ့ အကျိုးရလဒ်တွေ ဝန်ဆောင်မှုတွေ
ပေးနေပြီး Internet is not equal to Facebook (အင်တာနက်ဆိုတာ ဖေ့စ်ဘွတ်ခ်
တစ်ခုတည်းမဟုတ်) လို့ သတိပေးရင်းဆိုလာသူကတော့ တစ်ချိန်က ဘလော့ဂါတစ်ဦးအဖြစ် နာမည်
ကျော်ကြားခဲ့ပြီး၊ လက်ရှိအချိန်မှာ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်နေတဲ့ ကိုနေဘုန်းလတ်ပါ။

''ဆိုရှယ်မီဒီယာဆိုတာ သက်မဲ့ပစ္စည်းပါ။ သူက ဘာမှလုပ်နေတာ မဟုတ်ဘူး။ သုံးနေတဲ့သူ ပေါ်မှာပဲ
မူတည်တယ်'' လို့ ကိုနေဘုန်းလတ်က ဆိုပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး