ပြည်ထောင်စုအဆင့် ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) နှင့် အရပ်ဘက်အဖွဲ့အစည်း
၁၂ ဖွဲ့ခန့်သည် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ရန်ကုန်မြို့၌ တွေ့ဆုံခဲ့ရာ အပစ်ခတ်ရပ်စဲမှု
စောင့်ကြည့်ရေးလုပ်ငန်းတွင် အရပ်သားများ ပါ၀င်မှု အခန်းကဏ္ဍကို ဆွေးနွေးခဲ့ကြသည်။
တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် (NCA) တွင် စစ်ဘက် ဆိုင်ရာကိစ္စများကို ကိုင်တွယ်ဖြေရှင်းရန်နှင့်
စာချုပ်ကို လက်မှတ်ရေးထိုးပြီး ထပ်မံဖြစ်ပေါ်လာသည့် တိုက်ပွဲများ စောင့်ကြည့်ရေးအတွက်
အပစ်အခတ်ရပ်စဲရေးဆိုင်ရာ စောင့်ကြည့်ရေးကော်မတီကို ပြည်ထောင်စု၊ ပြည်နယ်နှင့် ဒေသန္တရဟု
အဆင့်သုံးဆင့် ဖွဲ့စည်းရန် ပါရှိသည်။
ပူးတွဲကော်မတီကို ပြည်ထောင်စုအဆင့်၊ ပြည်နယ်အဆင့် (ရှမ်း၊ ပဲခူး၊ ကရင်၊ မွန်နှင့် တနင်္သာရီ)
တို့တွင် ဖွဲ့စည်းထားသည်။
လက်ရှိအချိန်တွင် ဒေသန္တရအဆင့်ကို ရှမ်းပြည်နယ်၊ လင်းခေးမြို့တွင် စတင်ဖွဲ့စည်းရန်
ပြင်ဆင်လျက်ရှိသည်။
ကော်မတီအဆင့်ဆင့်တွင် အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်နှင့် အရပ်သားကိုယ်စားလှယ်များ
ပါ၀င်သည်။
ယခုလ ၂ ရက်က ကျင်းပခဲ့သော ဆွေးနွေးပွဲတွင် အပစ်ရပ်စောင့်ကြည့်ရေးပူးတွဲကော်မတီတွင်
ပါ၀င်သည့် အရပ်သားကိုယ်စားလှယ်များ၏ အခန်းကဏ္ဍကို အကျယ်တဝင့် ဆွေးနွေးခဲ့သည်။
တစ်ဖက်နှင့်တစ်ဖက် လက်ခံနိုင်သည့် အရပ်သားများကိုသာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ၏
အရပ်သားကိုယ်စားလှယ်များအဖြစ် ရွေးချယ်ကြောင်း အရပ်သားကိုယ်စားလှယ်တစ်ဦးက ပြောသည်။
"ဘယ်လိုအချက်အလက်နဲ့ ရွေးသလဲတော့ ကျွန်တော်လည်း မသိဘူး။ ဒါပေမဲ့ အဓိကကတော့
ပါတီနိုင်ငံရေး ကင်းရှင်းပြီး သူတို့လက်ခံနိုင်လို့ ရွေးတယ်လို့ ထင်တာပဲ" ဟု အဆိုပါအရပ်သား
ကိုယ်စားလှယ်က ပြောသည်။
လွတ်လပ်သော အရပ်သားများပါ၀င်ခြင်း မဟုတ်ဘဲ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်
အဖွဲ့အစည်းများက အဆိုပြုသူများကိုသာ ရွေးချယ်သည့်အတွက် အရပ်သားကိုယ်စားလှယ်များ၏
အခန်းကဏ္ဍကို မေးခွန်းထုတ် ဝေဖန်သူများလည်း ရှိနေသည်။
အစိုးရဘက်က အရပ်သား၊ တိုင်းရင်းသား လက်နက်ကိုင်ဘက်က အရပ်သားဟု ခွဲခြားခြင်းမပြုဘဲ
ပူးပေါင်းဆောင်ရွက်သင့်ကြောင်း အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ၏
အရပ်သားအစုအဖွဲ့ကို ကိုယ်စားပြုသော ဒုတိယဥက္ကဋ္ဌ(၂) သိက္ခာတော်ရဆရာ
ဦးစောမက်သယူးအေးက ပြောသည်။
အဆိုပါအစည်းအဝေးတွင် အရပ်ဘက်အဖွဲ့အစည်းများကို အပစ်ရပ်စောင့်ကြည့်ရေးလုပ်ငန်းစဉ်တွင်
ပါ၀င်လိုပါက တရားဝင်ယန္တရားတွင် အဖွဲ့အစည်းအလိုက်မဟုတ်ဘဲ တစ်ဦးချင်းစီအနေနှင့်
အရပ်သားကိုယ်စားလှယ်များအဖြစ် ပါ၀င်နိုင်ကြောင်း ပူးတွဲစောင့်ကြည့်ရေး ကော်မတီ
(ပြည်ထောင်စုအဆင့်)အဖွဲ့ဝင်များက ပြောသည်။
မွန်ပြည်နယ်တွင် အခြေစိုက်သည့် အရပ်ဘက်အဖွဲ့ အစည်းအချို့က အပစ်ရပ်စောင့်ကြည့်ရေး
လုပ်ငန်းစဉ်တစ်ရပ် လုပ်ဆောင်ရာတွင် 'ပူးတွဲစောင့်ကြည့်မှု' ဟူသည့် အသုံးအနှုန်းကို သုံးစွဲခဲ့ခြင်းနှင့်
ပတ်သက်ပြီး ဒေသခံများအကြား ရှုပ်ထွေးမှုဖြစ်ပေါ်စေနိုင်သည့်အတွက် ခေါ်ယူညှိနှိုင်းခြင်းဖြစ်သည်ဟု
ပူးတွဲစောင့်ကြည့်ရေးကော်မတီ အဖွဲ့ဝင်အချို့က ပြောသည်။
"စောင့်ကြည့်တဲ့အခါမှာ ဒေသမှာရှိတဲ့ တကယ်ခံစား နေရတဲ့ လူထုရဲ့အသံက အရေးကြီးတော့
ဒေသခံလူထုက တိုက်ရိုက်ပါ၀င်ဖို့ လိုတယ်။ ဒါကြောင့် ဒေသခံတွေပဲ စောင့်ကြည့်ဖို့ ဖြစ်တယ်" ဟု
အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးအဖွဲ့ (ပြည်ထောင်စုအဆင့်) ၏ ညွှန်ကြားရေးမှူး
ဒေါက်တာမင်းဇော်ဦးက ပြောသည်။
ယခင်က အရပ်ဘက်အဖွဲ့အစည်းများက ဆန္ဒအလျောက် အပစ်အခတ်ရပ်စဲရေးစောင့်ကြည့်မှုကို
ကြိုဆိုသော်လည်း ယခုတစ်ကြိမ်တွင် JMC-U အဖွဲ့ဝင်များ၏ ဆွေးနွေးချက်များတွင်
အဆိုပါသဘောကို မတွေ့ရကြောင်း ချင်းအပစ်အခတ်ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးအဖွဲ့မှ
ဦးတလွန်ကျဲအိုက ပြောသည်။
"ကျွန်တော်တို့ အရပ်ဘက်အဖွဲ့အစည်းတွေ စောင့်ကြည့်ရေးလုပ်ငန်းမှာ မလုပ်တာတော့
ကောင်းတယ် ပြောတယ်။ စောင့်မကြည့်ရဘူးလို့တော့ မပြောဘူး။ JMC အနေနဲ့ စောင့်ကြည့်မယ့်
ဒေသခံတွေကိုပဲ ကူညီမယ်ပြောတယ်။ အရပ်ဘက်အဖွဲ့တွေ စောင့်ကြည့်တာကို
အသိအမှတ်မပြုဘူး။ သူတို့အသိအမှတ်ပြုတဲ့ ဒေသခံတွေ (ပူးတွဲစောင့်ကြည့်ရေးကော်မတီဝင်) ကိုပဲ
ထောက်ပံ့မယ်လို့ ပြောတယ်" ဟု ၎င်းက ပြောသည်။
အရပ်ဘက်အဖွဲ့အစည်းများ၏ သီးခြားအပစ်ရပ် စောင့်ကြည့်ရေး လုပ်ငန်းများသည်
သီးခြားလွတ်လပ်ပြီး အမှီအခိုကင်းသည့်အတွက် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်မှု
ကော်မတီကို အထောက်အကူပြုနိုင်သောကြောင့် ကန့်သတ်ခြင်းမပြုသင့်ကြောင်း ဦးတလွန်ကျဲအိုက
ဆိုသည်။
ပြည်နယ်အဆင့် (ကရင်) အပစ်ရပ်ပူးတွဲစောင့်ကြည့် ရေးကော်မတီဝင်တစ်ဦးဖြစ်သူ ဦးစောဘိုးနီကမူ
အရပ်သား ကိုယ်စားလှယ်အဖြစ် ပဋိပက္ခဖြစ်ပွားမှုကို ကွင်းဆင်းစစ်ဆေးရာတွင် တွေ့ရှိချက်များကို
မြင်တွေ့သည့်အတိုင်း တင်ပြခွင့်ရှိကြောင်း ပြောသည်။
"အထူးသဖြင့် သတင်းလုံခြံုမှုရှိဖို့၊ မလိုအပ်တဲ့ သတင်းကို စိစစ်ခြင်း၊ အတည်ပြုခြင်းမလုပ်ခင်မှာ
အပြင်မှာ လျှောက်ပြီး ပြောတာမျိုးတွေ၊ ကောလာဟလ ဖြန့်တာမျိုးတွေ မရှိဖို့ ရှင်းပြခြင်း
ဖြစ်ပါတယ်" ဟု ပြည်ထောင်စုအဆင့်ပူးတွဲ စောင့်ကြည့်ရေးကော်မတီအတွင်းရေးမှူး(၂)
ဗိုလ်မှူးကြီး ၀ဏ္ဏအောင်က ပြောသည်။
















