ကချင်စစ်ပွဲ ခြောက်နှစ်ပြည့်ပြီ

ကချင်စစ်ပွဲ ခြောက်နှစ်ပြည့်ပြီ

 

ကချင်ဒေသတွင် တစ်ကျော့ပြန်စစ်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်မှာဇွန်လ ၉ ရက်တွင်
ခြောက်နှစ်တင်းတင်း ပြည့်ပြီဖြစ်သည်။ မအောင်မြင်သည့် ငြိမ်းချမ်းရေးစကားဝိုင်းများအောက်တွင်
တိုက်ပွဲများအကြား မြေဇာပင်ဖြစ်နေရသည့် အပြစ်မဲ့ ဒေသခံများသည်လည်း စစ်ရှောင်စခန်းများတွင်
နေထိုင်းရင်း ဒုက္ခမျိုးစုံ ခံစားခဲ့ရသည်မှာ ခြောက်နှစ်တိုင်ခဲ့ပြီ ဖြစ်သည်။

အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) တို့ကြား ၁၇ နှစ်ကြာတည်တံ့ခဲ့သည့်
အပစ်ရပ်စာချုပ်သည် ၂ဝ၁၁ ခုနှစ်၊ ဇွန်လ ၉ ရက်တွင် ပျက်ပြယ်ပြီးနောက် ကချင်ပြည်နယ်၌
တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။ တိုက်ပွဲများ အဆုံးသတ်ရန် သမ္မတဦးသိန်းစိန်အစိုးရ
လက်ထက်မှသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီ) ဦးဆောင်သည့် အစိုးရသစ်
လက်ထက်တိုင် ဆွေးနွေးပွဲများပြုလုပ်ခဲ့သော်လည်း ငြိမ်းချမ်းရေးလမ်းစ မပေါ်သေးပေ။

ထိုအခြေအနေများတွင် ထွက်ပေါ်လာသည့် ရလဒ်မှာ ကချင်ပြည်နယ်နှင့် တရုတ်မြန်မာနယ်စပ်
တစ်လျှောက်တွင် ဒုက္ခသည်စခန်းများ ပိုမိုများပြားလာခြင်းဖြစ်သည်။ စစ်ပွဲများ စတင်ဖြစ်ပွားစဉ်က
စစ်ဘေးရှောင်များအတွက် ပြည်တွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှုရခဲ့သော်
လည်း စစ်ပွဲအချိန်ကြာလာသည်နှင့်အမျှ ထောက်ပံ့မှုများ လျော့နည်းလာသည်။

၂ဝ၁၂ ခုနှစ် အစောပိုင်းကာလများက ဒုက္ခသည်တစ်ဦးချင်းစီအတွက် တစ်လစာ ဆန်ခြောက်ပြည်နှင့်
ခြောက်လုံး၊ ဆီတစ်လီတာ၊ ပဲ သုည ဒသမ ၈ ကီလိုဂရမ်နှင့် ဆား ၂၅ ကျပ်သား ထောက်ပံ့မှု ရရှိခဲ့သည်။
ထို့ပြင် အခြေခံ အသုံးအဆောင်နှင့် တစ်ဦးလျှင် လစဉ်ထောက်ပ့ံငွေ ကျပ် ရ,ဝဝဝ ရရှိခဲ့သည်။

မိုင်ဂျာယန်အနီး ပါကထောင်းဒုက္ခသည်စခန်းတွင် အစားအသောက်ရယူရန် စောင့်ဆိုင်းနေသည့် ကလေးငယ်များ။ ကောင်းထက်/ မြန်မာတိုင်း(မ်)

၂ဝ၁၆ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်ကာ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP ) က ထောက်ပံ့မှုပုံစံကို
ပြောင်းလဲလိုက်ရာ စစ်ရှောင်စခန်း အများစု၌ သက်ကြီးရွယ်အိုနှင့် ကလေးများအပ အခြားသူများမှာ
အထောက်အပံ့ခံစားခွင့်မရတော့ပေ။

''အခုနောက်ပိုင်း ငွေကြေးထောက်ပံ့တာထက် အသက်မွေးဝမ်းကျောင်း ပညာရပ်သင်ပေးတာမျိုးတွေ
ပိုလုပ်လာကြတယ်'' ဟု လူသားချင်း စာနာထောက်ထားရေးလုပ်ငန်းများ ပူးပေါင်းလုပ်ငန်းအဖွဲ့ (JST) 
မှအဖွဲ့ဝင် ဦးဘွမ်ခရမ်က ပြောသည်။  JST သည် လူမှုလုပ်ငန်းများဆောင်ရွက်နေသည့် ဒေသခံ
အဖွဲ့အစည်း ကိုးဖွဲ့ဖြင့်ဖွဲ့စည်းထားပြီး အထူးသဖြင့် နိုင်ငံတကာ အဖွဲ့အစည်းများ သွားရောက်ရန်
ကန့်သတ်ထားသည့်ဒေသများရှိ စစ်ရှောင်စခန်းများအတွက် အကူအညီများ ထောက်ပံ့နိုင်ရန် တစ်ဆင့်ခံ
ကူညီပေးနေသော အဖွဲ့အစည်းဖြစ်သည်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA)၏ ၂ဝ၁၆ ခုနှစ် ထုတ်ပြန်ချက်အရ
ကချင်နှင့် ရှမ်းပြည်နယ်တွင် ဒုက္ခသည်ပေါင်း ၉၇,ဝဝဝ ကျော်ရှိသည်။ ကချင်အရပ်ဘက် အဖွဲ့အစည်းများက
ကောက်ယူထားသည့် အချက်အလက်များအရ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ဒုက္ခသည်
စခန်း ၁၆၁ ခုတွင် နေထိုင်သူ အရေအတွက်မှာ ၉၆,၂ဝ၉ ဖြစ်သည်။

 ယခုနှစ် မတ်လအတွင်းက ကချင်ပြည်နယ် စစ်ဘေးရှောင်စခန်းများသို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့သည်။ ဓာတ်ပုံ - အီးပီအေ

လက်ရှိ စစ်ဘေးရှောင် အရေအတွက်ကို အတိအကျ မထုတ်ပြန်နိုင်သည့်တိုင် ထိုအရေအတွက်ထက်
ပိုနိုင်သည်ဟု ဒေသခံများက ပြောသည်။ ''တိုက်ပွဲက လုံးဝရပ်တယ်ဆိုတာမရှိတော့ ဒုက္ခသည်က
ပိုများလာတာပဲ'' ဟု မန်စီဒုက္ခသည်စခန်း တာဝန်ခံ ဦးတန်ဂွန်းက ပြောသည်။

Burma News International  က ထုတ်ဝေသည့် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပုံဖော်ခြင်း
လမ်းညွှန်အကိုးအကားစာအုပ်တွင် ဖော်ပြထားသည့် တိုက်ပွဲဆိုင်ရာအချက်အလက်များက ဦးတန်ဂွန်း၏
ပြောဆိုချက် မှန်ကန်ကြောင်း သက်သေပြနေသည်။  BNI ၏ ဖော်ပြချက်အရ ၂ဝ၁၅ ခုနှစ်အတွင်း
အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား တိုက်ပွဲပေါင်း ၄၆ဝ ကျော်ဖြစ်ပွားခဲ့ပြီး
၂ဝ၁၆ ခုနှစ်တွင် တိုက်ပွဲပေါင်း ၅၈၄ ကျော် ဖြစ်ပွားခဲ့သည်။

မကြာခင်ရက်ပိုင်းက နေပြည်တော်တွင် ကျင်းပခဲ့သည့် ၂၁ ရာစု ပင်လုံ ဒုတိယအကြိမ် ပြည်ထောင်စု
ငြိမ်းချမ်းရေး ညီလာခံ ကာလအတွင်း တိုက်ပွဲများ ခေတ္တရပ်စဲခဲ့သော်လည်း ညီလာခံအပြီး ရက်ပိုင်း
အတွင်းမှာပင် သေနတ်သံများက ပြန်လည်ထွက်ပေါ်လာခဲ့သည်။

''အခု ဇွန်လ ၆ ရက်ကပဲ တနိုင်းဘက်က ကေအိုင်အို ထိန်းချုပ်ဧရိယာမှာ တိုက်ပွဲတွေ တော်တော်လေး
ပြင်းပြင်းထန်ထန် ဖြစ်ကြတယ်။ အခြေအနေက တင်းမာနေတဲ့ သဘောပဲ။ ဒီလိုဖြစ်တော့
ကေအိုင်အိုအောက်မှာရှိတဲ့ ဒုက္ခသည် မပြောနဲ့ မြို့နဲ့ အလှမ်းဝေးတဲ့ နေရာမှာရှိဒုက္ခသည်တွေ
အတွက် စားနပ်ရိက္ခာပို့ဖို့ဆိုတာ တော်တော်အဆင်မပြေတာ။ မိုးတွင်းဆိုတော့ ပိုဆိုးတယ်'' ဟု
ဦးဘွမ်ခရမ်က ပြောသည်။

ကေအိုင်အို ထိန်းချုပ်မှုဧရိယာအတွင်း နေထိုင်ကြသည့် စစ်ဘေးရှောင်ဒုက္ခသည်များမှာ
လမ်းပန်းဆက်သွယ်ရေးနှင့် လုံခြံုရေးအခြေအနေများကြောင့် မြို့ပေါ်ရှိ စစ်ရှောင်စခန်းများထက်
အခက်အခဲမျိုးစုံနှင့် ရင်ဆိုင်နေရသည်။

''စားနပ်ရိက္ခာအတွက် ပိုက်ဆံအစား ဆန်နဲ့ အခြားထောက်ပံ့မှုများကပဲ ကျွန်မတို့အတွက်
အဆင်ပြေနေတယ်။ ဆိုလိုတာက ပိုက်ဆံရှိတောင် ဝယ်ဖို့မဖြစ်နိုင်တဲ့ အခြေအနေမျိုးတွေရှိတယ်။
အထောက်အပံ့ရဖို့ အခုအခြေအနေက တော်တော်လေး ကျပ်တည်းတဲ့ အနေအထားပဲ'' ဟု စေတနာရှင်
လူမှုကူညီရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် WPN  မှ ဒါရိုက်တာ ဒေါ်မေရီတောင်က ပြောသည်။

ကေအိုင်အို ထိန်းချုပ်ဧရိယာ မိုင်ဂျာယန်မြို့တွင် အခြေစိုက်သည့် WPN သည် နိုင်ငံတကာနှင့်
ပြည်တွင်းအဖွဲဲ့အစည်းများနှင့် ချိတ်ဆက်ကာ စစ်ဘေးရှောင်စခန်း ငါးခုအတွက် အဓိကတာဝန်
ယူထားသည့် အဖွဲ့အစည်းဖြစ်သည်။ကေအိုင်အို ထိန်းချုပ်မှု ဧရိယာအတွင်း ဒုက္ခသည် စခန်းပေါင်း
၂၉ ခုသာရှိသော်လည်း စစ်ရှောင်လူဦးရေ ၅ဝ,ဝဝဝ နီးပါးရှိသည်။ 

စားနပ်ရိက္ခာ အခက်အခဲဖြစ်နေသည့် စစ်ဘေးဒုက္ခသည်များအတွက် ပြည်တွင်းအလှူရှင်များလှူဒါန်းသည့်
ငြိမ်းချမ်းရေးရန်ပုံငွေမှ ကျပ်သန်း ၃ဝဝ ကို ကချင်ပြည်နယ်ရှိ စစ်ဘေးရှောင်ဒုက္ခသည်များ ပြန်လည်
ထူထောင်ရေးအတွက် အသုံးပြုရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က
ဆုံးဖြတ်ခဲ့သည်။

''ဒေါ်အောင်ဆန်းစုကြည် ကချင်ပြည်နယ်လာပြီးနောက်ပိုင်း မြို့နယ်အုပ်ချုပ်ရေးမှူးက စခန်းအတွက် 
ငါးသိန်းပေးတယ်။ နောက် ဆန်အိတ် ၁၅ဝ ပေးတယ်။ ဒါပဲ။ သိပ်ပြီး ထူးခြားတာမျိုးတော့ မဟုတ်ဘူး''ဟု
ဦးတန်ဂွန်းက ပြောသည်။

ယခုနှစ် မတ်လအတွင်းက ကချင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းအချို့ကို ပထမဦးဆုံးအကြိမ်အဖြစ်
ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့သည်။ ငြိမ်းချမ်းရေးရမှ စစ်ရှောင်စခန်းများ ပိတ်နိုင်မည်ဖြစ်သည့်
အတွက် ငြိမ်းချမ်းရေးရရှိရေး အားလုံးပူးပေါင်းဆောင်ရွက်ရန် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့
သည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ပြောကြားချက်အရ
ပြည်နယ်အစိုးရနှင့် ပူးပေါင်းကာ အသက်မွေးဝမ်းကျောင်းပညာရပ်များကို သက်ဆိုင်ရာစခန်းများ၏
လိုအပ်ချက်၊ စိတ်ဝင်စားမှုအရ စီစဉ်ဆောင်ရွက်ပေးနေသည်ဟု ဆိုသည်။

''အခု စက်ချုပ်သင်တန်းတို့၊ ကားမောင်းသင်တန်းတို့လိုပေါ့လေ။ အဲဒါတွေတော့ လုပ်နေတယ်။
စိတ်ဝင်စားတဲ့သူကလည်း စိတ်ဝင်စားတယ်။ တချို့ကလည်း စိတ်မဝင်စားကြဘူး'' ဟု ဂျမိုင်ကောင်း
ဒုက္ခသည်စခန်းက ဒေါ်ထုနန်က ပြောသည်။

''ဒီလိုပဲ အရင်ကလည်း အင်န်ဂျီအိုတွေက ထောက်ပံ့ရေးတွေ ပုံစံမျိုးစုံနဲ့ စမ်းသပ်လုပ်ကြတာပဲ။
ရေရှည်တော့ အလုပ်မဖြစ်ခဲ့ဘူး။ အခု အစိုးရအတွက် အဓိကလုပ်ရမှာက ငြိမ်းချမ်းရေး တကယ်ရဖို့ပဲ။
ကိုယ့်အိမ်ကိုသာ လုံလုံခြံုခြံုနဲ့ ပြန်နိုင်ရင် ဘယ်သူ့အကူအညီမှ ယူဖို့မလိုဘူး'' ဟု ဝိုင်းမော်မြို့နယ်ရှိ
မိုင်းနားအာစီ စစ်ဘေးရှောင်ဒုက္ခသည်စခန်းမှတာဝန်ခံ ဦးဘရန်အောင်က ပြောသည်။

ယခင်အစိုးရလက်ထက်တွင် အလှမ်းဝေးသည့် စစ်ရှောင်စခန်းများသို့ ရိက္ခာထောက်ပံ့ရေးအတွက်
ပြည်နယ်အစိုးရက ခွင့်ပြုမိန့်ချပေးနိုင်သော်လည်း လက်ရှိအစိုးရလက်ထက်တွင် ခွင့်ပြုချက်ရရန်
ယခင်ထက် ကြန့်ကြာနေခြင်းမျိုးရှိသည်ဟု အရပ်ဘက်လူမှုအဖွဲ့အစည်းများက ပြောသည်။ လက်ရှိတွင်
ပြည်ထောင်စုအစိုးရက ခွင့်ပြုမှသာ ပြည်နယ်အစိုးရက ခွင့်ပြုပေးခြင်းဖြစ်သည့်အတွက် အခက်အခဲများ
ဖြစ်နေသည်ဟု ကေဘီစီ၏ လူသားချင်းစာနာထောက်ထားမှု ထောက်ပ့ံရေးအစီအစဉ်မန်နေဂျာ
ဦးဘရမ်မိုင်က ပြောသည်။

''ငြိမ်းချမ်းရေးရဖို့က သိပ်တော့ မမျှော်လင့်တော့ဘူး။ အခု လက်ရှိအခြေအနေက ငြိမ်းချမ်းရေးရဖို့မပြောနဲ့
ဒီထက်ပိုဆိုးမလာပါစေနဲ့လို့ပဲ ဆုတောင်းနေရတယ်။ အင်န်စီအေလက်မှတ်ထိုးဖို့ဆိုတာ အစိုးရက
ဘယ်လိုဆက်ညှိမလဲတော့ မသိဘူး။ ဒါပေမဲ့ ခြောက်နှစ်ဆိုတာ စစ်ဘေးရှောင်တွေအတွက်
အင်မတန်ခက်ခဲစွာ ဖြတ်သန်းခဲ့ရတဲ့ အချိန်တွေပါပဲ။ ဒီထက်ပိုပြီး မြေစာပင် မဖြစ်သင့်တော့ဘူးဆိုတာ
နှစ်ဖက်စလုံး သဘောပေါက်ဖို့ လုံလောက်ပါပြီ'' ဟု ကချင်ဒေသခံ လခန်အောင်လွမ်က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး