လက်ပံတောင်းတောင်ကြေးနီစီမံကိန်း အပေါ် ကော်မရှင်၏ဆုံးဖြတ်ချက်သည် မျှတမှန်ကန်ပြီး
နှစ်နိုင်ငံ အကျိုးစီးပွားကို ဖော်ဆောင်နိုင်မည်ဆိုပါက လက်ခံမည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်
သံအမတ်ကြီးက ပြောဆိုလိုက်သလို စီမံကိန်းရပ်ဆိုင်းလိုက်မည်ဆိုပါက အနာဂတ်မြန်မာနိုင်ငံ
အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ထိခိုက်စေမည် ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားလိုက်
သည်။
"စုံစမ်းရေးကော်မရှင်ရဲ့ သုံးသပ်ချက်ဟာ နောက်ဆုံးမှာမျှတဲ့အစီရင် ခံစာဆိုရင်တော့ လက်မခံနိုင်
စရာမရှိပါဘူး။ တကယ်တော့ တရုတ်နဲ့ မြန်မာပြည်အတွက် ပူးပေါင်းဖို့ အကြံ ကောင်းရှိမယ်ဆိုရင်
တော့ လက်ခံနိုင်ပါတယ်"ဟု သံအမတ်ကြီး မစ္စတာလီဂျွန်ဟွာက ဒီဇင်ဘာလ ရ ရက်နေ့တွင်
ရန်ကုန်မြို့၊ တရုတ်သံရုံးတွင် သတင်းမီဒီယာများနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။
ထို့ပြင် တရုတ်နိုင်ငံသည် ယခု ဖွဲ့စည်းလိုက်သော ကော်မရှင်နှင့် မျှတသည့် အစီရင်ခံစာထွက်ပေါ်
လာရန် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
"သံရုံးအနေနဲ့ကော၊ ကုမ္ပဏီအနေနဲ့ပါ အပြည့်အစုံပူးပေါင်းဆောင်ရွက်ပါ့မယ်။ ဒီစီမံကိန်းက နှစ်ဦးနှစ်
ဖက် အကျိုးရှိတဲ့အတွက် မပြောပြချင်တဲ့ လျှို့ဝှက်ချက်ဆိုတာမရှိပါဘူး။ နောက်ဆုံးမှာ မျှတတဲ့
အစီရင်ခံစာထွက်ပေါ် စေချင်တယ်။ ပြည်သူတွေနားမလည် တာတွေကို ရှင်းပြပေးနိုင်ပြီး စီမံကိန်း
လည်း အကောင်အထည်ဖော်လာနိုင်မယ်လို့ ယုံကြည်ပါတယ်"ဟု သံအမတ် ကြီးက ပြောသည်။
သံအမတ်ကြီးက မုံရွာတွင် ဒေါ်အောင်ဆန်းစုကြည်ပြောကြားခဲ့ သော မိန့်ခွန်းအပါအဝင် သတင်းစာ
ရှင်းလင်းပွဲတွင် ၎င်းပြောကြားခဲ့သော ကော်မရှင်အနေဖြင့် ဥပဒေအပေါ် အခြေခံ၍ တိုင်ပင်ညှိနှိုင်း
မည်ဆိုသည့် အချက်ကိုလည်း လက်ခံကြိုဆိုကြောင်း သံအမတ်ကြီးကပြောသည်။
သို့ရာတွင် ကော်မရှင်မှ စီမံကိန်းရပ်ဆိုင်းရမည်ဆိုသည့် အဖြေထွက် ပေါ်လာပါက တရုတ်အစိုးရနှင့်
ကုမ္ပဏီမှ လက်ခံမည်လားဆိုသည့် မေးခွန်းကိုမူ သံအမတ်ကြီးမှ တိကျစွာဖြေဆို ခဲ့ခြင်းမရှိသည်ကို
တွေ့ရသည်။
ထို့ပြင် တရုတ်ကုမ္ပဏီသည် ယင်းစီမံကိန်းအတွက် ဒေသခံများအတွက် လျော်ကြေး၊ နေရာရွွှေ့
ပြောင်းမှု၊ ဒေသ၏လူမှုရေး၊ စီးပွားရေး၊ ပတ်ဝန်းကျင်ထိခိုက်မှုအပြင် အစိုးရနှင့် အကျိုးအမြတ်ခွဲဝေမှု
စသည့် ကိစ္စရပ်များအား မြန်မာအစိုးရနှင့် နှစ်ဦးနှစ်ဖက်ညှိနှိုင်းပြီး ဥပဒေကြောင်းအရ သဘောတူ
စာချူပ်ချူပ်ဆိုကာ နှစ်နိုင်ငံအကျိုးစီးပွား အတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မြေလျော်ကြေးအနေ
ဖြင့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် ညှိနှိုင်းကာ မြေဧက ၆,၀၀၀ ကျော်အတွက် အမေရိကန်
ဒေါ်လာငါးသန်းကျော် လျော်ကြေးပေးခဲ့ပြီး၊ ပြန်လည်နေရာချထားရေးအတွက် နေအိမ် ၂၀၀ ကျော်၊
မူလတန်းကျောင်းတစ်ကျောင်း၊ ဆေးရုံတစ်ရုံနှင့် ဘုန်းကြီးကျောင်းတစ်ကျောင်းဆောက်လုပ်ထားပြီး
ဖြစ်ကြောင်း၊ ကြေးနီထုတ်လုပ်မှုအတွက် ကမ္ဘာ့အဆင့်အတန်းမီနည်းပညာကိုသာ အသုံးပြုကြောင်း၊
အကျိုးအမြတ်ခွဲဝေမှုအရ မြန်မာဘက်မှ ပိုမိုရရှိကြောင်း၊ လက်ရှိ ဖြစ်ပေါ်နေသော ပြဿနာများမှာ
အထက်ပါ အချက်အလက်များအား ပြည်သူလူထုသိရှိမှုနည်းပါးမှုကြောင့် အထင်လွဲခြင်းဖြစ်ကြောင်း
သံအမတ်ကြီးက ပြောသည်။
သို့သော်ပြည်သူများအနေဖြင့် ၎င်းတို့၏ ဆောင်ရွက်ပေးမှုအပေါ်ကျေနပ်မှု မရှိပါက ဥပဒေအရ
တောင်းဆိုနိုင် ကြောင်း ၎င်းကပြောသည်။
မြန်မာနိုင်ငံအပေါ်ထားရှိသော တရုတ်အစိုးရ၏ မူဝါဒမှာ ပြောင်းလဲမည် မဟုတ်သော်လည်း တရုတ်
အပါအဝင်အခြားသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ထိခိုက်စေနိုင်ကြောင်း၊ မြန်မာ နိုင်ငံအတွက်
တည်ငြိမ်သော ရင်းနှီး မြှုပ်နှံမှု ပတ်ဝန်းကျင်ကောင်းတစ်ခုရှိရန် လိုအပ်ကြောင်း မစ္စတာ လီဂျွန်ဟွာ
က ပြောသည်။
တရုတ်နိုင်ငံသည် ယခင်မြန်မာအစိုးရ နှင့် ချုပ်ဆိုထားသော စီမံကိန်းများရှိနေသေးကြောင်း၊ ယခု
အဖြစ်အပျက်များကို သင်ခန်းစာယူကာ နောင်တွင် စီမံကိန်းအကောင်အထည်မဖော်မှီ စီမံကိန်းဆိုင်
ရာ အချက်အလက်များအား အများပြည်သူအား ပွင့်လင်းမြင်သာမှုရှိစွာ ထုတ်ပြန်ပေးသွားမည်ဖြစ်
ကြောင်း ၎င်းကပြောသည်။
ထို့ပြင် နို၀င်ဘာလ ၂၉ ရက်နေ့ တွင် စီမံကိန်းဧရိယာအတွင်းရှိ သပိတ်စခန်းဖြိုခွဲမှုတွင် ရဲတပ်ဖွဲ့မှ
အသုံးပြုခဲ့သော လက်နက်များအား ကုမ္ပဏီဘက်မှ ထောက်ပံ့ခဲ့သည်ဆိုသည့် စွပ်စွဲချက်များအပေါ်
မိခင်ကုမ္ပဏီဖြစ်သည့် Norinco ကုမ္ပဏီသည် လက်နက်ထုတ်သည်ဆိုသော်လည်း ၀မ်ပေါင်ကုမ္ပဏီ
သည် ကြေးနီထုတ်သည့်လုပ်ငန်းကိုသာ အဓိကထားဆောင်ရွက်ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။
"ပွင့်ပွင့်လင်းလင်းပြောရင် ရဲတပ်ဖွဲ့ကသုံးတဲ့ ဗုံးက ဘယ်လမ်းကလာလဲ မသိဘူး။ ဘယ်သူပေးလဲ
မသိဘူး။ ၀မ်ပေါင်ကပေးတယ်လို့တော့ သတင်းမရသေးပါဘူး"ဟု သံအမတ်ကြီးက ပြောသည်။
လက်ရှိဖြစ်ပေါ်နေသော စီမံကိန်းရပ်တန့်ရန် ဆန္ဒပြနေသော ရဟန်း သံဃာနှင့်ပြည်သူလူထုအပေါ်
၎င်းအနေဖြင့် တစ်စုံတစ်ရာ မဝေဖန်လိုသော်လည်း တရုတ်အလိုမရှိဟု ကြွေးကြော်မှုများကိုမူ စိတ်
မကောင်းဖြစ်ရကြောင်း ၎င်းကပြောသည်။
















