ပညာရေးကောလိပ်များ၏ စည်းမျဉ်းစည်းကမ်းများကို ပြင်ဆင်မည်

ပညာရေးကောလိပ်များ၏ စည်းမျဉ်းစည်းကမ်းများကို ပြင်ဆင်မည်

ပညာရေးကောလိပ်များ၏ စည်းမျဉ်းသည်းကမ်းများကို ပြင်ဆင်မည်ဖြစ်ကြောင်း အဆင့်မြင့်ပညာ
ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်အောင်မင်း မြန်မာတိုင်း(မ်) ဂျာနယ်သို့
ဇွန်လ ၅ ရက်နေ့ကပြောသည်။

"ကျွန်တော်တို့အစည်းအဝေးတွေခေါ်ပြီး ညှိုဖို့လုပ်နေပြီ။ ၁၄ ရက်နေ့ ကျောင်းအုပ်ကြီးတွေ အကုန်လုံးကို
နေပြည်တော်ကို ခေါ်ထားတယ်။ ဘယ်စည်းကမ်းကို လျော့သင့်တယ်။ ဘယ်စည်းကမ်းကို
ဖြုတ်သင့်တယ်။ ဘယ်စည်းကမ်းကို တိုးသင့်လဲ ဆိုတာတွေကို ကျောင်းအုပ်ကြီးတွေအကုန်လုံးနဲ့
ဆွေးနွေးမှာပါ"ဟု ၎င်းကပြောသည်။

ယခုကဲ့သို့ ပညာရေးကောလိပ်များ၏ စည်းမျဉ်းစည်းကမ်းများနှင့် ပတ်သက်ပြီး ပြင်ဆင်ရန်ဆွေးနွေးခြင်းမှာ
လက်ရှိအဆိုပါ ကောလိပ်တွင် ကျင့်သုံးနေသည့် စည်းမျဉ်းစည်းကမ်းများသည် ခေတ်မမီတော့သည့်
အတွက်ကြောင့်ဖြစ်သည်။

"ကျောင်းမှာ ဘယ်လောက်ထိ ဖိနှိပ်နေသလဲဆိုရင် ခေါင်းတောင်မှာ ကျောင်းဖွင့်တဲ့ တနင်္လာကနေ
သောကြာမှာ မလျှော်ရဘူးဆိုပြီးတော့ စည်းကမ်းချက်တွေ သတ်မှတ်ထားတယ်။ နောက်ပြီးတော့
ကျောင်းဖွင့်ရက်တွေမှာ ဧည့်တွေ့ချိန်မရှိဘူး။ ဆန္ဒမပြရဘူး။ လက်ကမ်းစာစောင်တွေ မဝေရဘူးဆိုတဲ့
နိုင်ငံသားတစ်ယောက်ရဲ့ ရပိုင်ခွင့်အခွင့်အရေးတွေကို လုံးဝပိတ်ပင်ထားမျိုးတွေရှိနေတယ်"ဟု ပြီးခဲ့သည့်
ဧပြီလက မန္တလေးတိုင်းဒေသကြီးရှိ အဆင့်မြင့်ပညာဦးစီးဌာနရုံးခွဲရှေ့တွင် ဆန္ဒဖော်ထုတ်ခဲ့သည့်အတွက်
ကျောင်းထုတ်ခံရသည့် စစ်ကိုင်းပညာရေးကောလိပ်မှ ကျောင်းသားကိုဇော်ရဲထွဋ်က ပြောသည်။

ပညာရေးကောလိပ်များက စည်းကမ်းများစွာကို ပြင်ဆင်ရမည်ဖြစ်ကြောင်း၊ စာသင်ခန်းအတွင်း
လိုက်နာရမည့် စည်းကမ်း၊ ထမင်းစားဆောင်တွင် လိုက်နာရမည့်စည်းကမ်း၊ ကျောင်းဆောင်တွင်
လိုက်နာရမည့် စည်းကမ်း စသည်ဖြင့် စည်းကမ်းပေါင်း များစွာရှိနေကြာင်း၊ စည်းကမ်းချက်တစ်ခုချင်းစီနှင့်
ပတ်သက်ပြီး ကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း ဒေါက်တာအောင်အောင်မင်းက
ပြောသည်။

"ပညာရေးကောလိပ်အားလုံးပြင်ရမယ့်စည်းကမ်းတွေရှိသလို ပညာရေးကောလိပ်တစ်ခုချင်းစီအလိုက်
မဖြစ်မနေပြင်ရမယ့် စည်းကမ်းတွေရှိနေတယ်။ အဲ့တာတွေနဲ့ ပတ်သက်ပြီးတော့ ညှိုနှိုင်းပြီး
ပြင်ဆင်စေချင်တယ်" ဟု ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂ၊ ပညာရေးကော်မတီဥက္ကဋ္ဌ
ကိုနောင်ထက်အောင်ကပြောသည်။

ဆူပူမှုတွင်ပါဝင်၍ ထိန်းသိမ်းခံရပြီး တရားရုံးမှ အပြစ်ဒဏ်ချမှတ်ခံရခြင်း၊ ဆူပူလှုပ်ရှားမှုတွင်
ခေါင်းဆောင်အဖြစ်ပါဝင်ခြင်း၊ ဆူပူလှုပ်ရှားမှု ဖြစ်ပေါ်စေရန် ရည်ရွယ်ချက်ဖြင့် လှုံ့ဆော်ခြင်း၊ အားပေးခြင်း၊
ကိုယ်တိုင်ပါဝင်ခြင်း စသည့်တို့ကို ပြုလုပ်ပါက ကျောင်းမှထုတ်ပယ်သည်အထိ အရေးယူမည်ဟု
တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်၏ အပိုင်း(ဃ) ၊ တက္ကသိုလ်၊ ဒီဂရီ ကောလိပ်၊ ကော်လိပ်နှင့်
သိပ္ပံများတွင် စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များတွင် ဖော်ပြထားသည်။

ပညာရေးဝန်ကြီးဌာန၏ စာရင်းများအရ မြန်မာနိုင်ငံတွင် ပညာရေးကောလိပ်စုစုပေါင်း ၂၃ ခုရှိပြီး
အဆိုပါကောလိပ်များမှ တစ်ဆင့် နှစ်စဉ်မူလတန်းပြဆရာ၊ ဆရာမပေါင်း ၁၄ဝဝဝ ကျော်ကို
မွေးထုတ်ပေးလျှက်ရှိသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး