ယခုနှစ်တက္ကသိုလ်ဝင်ခွင့်များကို ဆယ်တန်းရမှတ်ဖြင့်သာ ဆုံးဖြတ်ဦးမည်ဖြစ်ကြောင်း အဆင့်မြင့်ပညာ
ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက မြန်မာတိုင်း(မ်) သတင်းဌာနကို
ဇွန်လ ၅ ရက်နေ့က ပြောသည်။
"တက္ကသိုလ်တွေက ဆယ်တန်းအောင်စာရင်း ရမှတ်နဲ့ပဲ ရွေးအုံးမှာပါ။ နိုင်ငံတကာမှာက ဝင်ခွင့်လုပ်ရင်
တက္ကသိုလ်အမှတ်ကိုလည်း အခြေခံတယ်။ ဝင်ခွင့်လည်း ပြန်စီစစ်တယ်။ နှစ်ခုစလုံးကို ယူတယ်။
လောလောဆယ်တော့ ကျွန်တော်တို့ ဆယ်တန်းအမှတ်နဲ့ပဲ သွားအုံးမှာပါ"ဟု ၄င်းကပြောသည်။
လက်ရှိတွင် တက္ကသိုလ်များမှ စစ်ဆေးသော စာမေးပွဲများဖြေဆို၍ ကျောင်းလက်ခံသည့်စနစ်သို့
ပြောင်းရန်အတွက် သက်ဆိုင်ရာတက္ကသိုလ်အသီးသီး၏ ပဋိဉာဉ်များနှင့် အဆင့်မြင့်ပညာ နည်းဥပဒေ
လိုအပ်လျှက်ရှိသည်။
တက္ကသိုလ်တစ်ကျောင်းနှင့် တစ်ကျောင်း သဘောသဘာဝ မတူညီသည့်အတွက် တက္ကသိုလ်ပဋိဉာဉ်များ
လိုအပ်ခြင်းဖြစ်ပြီး၊ အဆိုပါပဋိဉာဉ်များကို အတည်ပြုရန်အတွက် အဆင့်မြင့်ပညာရေးဥပဒေလည်း
လိုအပ်ခြင်းဖြစ်သည်။
အမျိုးသားပညာရေးဥပဒေကို ၂ဝ၁၄ ခုနှစ် စက်တင်ဘာလ ၃ဝ ရက်နေ့တွင် အတည်ပြုခဲ့ပြီး၊
အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေသည် ၂ဝ၁၅ ခုနှစ် ဇွန်လ ၂၅ ရက်နေ့တွင်
ထပ်မံအတည်ပြုခဲ့သည်။
အမျိုးသား ပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေ ထွက်ရှိပြီး ၂ နှစ်နီးပါးကြာသည်အထိ ပညာရေးနှင့်
ပတ်သက်သည့် နည်းဥပဒေများ ထွက်ရှိလာခြင်း မရှိသေးပေ။
"ဥပဒေတစ်ခုကို အခုရေးလိုက်၊ ပြဌာန်းလိုက်၊ ပြန်ပြင်လိုက်ဆိုလို့ရှိရင်၊ လုပ်ငန်းဆောင်ရွက်တဲ့အခါမှာ
အခက်အခဲများစွာရှိတယ်။ နောက်တစ်ခုက ဥပဒေဆွဲတဲ့အခါ ဥပဒေပညာရှင်များလိုအပ်သလို
တစ်ဖက်ကလည်း Stakeholder လို့ခေါ်တဲ့ ပညာရေးပိုင်းက ဆရာ၊ ဆရာမတွေ၊ စီမံခန့်ခွဲပိုင်းဆိုင်ရာ
ပါမောက္ခတွေ၊ ကျောင်းအုပ်တွေ၊ မိဘတွေရဲ့အမြင်၊ ပညာရေးနဲ့ ဆက်နွယ်တဲ့လူတွေ
နောက်ဆုံးလုပ်ငန်းရှင်တွေ၊ ဝန်ထမ်းပိုင်းဆိုင်ရာတွေကအစ အကုန်လုံး ဥပဒေရေးဆွဲတဲ့အခါမှာ
ပေါင်းစပ်ညှိုနှိုင်းဖို့လိုတဲ့ အတွက်ကြောင့် အချိန်အသင့်အတင့်တော့ ယူရမှာဖြစ်တယ်"ဟု နည်းဥပဒေများ
မထွက်လာသေးသည့် အကြောင်းနှင့် ပတ်သက်ပြီး အမျိုးသားပညာရေးမူဝါဒကော်မရှင် ဥက္ကဋ္ဌ
ဒေါက်တာမျိုးမြင့်က မေလကုန်ပိုင်းက ကျင်းပသည့် ကျောင်းအပ်နှံရေး အခမ်းအနားအပြီးတွင်
သတင်းမီဒီယာများကို ဖြေကြားခဲ့သည်။















