ကြွက်များ အုပ်စုလိုက် ဝင်ရောက်ခြင်းမှာ သဘာဝဘေးအန္တရာယ်ဆိုးနှင့် သက်ဆိုင်ခြင်း မရှိဟုဆို

ကြွက်များ အုပ်စုလိုက် ဝင်ရောက်ခြင်းမှာ သဘာဝဘေးအန္တရာယ်ဆိုးနှင့် သက်ဆိုင်ခြင်း မရှိဟုဆို

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်ဒေသရှိ ကျေးရွာများသို့ ကြွက်ကောင်ရေ
သောင်းချီခန့် ဝင်ရောက်လာမှုမှာ သဘာဝဘေးအန္တရာယ် ကျရောက်မည့် နိမိတ်ဆိုးနှင့်
လုံးဝသက်ဆိုင်ခြင်း မရှိကြောင်းနှင့် အဆိုပါကြွက်များတွင် ပလိပ်ရောဂါဖြစ်စေနိုင်သည့်
သက်ရှိပိုးမွှားပါဝင်မှု မရှိဟု မြန်မာနိုင်ငံစိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲရုံးချုပ်မှ
ကြွက်ဂေဟဗေဒပညာရှင်ဖြစ်သူ ဒေါက်တာညိုမီထွေးက ဇွန်လ ၆ ရက်နေ့တွင် သူမ၏
ဖေ့ဘုတ်စာမျက်နှာမှတဆင့် သတင်းထုတ်ပြန်ပေးထားသည်။

ကြွက်များ အလုံးအရင်းဖြင့် ဝင်ရောက်ခဲ့သည့် ကျေးရွာများ ပတ်ဝန်းကျင်တွင် လွန်ခဲ့သည့်
နှစ်လဝန်းကျင်ခန့်က ဝါးသီးများ ကြွေကျခဲ့သဖြင့် ကြွက်များအတွက် အစာေရေစာပေါများမှု
ကြံုတွေ့ခဲ့ရသည်ဟု ဒေါက်တာညိုမီထွေးက ဆိုထားသည်။

ထိုကာလအတွင်း ပေါက်ဖွားခဲ့သည့် ကြွက်များမှာ ယခုအချိန်တွင် မိတ်လိုက်နိုင်သည့် အရွယ်သို့
ရောက်ရှိနေပြီး အစာရေစာ ရှားပါးလာသည့်အတွက် ကျေးရွာများသို့ အစာရှာထွက်ခြင်းဖြစ်သည်ဟု
ဒေါက်တာညိုမီထွေးက ၄င်း၏ သုတေသနပြုတွေ့ရှိချက်ကို ထုတ်ပြန်ပေးခဲ့သည်။

"သူတို့က ဝါးသီးတွေကို စားခဲ့တဲ့အတွက် ပေါက်ဖွားမှုနှုန်းက နှစ်ဆထိဖြစ်ခဲ့ပြီး အစာပြတ်လပ်ခဲ့တယ်။
ဒါကြောင့် ရွာဘက်တွေကို အစာရှာဖို့ ရောက်လာကြတာ" ဟု ကွင်းဆင်းသုတေသနပြုရာတွင်
ပါဝင်ခဲ့သည့် ပုသိမ်ခရိုင် စိုက်ပျိုးရေးဦးစီးမှူး ဦးစိန်မောင်မြင့်က မြန်မာတိုင်း(မ်)ကို ဇွန်လ ရ ရက်က
ပြောခဲ့သည်။

လက်ရှိတွင် ကြွက်များဝင်ရောက်ခဲ့သည့် ကျေးရွာများတွင် ကြွက်မှတစ်ဆင့်ကူးဆက်နိုင်သည့်
ရောဂါများအကြောင်း အသိပညာပေးခြင်းများနှင့် ဒေသရှိ စိုက်ပျိုးသီးနှံများ ဖျက်ဆီးခံရမှုမရှိရန်အတွက်
ကြွက်နှိမ်နှင်းရေးအစီအမံများကို ဌာနဆိုင်ရာများဖြင့် ပူးပေါင်းပြီး အသိပညာပေးမှုများ
လုပ်ဆောင်နေသည်ဟုလည်း ၄င်းကပြောသည်။

"အခု ရွာထဲမှာတော့ ကြွက်ကောင်ရေ နည်းသွားပြီ။ အခုသူတို့က တောထဲဘက်ကို
ပြောင်းသွားကြတယ်။ နောက် ရွာသားတွေ စိုက်ထားတဲ့ သီးနှံမျိုးစေ့တွေအကုန်လုံး
ဖော်စားသွားကြတယ်" ဟု ကြွက်များအဦးဆုံး ဝင်ရောက်ခြင်းခံခဲ့ရသည့် ဇီးချိုင်ကျေးရွာမှ
အုပ်ချုပ်ရေးမှူး ဦးတင်လှိုင်က မြန်မာတိုင်း(မ်)ကို ပြောသည်။

ကြွက်များ ဖျက်ဆီးစားသောက်ခဲ့မှုများကြောင့် ကျေးရွာသားများ မျိုးစေ့ချစိုက်ပျိုးထားသည့်
မြေပဲ၊ ပြောင်းနှင့် ပဲတောင့်ရှည်အပါအဝင် ပဲစိုက်ခင်းပေါင်း ၁ဝ ဧကခန့် ပျက်စီးဆုံးရှုံးခဲ့ရသည်ဟုလည်း
ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်လှိုင်ကပြောခဲ့သည်။

အဆိုပါ ဇီးချိုင်ကျေးရွာသို့ ရာဂဏန်းခန့်ရှိသည့် ကြွက်များက ဇွန်လ ၂ ရက်နေ့တွင်
စတင်ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး၊ ဇွန်လ ၄ ရက်နေ့တွင် ကြွက်များ သောင်းချီအထိ ဝင်ရောက်ခဲ့ကာ
ကျေးရွာအတွင်းရှိ ဝါးပင်များ၊ ဒညင်းသီးပင်များနှင့် သစ်ရွက်များကို ကိုက်ဖြတ်စားသောက်ခဲ့ကြသည်
ဟုလည်း ဒေသခံများက ဆိုသည်။

လက်ရှိတွင် အဆိုပါကြွက်များကို ထိရောက်စွာနှိမ်းနှင်းနိုင်ရေးအတွက် ကြွက်သတ်ပေးသူများအား
တစ်ကောင်လျှင် ၅ဝ ကျပ်နှုန်းပေး ဝယ်ယူပြီး၊ကြွက်များအားမီးရှို့ဖျတ်ဆီးမြေမြုပ်မှုများ ပြုလုပ်နေရလျက်
ရှိသည်ဟုလည်း ဇီးချိုင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်လှိုင်က ပြောသည်။

"အခု ကြွက်တွေက ကျွန်တော်တို့ရွာဘက်ကို ဆက်ရောက်လာနေတယ်။ သူတို့က နေ့ခင်းဘက်ကြရင်
လုံးဝရှာမတွေ့ဘူး။ ညဘက်ကြမှ အပြင်ထွက်ကြတယ်။ ဒါကြောင့်ညဘက်တွေ ကင်းလှည့်ရှာပြီး
လိုက်သတ်နေရတယ်" ဟု ကံချိုင်ကျေးရွာမှ ကိုသန်းထွေးက မြန်မာတိုင်းမ်ကို ဇွန်လ ရ ရက်က
ပြောသည်။

လက်ရှိတွင် အဆိုပါကြွက်များကို မြစ်ကြောင်းအတွင်း ရေပြင်တွင်ပါ ကူးခတ်သွားလာနေကြသည်ကို
တွေ့ရှိနေရသည်ဟု ကိုသန်းထွေးက ပြောသည်။

အဆိုပါ ကြွက်များ သောင်းချီရောက်ရှိလာမှုကြောင့် သဘာဝဘေးအန္တရာယ်ဖြစ်သည့် မုန်တိုင်း၊
ရေကြီးမှုနှင့် မြေငလျင်တို့၏ ရှေ့ပြေးနိမိတ်ဖြစ်မည်ဟုလည်း ကျေးရွာသားများက ကနဦးတွင်
စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။

ဇွန်လ ရ ရက်နေ့ နံနက်ပိုင်း ကွင်းဆင်းစစ်ဆေးချက်များအရ ပင်လယ်ကမ်းစပ်များတွင်
ရောက်ရှိနေသည့် ကြွက်များ၏ ဝမ်းတွင်းတွင် ခရုနှင့် ဂုံးအစများ ထပ်မံတွေ့ရှိခဲ့ရသည်ဟုလည်း
ကြွက်ဂေဟဗေဒပညာရှင် ဒေါက်တာညိုမီထွေးက ဇွန်လ ရ ရက်တွင် ထပ်မံသတင်းထုတ်ပြန်
ပေးခဲ့သည်။

အဆိုပါ ကြွက်များ အကြိုက်နှစ်သက်ဆုံး အစားအစာမှ နှံစားသီးနှင့်များနှင့် အစေ့အဆံများ
ဖြစ်သော်လည်း အစားအစာ မရရှိပါက ကြံုရာကို စားသောက်ပြီးအသက်ရှင်သန်နိုင်အောင်
ကြိုးစာနေထိုင်သည့် အလေ့ထရှိကြောင်းနှင့် အဆိုပါတွေ့ရှိချက်သည် ယမန်နေ့က
ကောက်ချက်ချခဲ့သည့် အစာရေစာပြတ်တောက်သဖြင့် ရောက်ရှိလာသည်ဆိုသည့် အချက်ကို
အတည်ပြုပေးသည့် တွေ့ရှိချက်ဖြစ်သည်ဟုလည်း ဒေါက်တာညိုမီထွေးက
ထုတ်ပြန်ကြေညာပေးခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး