မြန်မာအလုပ်သမား ခုနစ်ဦး ထိုင်းနိုင်ငံရှိ ကြံစိုက်ခင်းတစ်ခုသို့ ရောင်းစားခံရ

မြန်မာအလုပ်သမား ခုနစ်ဦး ထိုင်းနိုင်ငံရှိ ကြံစိုက်ခင်းတစ်ခုသို့ ရောင်းစားခံရ

ထိုင်းနိုင်ငံ၊ ကချနာဘူရီစီရင်စုနယ်မြေအတွင်းရှိ ကြံစိုက်ခင်းတစ်ခုသို့ ရောင်းစားခြင်းခံရပြီး၊
လုပ်ခလစာများ မရရှိဘဲ အလုပ်လုပ်ကိုင်ပေးနေရသည့် မြန်မာအလုပ်သမား ခုနစ်ဦးကို၊
ထိုင်းအထူးစုံစမ်းစစ်ဆေးရေး ရဲအရာရှိများဖြင့် ပူးပေါင်းပြီး ဇွန်လ ရ ရက်က သွားရောက်
ကယ်ဆယ်နိုင်ခဲ့သည်ဟု သတင်းအရ ကူညီပေးခဲ့သည့် ထိုင်းနိုင်ငံအခြေစိုက် အေအေစီအဖွဲ့နှင့်
မြန်မာသံရုံးတာဝန်ရှိ သူတို့က မြန်မာတိုင်း(မ်)ကို ဇွန်လ ၈ ရက်တွင်ပြောသည်။

"အလုပ်သမားတွေက ထိုင်းက သကြားစက်မှာ အလုပ်ကောင်းကောင်းရမယ်ဆိုပြီး၊တရားမဝင်လမ်းကြောင်းကနေ ခေါ်လာတာ၊ ဒီရောက်တော့မှ ကြံစိုက်ခင်းမှာ ရောင်းစားခံထားရတာ။ လုပ်အားခလည်းမရကြဘူး။ဖုန်းတွေအကုန်လုံးလည်းသိမ်းဆည်း ခံထားရပြီးထွက်မပြေးအောင်လည်းအမြဲတမ်းစောင့်ကြည့်ခံထားရတယ်" ဟု မြန်မာသံရုံး၏ စီစဉ်ညွှန်ကြားမှုဖြင့် ထိုင်းအာဏာပိုင်းများဖြင့် ပူးပေါင်းကယ်ဆယ်ပေးခဲ့သည့် အေအေစီအဖွဲ့မှ ကိုရဲမင်းက မြန်မာတိုင်း(မ်)ကို ဇွန်လ ၈ ရက်က ပြောသည်။

ရောင်းစားခံရသူများတွင် မြန်မာအလုပ်သမား (၅)ဦးမှာ ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊စပ်စုကျေးရွာမှ
ဖြစ်ပြီး အခြား ၂ ဦးမှာ တောင်ငူမြို့နယ်၊ ထန်းတပင် ကျေးရွာမှ ရွာသားများ ဖြစ်သည်ဟု
၄င်းက ပြောသည်။

အဆိုပါ မြန်မာအလုပ်သမား ခုနစ်ဦးကို အသက် ၃ဝ ခန့်အရွယ်ရှိ မြန်မာအမျိုးသားတစ်ဦးက
ထိုင်းနိုင်ငံတွင်းသို့ ခေါ်ဆောင်လာပြီးနောက် တောတွင်းတစ်နေရာရှိ ကြံုစိုက်ခင်းတစ်ခုထံ
ရောင်းစားခဲ့ခြင်းဖြစ်သည်ဟုလည်း အေအေစီအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ထို့နောက် ပွဲစားဖြစ်သူများက အသက် ၁၉ နှစ်မှ ၂၂ နှစ်အရွယ်အတွင်းရှိ မိန်းကလေးအလုပ်သမား
၃ ဦးကို ပြည့်တန်ဆာရုံသို့ လည်းကောင်း၊ အသက် ၂ဝ မှ ၂၉ နှစ်အတွင်းရှိသည့် ယောကျာ်းလေး
အလုပ်သမား ၄ ဦးကို ငါးဖမ်းစက်လှေများသို့ ပို့ဆောင်ပစ်မည်ဟု ပြောဆိုမှုများရှိသဖြင့်
ထွက်ပြေးခဲ့ခြင်းဖြစ်သည်ဟုလည်း အေအေစီက ဆိုထားသည်။

ထို့နောက် ဝှက်ယူထားသည့် ဖုန်းတစ်လုံးဖြင့် အေအေစီအဖွဲ့ထံသို့ ကူညီကယ်ဆယ်ပေးရန်
ဆက်သွယ်အကြောင်းကြားခဲ့သဖြင့်၊ မြန်မာသံရုံးသို့ သတင်းပို့ပြီး ထိုင်းနိုင်ငံ လူဝန်မှုကြီးကြပ်ရေးဌာန၊
အထူးစုံစမ်းရေး ရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်းပြီး သွားရောက်ကယ်ထုတ်ပေးခဲ့သည်ဟု သိရသည်။

"ထိုင်းမှာက လူကုန်ကူးမှုဖြစ်ရင် ကုန်ကူးခံရသူတွေဟာ ထိန်းသိမ်းရေးစခန်းမှာ
အကြာကြီးနေရလေ့ရှိတယ်။ ကလေးတွေကလည်း အိမ်ပြန်ချင်ကြတယ်ဆိုတော့ ထိုင်းဘက်မှ
လူကုန်ကူးခံရတယ်ဆိုတဲ့ အမှုကို ဖျောက်ထားပြီး သူတို့ အိမ်ပြန်လို့ ရအောင် စီစဉ်ပေးခဲ့တယ်။
မြန်မာပြည်ပြန်ရောက်မှ လူကုန်တားအဖွဲ့နဲ့ ပူးပေါင်းပြီး လူကုန်ကူးတယ်ဆိုတဲ့ ပွဲစားတွေကို
လိုက်ရမှာပါ" ဟု အေအေစီအဖွဲ့ဝင် ကိုရဲမင်းက ပြောသည်။

အလုပ်သမားများမှာ အဆိုပါ ကြံစိုက်ခင်းသို့ လွန်ခဲ့သည့် ၂ လကျော်ခန့်တွင် မြန်မာပြည်မှ
ခေါ်ဆောင်လာခြင်း ခံရပြီး အလုပ်လုပ်ကိုင်နေရခြင်းလည်း ဖြစ်သည်။

ကြံစိုက်ခင်းသို့ ရောင်စားခြင်းခံရသည်ဆိုသည့် မြန်မာအလုပ်သမား ခုနစ်ဦးကို မြန်မာနိုင်ငံဘက်သို့
ပြန်လည်ပို့ဆောင်ပေးလိုက်ပြီဖြစ်ကြောင်းနှင့် ထိုင်းနိုင်ငံအာဏာပိုင်များကလည်း အဆိုပါအမှုကို
လူကုန်ကူးမှုဖြင့် အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်နေသည်ဟု မြန်မာသံရုံးတာဝန်ရှိသူက
မြန်မာတိုင်း(မ်)ကို ဇွန်လ ၈ ရက်က အတည်ပြုပြောခဲ့သည်။

"ထိုင်း ဒီအက်အိုင်ကနေ ကယ်ထားတယ်လို့တော့ သတင်းရထားတယ်။ ဒါပေမယ့် ထိုင်းဘက်ကနေ
တရားဝင်ပေးပို့ လာတာတော့ မရှိသေးဘူး။ နောက်တစ်ခုက သူတို့နိုင်ငံထဲမှ လူကုန်ကူးမှုအဖြစ်
သက်မှတ်ထားတာ မရှိသေးဘူး။ နယ်စပ်ကနေ ပြန်လွှတ်မယ်လို့တော့ သိထားတယ်။ ကလေးတွေ
ပြန်ရောက်လာမှ နယ်မြေတပ်ဖွဲ့နဲ့ စစ်ဆေးပြီး ပေါ်ပေါက်ချက်အတိုင်း ဥပဒေနဲ့အညီ
အရေးယူရမှာပါ"ဟုလည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးတပ်ဖွဲ့မှ
ဒုရဲမှူးကြီးသက်နောင်က မြန်မာတိုင်း(မ်)ကို ဇွန်လ ၉ ရက်က ပြောခဲ့သည်။

အဆိုပါ ဖြစ်စဉ်နှင့် ပက်သက်ပြီး အလုပ်သမားများ နေထိုင်ရာ ဇာတိမြို့ဖြစ်သည့် ဝေါမြို့နယ်
အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ ဆက်သွယ်မေးမြန်းခဲ့ရာ အဆိုပါဖြစ်စဉ်အား သိရှိထားခြင်း
မရှိသေးကြောင်း တာဝန်ရှိသူတစ်ဦးက ပြန်လည်ဖြေကြားခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး