သတင်းမီဒီယာများ၏ လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့်အတွက် ဆက်သွယ်ရေးဥပဒေ
ပုဒ်မ ၆၆(ဃ)ကို ပြင်ဆင်ခြင်း သို့မဟုတ် ဖျက်သိမ်းပေးရန် လိုအပ်ကြောင်း ပဲန်မြန်မာအဖွဲ့က
ဇွန်လ ၉ ရက်နေ့တွင် ထုတ်ပြန်တောင်းဆိုလိုက်သည်။
နိုင်ငံတကာသတင်းမီဒီယာသမားများ လွတ်လပ်ခွင့်အတွက် ဆောင်ရွက်လျက်ရှိသည့်
Committee for Protect Journalists(CPJ) အဖွဲ့ နှင့် ပဲန်မြန်မာ(Pen Myanmar) အဖွဲ့တို့
ပူးတွဲကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်ကို
ကာကွယ်ရန်၊ မြှင့်တင်ရန် ကြိုးပမ်းနေကြသည့် သတင်းမီဒီယာအဖွဲ့အစည်းများ၏ လုပ်ပိုင်ခွင့်ကို
ထောက်ခံကြောင်း၊ ဆက်သွယ်ရေးဥပဒေ ပြင်ဆင်ရေးနှင့် ပုဒ်မ ၆၆ (ဃ) ကို အမြန်ဆုံး
ဖျက်သိမ်းပေးသင့်ကြောင်း အစိုးရတာဝန်ရှိသူများနှင့် ဥပဒေပြုလွှတ်တော်များကို တိုက်တွန်းကြောင်း
ထုတ်ပြန်ထားသည်။
"ကျွန်တော်တို့ရဲ့ လုပ်ဆောင်မှုတွေကို ဒီထက်ပိုပြီး အရှိန်အဟုန်မြှင့်ဖို့ လိုလိမ့်မယ်လို့
ပြောချင်ပါတယ်" ဟု ပဲန်မြန်မာအဖွဲ့ ဥက္ကဌ ဦးမျိုးမြင့်ညိမ်းက ဇွန်လ ၉ ရက်နေ့က ပြုလုပ်သည့်
သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
ယင်းဆက်သွယ်ရေးဥပဒေပါ ပုဒ်မ ၆၆(ဃ)သည် ကာယကံရှင်မဟုတ်သော
ကြားလူတစ်ဦးတစ်ယောက်မှ တရားစွဲဆိုနိုင်ခြင်း၊ သတင်းမီဒီယာသမားများကို ချက်ခြင်းဖမ်းဆီး
ချုပ်နှောင်နိုင်ခြင်း၊ အာမခံရရှိရန် ခက်ခဲခြင်း စသည့် အချက်များကြောင့် လွတ်လပ်စွာ
ရေးသားထုတ်ဖော်ပြောဆိုခွင့်ကို ထိခိုက်သည့်အပြင် သတင်းမီဒီယာ လွတ်လပ်ခွင့်ကို
ထိန်းချုပ်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း CPJ အဖွဲ့ နှင့် ပဲန်မြန်မာအဖွဲ့တို့သည် နေပြည်တော်ရှိ အစိုးရအဖွဲ့
တာဝန်ရှိသူများ၊ ဥပဒေပြုရေးအဖွဲ့အစည်းများနှင့် သွားရောက်တွေ့ဆုံခဲ့စဉ် ပုဒ်မ ၆၆(ဃ)ကို
ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပြီး သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ထိပါးနေသည့်
ဥပဒေများကို ပြင်ဆင်ရန် ဆွေးနွေးခဲ့သည်။
"ကျွန်မတို့ နိုင်ငံတကာအဖွဲ့အစည်းအနေနဲ့ သတင်းတွေ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့
ပတ်သက်ပြီး စောင့်ကြည့်လေ့လာနေပါတယ်။ အခု ပုဒ်မ ၆၆(ဃ)ကတော့ အလွန်ဆိုးပါတယ်၊
ဒါကို ဖျက်သိမ်းတာ ပြင်ဆင်တာတွေ ပြုလုပ်သင့်ပါတယ်။ အထူးသဖြင့် ထောင်ချနိုင်တဲ့
ဥပဒေပုဒ်မတွေကို မဖြစ်မနေ ပယ်ဖျက်ပစ်ရမယ်။ ဒါမှသာ သတင်းမီဒီယာတွေအနေနဲ့
အကြောက်တရား ကင်းစွာနဲ့ လွတ်လပ်စွာ ရေးသားနိုင်မှာ ဖြစ်ပါတယ်" ဟု CPJ အဖွဲ့
ဥက္ကဌ မစ္စကတ်သလင်းကာရိုက ပြောသည်။
မြန်မာနိုင်ငံသို့ CPJ အဖွဲ့မှာ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဝင်များအဖြစ် CPJ အဖွဲ့ ဥက္ကဌ
မစ္စကတ်သလင်းကာရို၊ အကြီးတန်းအကြံပေးပညာရှင် မစ္စတာဆန်ဒရာမင်းမ်ရို၀ီ နှင့်
အမှုဆောင်ဒါရိုက်တာ ဂျိုးဆိုင်မွန် နှင့် အာရှပရိုရမ်ပူးဆွဲအရာရှိ စတီဗင်ဘတ္တလာ၊ အရှေ့တောင်အာရှ
အကြီးတန်းကိုယ်စားလှယ် ရှောန်ခရစ္စပင်း တို့ ပါ၀င်သည်။
"ကျွန်မတို့ နိုင်ငံတစ်နိုင်ငံကို တစ်နှစ်တစ်ခါ သွားပေမယ့် အဆင့်မြင့်ကိုယ်စားလှယ်တွေ ပါ၀င်တဲ့
အဖွဲ့အနေနဲ့ လာရောက်တာ အင်မတန် ရှားပါတယ်"ဟု ဥက္ကဌ မစ္စကတ်သလင်းကာရိုက ပြောသည်။
ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) သည် ဥပဒေအရ ရာဇဝတ်ကြောင်းအရ
အပြစ်ပေးနိုင်ခြင်းများကြောင့် တလွဲအသုံးပြုမှုများ ဖြစ်စေနိုင်ကြောင်း အမြဲတမ်းအတွင်းဝန်
ဦးမျိုးမြင့်မောင်က ပြောကြားခဲ့ကြောင်း၊ မြန်မာအစိုးရအဖွဲ့ တာဝန်ရှိသူများက သတင်းမီဒီယာများအား
တရားစွဲဆို ထောင်ချရန် အသုံးပြုနေသော ဥပဒေများကို ပြင်ဆင်ရန် ကတိပြုခဲ့ကြောင်း
ပဲန်မြန်မာအဖွဲ့က ထုတ်ပြန်ထားသည်။
ဆက်သွယ်ရေးဥပဒေပုဒ်မနှင့် ပတ်သက်ပြီး ၂၀၁၆ ခုနှစ် ဧပြီလမှ စတင်ကာ ပုဒ်မ ၆၆(ဃ) ဖြင့်
တရားစွဲဆိုထားသည့် အမှုပေါင်း ၆၁ ခုရှိသည့်အနက် သတင်းမီဒီယာသမားများအပေါ် စွဲဆိုထားသည့်
အမှု ၉ ခု ရှိပြီး ၁၄ ဦးခန့် တရားရင်ဆိုင်နေရသည်။















