Y-8 လေယာဉ်ပျက်ကျသည့် ဖြစ်နိုင်ချေအကြောင်းအရင်း သုံးခုရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပြော

Y-8 လေယာဉ်ပျက်ကျသည့် ဖြစ်နိုင်ချေအကြောင်းအရင်း သုံးခုရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပြော

Y-8 200F အမျိုးအစား၊ လေယာဉ်အမှတ် ၅၈၂၀၊ တပ်မတော်သယ်ယူပို့ဆောင်ရေးလေယာဉ်၏
ဇွန်လ ရ ရက်နေ့က ပျက်ကျခဲ့သည့် ဖြစ်နိုင်ချေ အကြောင်းရင်း သုံးခုရှိကြောင်း
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇွန်လ ၁၀ ရက်နေ့တွင်
ပြောကြားလိုက်သည်။

“ဖြစ်နိုင်ချေ သုံးခုကို ပြောပါတယ်၊ တစ်ချက်ကတော့ လေယာဉ်ရဲ့ စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတစ်ခုပေါ့၊
နောက်တစ်ခုက ပေါက်ကွဲပစ္စည်းတစ်ခုခုနဲ့ ဖြစ်သလား၊ နောက်တစ်ခုက ပိုင်းလော့က Error ပေါ့၊
အဲ့ဒါနဲ့ ဖြစ်သလားပေါ့၊ ဒီလိုလည်း တွက်ကြပါတယ်” ဟု ဇွန်လ ၁၀ ရက်နေ့က
နေပြည်တော်တိုင်းစစ်ဌာနချုပ်တွင် ပြုလုပ်သည့် လေယာဉ်ပျက်ကျသေဆုံးသူများ၏
ကျန်ရစ်သူမိသားစုဝင်များအတွက် အလှူငွေပေးအပ်ပွဲ၌ ၄င်းက ပြောသည်။

ဖြစ်နိုင်ချေ သုံးခုအနက် စက်ချို့ယွင်းသည့်အတွက်ကြောင့် ဖြစ်နိုင်ချေသည် အင်မတန်
နည်းပါးသော်လည်း ထိုသို့ မဖြစ်နိုင်ဘူးဟု ပြော၍ မရကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က
ဆိုသည်။

“စက်ပိုင်းဆိုင်ရာချို့ယွင်းတာ ဖြစ်ဖို့ဆိုတာ လေယာဉ်ကလည်း ကျွန်တော်တို့ အကြိမ်ပေါင်းများစွာ
သုံးခဲ့တယ်၊ အရင် သူ့ထက်စောပြီးရောက်တဲ့ လေယာဉ်အမျိုးအစားတွေလည်း ကျွန်တော်တို့ဆီမှာ
ရှိပါတယ်၊ ကျွန်တော်တို့ တော်တော်ကို အသုံးများခဲ့တဲ့ဟာ(ပျက်ကျလေယာဉ်)လို့ ပြောရမယ်” ဟု
၄င်းက ပြောသည်။

လေယာဉ်ပျက်ကျပြီးနောက် တပ်မတော်က အတည်ပြုထားခြင်း မရှိသည့် ဂတ်စ်အိုးပေါက်ကွဲမှုကြောင့်
ပျက်ကျခြင်းဖြစ်သည်ဆိုသော သတင်းတစ်ခု ပြည်တွင်း ပုဂ္ဂလိကအွန်လိုင်းသတင်းဌာနတစ်ခု၏
ဖေ့စ်ဘုတ်စာမျက်နှာတွင် ဖော်ပြခဲ့ခြင်းအတွက် ပြင်းထန်စွာရှုပ်ချကြောင်း ကာကွယ်ရေးဦးစီးချုပ်က
ထည့်သွင်းပြောကြားသည်။

“အချို့ကန့်သတ်ချက်ကတော့ အချို့လေယဉ်ကွင်းမှန်သမျှ ကျွန်တော်တို့ ဒီလေယာဉ်ကို သုံးပါတယ်၊
သဘောကတော့ အင်ဂျင်နှစ်လုံးနဲ့ မောင်းလို့ရပါတယ်၊ အင်ဂျင် ၁၄ လုံးတပ် လေယာဉ်ဖြစ်ပါတယ်၊
နှစ်လုံးနဲ့ မောင်းလို့ရတဲ့အတွက် ထားဝယ်လေဆိပ်နဲ့ဆိုရင် မိုင် ၂၀ ပဲ ဝေးတဲ့အတွက်ကြောင့်
အကြောင်းတစ်ခုခုကြောင့် သူ့အတွက် အခက်အခဲဖြစ်တယ်ဆိုရင်တောင်မှ ချက်ချင်းညာကွေ့ပြီးတော့
ထားဝယ်လေဆိပ်ကို ဆင်းမယ်ဆိုရင် နာရီဝက်အတွင်း ရောက်သွားနိုင်ပါတယ်” ဟု
၄င်းက ပြောသည်။

လေယာဉ်ပျက်သည့် ဖြစ်စဉ်နှင့် ပတ်သတ်သည့် အဖြေကို အမြန်ဆုံးသိရှိလိုနေသည့်အတွက်
အကူအညီပေးရန် ကမ်းလှမ်းထားမှုများလည်း ရှိသည်ဟု ကာကွယ်ရေးဦးစီးချုပ်က ဆိုသည်။

“ဒီဖြစ်စဉ်နဲ့ပတ်သတ်ပြီးတော့ ကျွန်တော်တို့အနေနဲ့လည်းပဲ တော်တော်ကို စိတ်မကောင်း
ဖြစ်ရပါတယ်၊ တပ်မတော်သမိုင်းမှာလည်း တစ်ခါမှ မရှိပါဘူး၊ အဆိုးရွားဆုံးသော ဘယ်လိုမှ
မမျှော်မှန်းတဲ့၊ အိပ်မက်တောင် မမက်ခဲ့တဲ့ ဒါကို ဖြစ်ခဲ့ပါတယ်၊ ဒါကြောင့် ကျွန်တော်တို့လည်း
ခံစားရပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

ယခုပျက်ကျခဲ့သည့် Y- 8 200F၊ လေယာဉ်အမှတ် ၅၈၂၀ လေယာဉ်သည် ၂၀၁၆ ခုနှစ်၊ မတ်လက
နောက်ဆုံးဝယ်ယူထားခြင်းဖြစ်ပြီး တရုတ်နိုင်ငံထုတ် လေယာဉ်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော သဘာဝဘေးအန္တရာယ်များကြောင့် ကယ်ဆယ်ရေးလုပ်ငန်း
အတွက်လည်း အများဆုံး အသုံးပြုခဲ့သည့် လေယာဉ်တစ်စီးလည်းဖြစ်သည်။

“ဒီကို(အလှူငွေပေးအပ်ပွဲ) မလာခင်မှာပဲ သတင်းအရင်းအမြစ်တစ်ခုရပါတယ်၊
လေယာဉ်ပျက်ကျတယ်လို့ ယူဆရတဲ့ အနီးမှာ နောက်ထပ်အထောက်အထားတွေ တွေ့တယ်လို့
သတင်းတစ်ခုရပါတယ်၊ ကျွန်တော်ထင်ပါတယ်၊ အဲ့ဒါမှန်မယ်ဆိုလို့ရှိရင်တော့ လေယာဉ်ကို
တွေ့မယ်လို့ ယူဆပါတယ်၊ သို့သော်လည်းပဲ တွေ့မှပဲ ပြောလို့ရမှာ ဖြစ်ပါတယ်” ဟု
တပ်မတော်ကာကွယ်ရေးဦးစီချုပ်က ပြောသည်။

လေယာဉ်သည် ရာသီဥတုဆိုးရွားမှုကြောင့် ပျက်ကျရခြင်းလည်း ဖြစ်နိုင်ပြီး လေယာဉ်ကို မတွေ့မချင်း
အစွမ်းကုန် ဆက်လက်ရှာဖွေသွားမည်ဟု ၄င်းက အလှူငွေပေးအပ်ပွဲအပြီး သတင်းမီဒီယာများကို
ပြောသည်။

လေယာဉ်ပျက်ကျမှုတွင် ပါ၀င်သွားသူများ၏ ကျန်ရစ်သူမိသားစုဝင်များအတွက်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးဒေါ်ကြူကြူလှမိသားစုက ငွေကျပ် ၁၂၂သိန်းနှင့်
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး(ငြိမ်း)နှင့်
ဇနီး ဗိုလ်မှူးဒေါ်မြမြစန်း(ငြိမ်း) မိသားစုက ငွေကျပ် သိန်း ၃၀၀ အပါအဝင် တပ်မတော်အရာရှိကြီးများ
မိသားစု၊ ဒုတိယတပ်မတော်အရာရှိချုပ်များနှင့် မိသားစုများနှင့် တိုင်း၊ တပ်မတော်များမှ အရာရှိ၊
စစ်သည်၊ မိသားစုများကလည်း လှူဒါန်းခဲ့ကြရာ စုစုပေါင်း လှူဒါန်းငွေမှာ ၉၉၀၈ သိန်းကျော် ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး