တီဘီရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများကိုအားဖြည့်ကူညီပေးနိုင်ရန် တီဘီရောဂါလူနာများကို ကွင်းဆင်း
ရှာဖွေကုသရာတွင်အထောက်အကူပေးနိုင်မည့် ရွေ့လျားဓာတ်မှန်ယာဉ်နှစ်စီးကို ကျန်းမာရေးနှင့်
အားကစားဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်လှူဒါန်းခဲ့ကြောင်း ထောင်စုနှစ်ဖွံ့ဖြိုးတိုးတက်ရေး
ရည်မှန်းချက် သုံးမျိုးရန်ပုံငွေ (3MDG) ကသတင်းထုတ်ပြန်သည်။
တီဘီရောဂါကွင်းဆင်းရှာဖွေကုသရေးယာဉ်နှစ်စီးကို ဇွန် ၁၂ ရက်က နေပြည်တော်တွင် ကျန်းမာရေးနှင့်
အားကစားဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီဖြစ်ပြီး အဆိုပါယာဉ်များသည် နိုင်ငံအနှံ့သို့
သွားရောက်ပြီး တီဘီရောဂါစမ်းသပ်စစ်ဆေးခြင်းများကို ဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်ဟု အဆိုပါ
အဖွဲ့အစည်းက ထုတ်ပြန်သည်။
ရွေ့လျားဓာတ်မှန်ယာဉ်နှစ်စီးအတွက် အမေရိကန်ဒေါ်လာ ငါးသိန်းခန့်ကုန်ကျပြီး တီဘီရောဂါ
သံသယရှိသူများကို ရောဂါရှာဖွေစမ်းသပ်ပေးခြင်း၊ ရင်ခေါင်းဓာတ်မှန်ရိုက်ခြင်းများကို
တစ်ချိန်တည်းမှာပင် ပြုလုပ်နိုင်မည်ဖြစ်ကာ စစ်ဆေးမှုရလဒ်များကိုလည်း ချက်ချင်းသိရှိနိုင်မည်
ဖြစ်ကြောင်း 3MDG မှ သိရသည်။
ထို့ပြင် ယာဉ်ပေါ်တွင် မီးစက်၊ဘက်ထရီအပိုနှင့် ဆိုလာပြားများ တပ်ဆင်ထားပြီးလိုအပ်ပါက
မြန်မာနိုင်ငံ၌ပင် အလွယ်တကူပြုပြင်နိုင်မည်ဖြစ်ကာ ဓာတ်ခွဲခန်းအသုံးပြုမည့် ပညာရှင်များကို
လည်း ယာဉ်ထုတ်လုပ်သူများက အသုံးပြုနည်းများကို သုံးရက်တာသင်တန်းပေးသွားမည်ဖြစ်
သည်ဟု သိရသည်။
''ဒီယာဉ်ကြီးတွေကိုအသုံးပြုပြီး တီဘီရောဂါကိုတိုက်ဖျက်ရာမှာ ပိုပြီးထိရောက်တဲ့ ကုသမှုတွေပေးနိုင်ဖို့
မျှော်လင့်ပါတယ်'' ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းဝင်းက
လွှဲပြောင်းပေးအပ်ပွဲတွင် ပြောကြားသည်။
အဆိုပါယာဉ်များကို အသုံးပြုခြင်းအားဖြင့် တီဘီရောဂါထိန်းချုပ်ရေး အမျိုးသား မဟာဗျူဟာစီမံချက်
တစ်ခုဖြစ် သော တီဘီရောဂါလူနာ ကွင်းဆင်းရှာဖွေခြင်း လုပ်ငန်းစဉ်ကို ပိုမိုထိရောက်စေမည်ဖြစ်သည်။
''တီဘီရောဂါသံသယရှိတဲ့သူတွေက စစ်ဆေးကုသမှုတွေကို ဒီယာဉ်ပေါ်မှာပဲ တစ်နေရာတည်း
ရရှိနိုင်မှာပါ။ ဒီယာဉ်ပေါ်မှာစစ်ဆေးစမ်းသပ်ပေးမယ့် ပစ္စည်းကိရိယာတွေလည်းပါတယ်။ နေရာအနှံ့
အပြားကို အလွယ်တကူ သွားလို့ရတဲ့အတွက် တကယ်လိုအပ်နေသူတွေအတွက် ကျန်းမာရေး
စောင့်ရှောက်မှုကို တိုးမြှင့်ပေးနိုင်မှာဖြစ်ပါတယ်'' ဟု 3MDG မှပြန်ကြားဆက်သွယ်ရေးတာဝန်ခံ
ဒေါ်ယမုံဖူးသစ်က ပြောသည်။
3MDG အနေဖြင့် ဆင်ခြေဖုံးဒေသများနှင့် ရွှေ့ပြောင်းနေထိုင်သူများ တီဘီရောဂါရှာဖွေစစ်ဆေးနိုင်ရန်
ကူညီပေးနေပြီး အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေးစီမံချက်မှ စီမံခန့်ခွဲသည့် တီဘီရောဂါကွင်းဆင်း
ရှာဖွေရေး အဖွဲ့ကိုးဖွဲ့ကိုလည်းပံ့ပိုးကူညီပေးနေကာ အကျဉ်းထောင်သားများ၊ ဝေးလံခေါင်ဖျား
ဒေသများတွင် နေထိုင်သူများနှင့် အိပ်ချ်အိုင်ဗီရောဂါရှိသူများတွင် တီဘီရောဂါစစ်ဆေး ကုသခြင်း
လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်ဟု ဆိုသည်။
ထို့ပြင် 3MDG က လူနာများဆေးယဉ်ပါးတီဘီကုသမှုကို မပြတ်ခံယူနိုင်စေရန် အမျိုးသားတီဘီရောဂါ
တိုက်ဖျက်ရေးစီမံချက်ကို ပ့ံပိုးပေးလျက်ရှိပြီး တီဘီပြင်ပလူနာဌာနနှစ်ခုနှင့် ဇီဝလုံခြံုမှုအဆင့် (၃)
ဓာတ်ခွဲခန်းကို ရန်ကုန်နှင့်မန္တလေးမြို့တို့တွင် တည်ဆောက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတွင် တီဘီရောဂါသည်ပြည်သူ့ကျန်းမာရေးပြဿနာတစ်ခုအဖြစ်ရှိနေဆဲဖြစ်ပြီး အသက်
၁၅ နှစ်မှ ၄၉ နှစ်အရွယ်များတွင်အများဆုံးကူးစက်ဖြစ်ပွားနေသည်။
အမျိုးသားတီဘီရောဂါဖြစ်ပွားမှုစစ်တမ်းအရ ကုသမှုခံယူရန် နောက်ကျခဲ့သော ပြင်းထန်တီဘီ
ရောဂါများသည် ဆေးရုံဆေးခန်းများကို လွယ်ကူစွာလက်လှမ်းမီနိုင်သည့် မြို့ပြနေသူထက်
ဆင်ခြေဖုံးဒေသနှင့် ရွှေ့ပြောင်းသွားလာ နေထိုင်သူများတွင် ပိုမိုတွေ့ရှိရသည်ဟု 3MDG က
ထုတ်ပြန်ထားသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ၂ဝ၁၅ ခုနှစ် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏တီဘီရောဂါဖြစ်ပွားမှုနှုန်းမှာ
လူဦးရေတစ်သိန်းတွင် တီဘီလူနာအသစ် ဖြစ်ပွားသူ ၃၆၅ ဦးရှိပြီး သေဆုံးမှုမှာ လူဦးရေ
တစ်သိန်းတွင် ၄၉ ဦးရှိသည်။
















