စင်ကာပူတွင် မြန်မာအိမ်အကူတစ်ဦး ကွန်ဒိုတိုက်ခန်း ၁၈ လွှာက ခုန်ချ၍ အဆုံးစီရင်

စင်ကာပူတွင် မြန်မာအိမ်အကူတစ်ဦး ကွန်ဒိုတိုက်ခန်း ၁၈ လွှာက ခုန်ချ၍ အဆုံးစီရင်

စင်ကာပူနိုင်ငံရှိ အထပ်မြင့်လူနေကွန်ဒိုတိုက်ခန်းတစ်ခန်းတွင် အိမ်အကူအဖြစ် လုပ်ကိုင်နေသည့်
မြန်မာနိုင်ငံသားအမျိုးသမီးတစ်ဦး ကွန်ဒိုတိုက်ခန်း ၁၈ လွှာက ခုန်ချပြီး မိမိကိုယ်ကို အဆုံးစီရင်ခဲ့မှုတစ်ခု
ဇွန် ၁၂ ရက် ည ရနာရီခန့်က ဖြစ်ပွားခဲ့သည်ဟု စင်ကာပူအခြေစိုက် မြန်မာသံရုံးတာဝန်ရှိသူတစ်ဦးက
မြန်မာတိုင်း(မ်)ကို အတည်ပြုပြောသည်။

''ဘာကြောင့် ခုန်ချသတ်သေရတယ်ဆိုတဲ့ အချက်ကို မသိရသေးပါဘူး။ ရဲတွေလည်း အကြောင်းရင်းသိရဖို့
စုံစမ်းစစ်ဆေးနေပါတယ်'' ဟု မြန်မာသံရုံးကောင်စစ်ဝန် တာဝန်ရှိသူက ဇွန်လ ၁၃ ရက်က ပြောသည်။

မိမိကိုယ်ကို အဆုံးစီရင်ခဲ့သူမှာ မဇင်မာဦး (အသက် (၂၅)နှစ်) ရခိုင်ပြည်နယ်နေ မျိုတိုင်းရင်းသူတစ်ဦး
ဖြစ်ကြောင်းနှင့် အလုပ်လုပ်ကိုင်ခွင့်လက်မှတ်ဖြင့် အိန္ဒိယလူမျိုးမိသားစုထံတွင် အိမ်အကူအဖြစ်
တရားဝင်နေထိုင်အလုပ်လုပ်ကိုင်နေသူဖြစ်သည်ဟု မြန်မာသံရုံးတာဝန်ရှိသူက ပြောသည်။

သေဆုံးသူသည် အဆိုပါနေအိမ်တွင် အိမ်အကူအဖြစ် လွန်ခဲ့သည့် ရှစ်လက စတင်အလုပ်လုပ်ကိုင်ခဲ့သူ
တစ်ဦးဖြစ်သည်။

အဆိုပါ ကွန်ဒို၁၈ လွှာအမြင့်က ခုန်ချခဲ့ရာတွင် ကွန်ဒို ၂ လွှာရှိ ရင်ပြင်တစ်ခုပေါ် ကျပြီး ဦးခေါင်း
ထိခိုက်ဒဏ်ရာဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ခြင်းဖြစ်သည်ဟုလည်း အလောင်းကို သွားရောက်
ကြည့်ရှုစစ်ဆေးခွင့်ရခဲ့သူတစ်ဦးက မြန်မာတိုင်း(မ်)ကို ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံသား အိမ်အကူမိန်းကလေးမှာ ကွန်ဒိုတိုက်ပေါ်က မခုန်ချမီ ကယ်ဆယ်ရန်
ကြိုးစားနေသူများနှင့် စကားပြောနေသည့် ဗီဒီယိုမှတ်တမ်းများနှင့် ခုန်ချသတ်သေခဲ့သည့် ဗီဒီယို
မှတ်တမ်းများမှာ ဇွန်လ ၁၃ ရက် နံနက်တွင် ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာတွင်ပျံ့နှံ့နေခဲ့သည်။

လက်ရှိတွင် မြန်မာနိုင်ငံအစိုးရက စင်ကာပူသို့ အိမ်အကူလုပ်သားစေလွှတ်ခြင်းကို ၂ဝ၁၄
ခုနှစ်ကတည်းက ရပ်ဆိုင်းထားသည်။ သို့သော်လည်း ဇွန်လဆန်းအထိ တစ်နေ့လျှင် အိမ်အကူ
အလုပ်လုပ်ရန် အလုပ်သမား ၄ဝ နှင့် ၆ဝ ခန့်အထိ နေ့စဉ်ဝင်ရောက်မှု ရှိနေသည်ဟု စင်ကာပူအခြေစိုက်
ရွှေ့ပြောင်းအလုပ်သမားများအရေး ကူညီဆောင်ရွက်ပေးနေသည့် HOME အဖွဲ့က မခင်လေးက
မြန်မာတိုင်း(မ်)ကို ဇွန် ၁၃ ရက်က ပြောသည်။

စင်ကာပူနိုင်ငံ၏ ဥပဒေများအရ အသက် ၂၃ နှစ်ပြည့်ပြီးသူများသာ အလုပ်လာရောက်လုပ်ကိုင်ခွင့်
ရှိသော်လည်း စင်ကာပူနိုင်ငံသို့ လာရောက်လုပ်ကိုင်နေသည့် အိမ်အကူများတွင် အသက်မပြည့်သေး
သည့် ကလေးငယ်များပါဝင်လျက်ရှိသည်ဟု ၄င်းက ပြောသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းကလည်း အသက် ၁၅ နှစ်အရွယ် မြန်မာအိမ်အကူ အမျိုးသမီးငယ်
တစ်ဦး စင်ကာပူနိုင်ငံရှိ ကိုးလွှာအမြင့်ရှိ တိုက်ခန်းတစ်ခန်းမှ ပြုတ်ကျမှု ဖြစ်ပွားခဲ့သည်။ သို့သော်
တိုက် ခုနစ်လွှာရှိပြတင်းပေါက်တံခါးတွင် ချိတ်ငြိနေသဖြင့် ခါးအရိုးအက်ဒဏ်ရာမျှသာရှိခဲ့ပြီး
အသက်ဘေးမှ လွှတ်မြောက်ခဲ့သည်။

အဆိုပါ မိန်းကလေးငယ်၏ မူလအသက်မှာ ၁၅ နှစ်ခန့်သာ ရှိသော်လည်း နိုင်ငံကူးလက်မှတ်တွင်
အသက် ၂၅ နှစ်ဟု ဖြည့်သွင်းထားပြီး၊ စာရွက်စာတမ်းအထောက်အထားများတွင် ဖြည့်သွင်းထား
သည့် အမည်၊ လူမျိုးနှင့် နေရာလိပ်စာများမှာလည်း မူလအစစ်မှန်များနှင့် များစွာကွဲပြားနေသည်ဟု
အဆိုပါ အိမ်အကူကို မြန်မာပြည်သို့ ကူညီပို့ဆောင်ပေးခဲ့သည့် ံဥနြ အဖွဲ့က မခင်လေးက
ပြောသည်။

အဆိုပါ ကလေးငယ်နှင့် ပတ်သက်ပြီး စေလွှတ်ခဲ့သည့်အေဂျင်စီကို လူကုန်ကူးမှုဖြင့် အရေးယူရန်
အမှုဖွင့်ထားပြီး ပြည်ထဲရေးဝန်ကြီးဌာနက စုံးစမ်းရှာဖွေလျက်ရှိသည်ဟုလည်း အလုပ်သမား၊
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက
ဇွန် ၉ ရက်က ကျင်းပခဲ့သည့် ကလေးလုပ်သားပပျောက်ရေးအခမ်းအနားတစ်ခုတွင် ပြောသည်။

စင်ကာပူတွင် အလုပ်ကိုင်ကိုင်သည့် အိမ်အကူများ၏ လစာမှာ စင်ကာပူဒေါ်လာ ၄၆ဝ မှ ၅ဝဝ
(မြန်မာငွေ ၄၅ဝ,ဝဝဝ ခွဲဝန်းကျင်) ရရှိကြပြီး၊ အလုပ်အကိုင်ရှာဖွေပို့ဆောင်ပေးသည့်
အကျိုးဆောင်ကုမ္ပဏီများကို ဝန်ဆောင်ခအဖြစ် ခုနစ်လစာပေးသွင်းရလေ့ရှိသည်ဟု မခင်လေးက
ပြောသည်။

လက်ရှိတွင် တရားမဝင်စေလွှတ်ခြင်းများကြောင့် စင်ကာပူနိုင်ငံတွင် မြန်မာအိမ်အကူ ၄ဝ,ဝဝဝ
ခန့်အထိ ရှိလာကြောင်းနှင့် အရေးယူမှုအားနည်းခြင်းကြောင့် အသက်လိမ်လည်စေလွှတ်မှုများ
ရှိနေပြီး ကလေးအလုပ်သမားများပါဝင်နေသည်ကို စစ်ဆေးတွေ့ရှိထားသည်ဟု မြန်မာပြည်ပ
အလုပ်အကိုင်ရှာဖွေရေး အကျိုးဆောင်အေဂျင်စီအသင်းချုပ်တာဝန်ရှိသူများက ဆိုထားပြီး
တရားဝင်စေလွှတ်ခွင့်ပြုပါက အလုပ်သမားများအတွက် အပြည့်အဝတာဝန်ယူစေလွှတ်ပေးနိုင်
သည်ဟုလည်း ၄င်းတို့က အစိုးရတာဝန်ရှိသူများထံ တင်ပြတောင်းဆိုနေကြသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး